Tuesday, October 6, 2009

မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ


မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ

“သမုဒ္ဒရာ ရောက် က သောက်မရတော့ချေ”
ကျေးဇူးရှင် ညောင်ပင်ကန် ဆရာတော်ဘုရားကြီး
ဆရာတော်ကြီးက ဘာကို ဆိုတာလဲ အတိအကျ နားမလည်ပေမယ့် သမုဒ္ဒရာ ရောက် က သောက်မရတော့ပါ ဆိုတဲ့ စကားကလေးက စိတ်ထဲ အမြဲစွဲလို့ နေခဲ့ပါတယ်။ ကျွန်တော် ကတော့ သည်လို တွေးကြည့်မိပါတယ်။
မွေးကတည်းက ဆီးနှင်းတောင်ဖျားက တသွင်သွင်စီးခဲ့တဲ့စိမ့်ရေ၊စမ်းရေ စမ်းချောင်းရေ ဘ၀ နဲ့ ချိုမွှေးအေးမြ စီးဆင်းနေခဲ့ရာက အရွယ်ကလေးလဲရောက်ရော၊ ဒလဟော အထိန်းအကွတ်မဲ့ နောက်ကြိစွာစီးဆင်း တဲ့ မြစ်ရေဘ၀ ကို ခံယူလိုက်ကြပါလေရော။ အဲဒီ အချိန်ထိ ချိုနေ ပါသေးတယ်။
အသုံးဝင် နေပါသေးတယ်။အဲ ပင်လယ် ထဲ ရောက်ပြီ ဆိုမှဖြင့် ဘယ်လောက် ချိုတဲ့နေရာကလာလာ၊ ဘယ်လိုပဲ အသုံးဝင်ခဲ့ ၀င်ခဲ့ ဆားငံရေဘ၀ ကို ချက်ခြင်း အသွင် ပြောင်းရောက်သွားကြတာချည့်ပါ။သမုဒ္ဒရာ ရောက် မှဖြင့် ငယ်ငယ် တုန်းက ချိုခဲ့ပါတယ်။လို့ ပြောနေလည်း အပိုပါဘဲ။
မိဘကျေးဇူး ဆိုတာလည်း မိဘတွေ ရှိနေတုန်းသာ စိမ့်ရေ၊ စမ်းရေ ၊ မြစ်ချောင်းရေ ဘ၀ ချိုနေနိုင်တာပါ။ဒါတောင် မိဘအပေါ် ထားနိုင်တဲ့ စိတ်ထားက ချစ်သူရည်းစား ကြင်သူ မရှိ ခင်မှာ စိမ့်ရေ၊စမ်းရေလို ချိုနိုင်ပေမယ့် ကိုယ့်ခြေပေါ်ကိုယ်ရပ် အိမ်ထောင်ခွဲပြီ ဆိုတာနဲ့ မြစ်ရေ လို ဒလဟော နောက်ကျိနေတဲ့ ရေချို မျိုးပါ။ဒါပေမယ့် ဒါလည်း ချိုတော့ချိုနေပါ သေး တယ်။မိဘ ကျေးဇူး ကို ဆပ်ပိုင်ခွင့် ရှိနေပါသေးတယ်။ အဲ မိဘ နှစ်ပါးလုံး ကွယ်လွန်သွားခဲ့ပြီ ဆိုရင်တော့ သမုဒ္ဒရာ ရောက်သွားသလို ဘာဆိုဘာမှ မချိုနိုင်တော့ပါဘူး။
မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ။
မြစ်ရေ လို ချိုကြပါ။
မိဘတွေမရှိတော့မှ၊ သမုဒ္ဒရာ ရောက် တော့မှ၊ ချိုလို့ မရတော့တာကို နောင်တမရမိကြပါစေနဲ့။
မိဘကျေးဇူးဆိုတာ အချိန်တိုင်းနေရာတိုင်း မှာ အမြဲထာဝရ နှလုံးသွင်းရမယ့် တရားပါ။
Aw Lan Mg ရေးသည်။
http://www.dhammaweb.net/ မှကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သားအတွက် စာလေးတစောင်


ဘိုးဘွားရိပ်သာတစ်ခုတွင် တွင်တွေ့ ရသော စာလေးတစ်စောင်ပါ။


သား !

သား...ငယ်ငယ်တုန်းကပေါ့ အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊ ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီတက်အောင်၊နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။

ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။

အဲဒါလေးတွေကို စဉ်စားမိရင် အမေ အတွက် စိတ်မကောင်းဖြစ်ရတယ်။

ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။

ဆက်ပြောရမဲ့ စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီး

သား!

သား...သားမှတ်မိအုံးမလား။

သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတပုဒ်ကိုလေ။
အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။

ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။

သား....... ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ ဖြစ်နေပါပြီ။

သား..... အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။

အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။
ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။
သား နဲ့ တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။

သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊ လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။

သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။


သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။
မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။
မိဘထက် အရေးကြီးတာ မရှိပါဘူး။
ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ အစားထိုးလို့ ရတဲ့ အရာတွေပါ။
မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။
မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ် စောင့်ရှောက်ဖို့  မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့ လို့ ပြောကြားချင်ပါတယ်။


ဘာသာပြန်(moon)


သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ e mail ကပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers