Saturday, October 3, 2009

မီးပုံးလေးတွေ ဖြူပြာဝါနီ


ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုဝါကပ်သည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ “၀ါဆို” နှင့် အဖွင့်အပိတ်ညီစွာ “၀ါကျွတ်” ဟု ရည်ညွှန်းလေ့ ရှိပါသည်။ ပုဂံခေတ်က သီတင်းကျွတ်လကို “သန်တူ” ဟုခေါ်သည်။ “သန္တု” ဟူ၍ ရေးသည်။ ဆရာကြီး ဦးဖိုးလတ်က “သန်” သည် “ကောက်၊ စပါး”၊ “တူ” သည် “ထောင်မတ်သည်” ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သန်တူ” ဆိုသည်မှာ ကောက်စပါးပင်များ ပေါက်ပွား၊ ထွက်ထ၊ ထောင်မတ်လာသောလဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုသည်။
“သီတင်းကျွတ်” ဟူသော အသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှ သုံးကြောင်း၊ “သတင်း” ဟု ရေးလေ့ရှိကြောင်းလည်း သိရသည်။ရဟန်းတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံး သည့်ကာလ ကျွတ်လွှတ်ပြီးမြောက်သည့်လ ဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။”သီတင်းသီလ၊ သီတင်းပတ်၊ သီတင်းသုံး၊ ဥပုသ်သီတင်း၊ သီတင်းသည်” စသည့် အသုံးများနှင့်လည်း ဆက်စပ်နေပါသည်။ “သန္တု” နှင့် ၀ါကျွတ်၊ သီတင်းကျွတ်တို့ စပ်ကူးမပ်ကူး ဖြစ်နေသည့်အသုံးကို “အခါထိမ်းမှတ် သန္တူ ကျွတ်သော်” ဟူ၍ တွေ့ရသည်။ ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် ဖြစ်သည်။ “၀ါကျွတ်သန်ပွဲ၊ သန္တူလဟု၊ မည်ရခေါ်မြေ့၊ ၀ါကျွတ်နေ့တွင်” ဟူ၍ ရေးဖွဲ့ပုံများလည်း ရှိပါသည်။

(၂) သီတင်းကျွတ်လ ဆိုသည်နှင့် “ဆီမီးရောင်ရှိန် ထိန်ဝါလင်း သီတင်းကျွတ်တော့မည်” ဆိုသော သီချင်းသံနှင့်အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်ကို သတိရ တတ်ကြပါသည်။
ဂေါတမ ဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ မယ်တော် သန္တုသိတနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာတွင် လူအပေါင်းက ပူဇော်ကြသည်။ "ဘုရားရှင် ပြန်ကြွလာပုံကို သရုပ်ဖော်သောအားဖြင့် သီတင်းကျွတ်လတွင် မီးမြင်းမိုရ်၍ ပွဲများကို ကျင်းပကြသည်။ မီးထွန်းပွဲများကို ကျင်းပကြသည်။ ကျွမ်းထိုးပွဲ၊ တိုင်တက်ပွဲ၊ လက်ဝှေ့ပွဲများကို ကျင်းပကြသည်" ဟု ဆရာကြီး မင်းသုဝဏ်က မိန့်ဆိုထားသည်။
"ရွှေနန်းတောင်တော်ဦးမှာ၊ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်" ဟု ဖိုးသူတော်ဦးမင်း ဖွဲ့ဆိုခဲ့သည့်အတိုင်း သစ်ဝါးများကို မြင်းမိုရ်တောင်သဏ္ဍန် မြင့်မြင့်မားမား ဆောက်လုပ်၍ မီးထွန်းညှိ ပူဇော်သည့်ပွဲကို မြန်မာမင်းများလက်ထက်က ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ဘုရားရှင် တာဝတိံသာမှ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသက်တော်မူရာတွင် နတ်ဗြဟ္မာများ ခြံရံလိုက်ပါလာကြပုံ၊ လူအများက ပူဇော်ကြပုံတို့ကို အကြောင်းခံလျက် မီးမြင်းမိုရ်ပွဲ ကျင်းပရာတွင် ပွဲလမ်းသဘင်များဖြင့် စည်ကားလျက်ရှိပုံ၊ မန္တလေး နေပြည်တော် မီးမြင်းမိုရ်ပွဲတွင် ပရိသတ် တိုးမပေါက်အောင် စည်ကားပုံတို့ကို ကုန်းဘောင်ဆက် မဟာရာဇ၀င်ကြီးတွင် တွေ့ရသည်။ မီးမြင်းမိုရ်ပွဲကို ကျေးလက်တွင် တာဝတိံသာပွဲဟုလည်း ခေါ်ကြောင်းသိရပါသည်။


(၃) မီးထွန်းပွဲတော်ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပကြသည်။ ဆီမီးခွက်များ ထွန်းညှိကာ "ဆီမီးတစ်ထောင်" စသည်ဖြင့် ပူဇော်သည့်ပွဲ၊ ဖယောင်းတိုင်များ အစီအရီ ထွန်းညှိပူဇော်သည့်ပွဲ၊ မီးပုံးလေးများတွင် ရှေ့မျက်နှာစာမှာ 'ဗုဒ္ဓံပူဇေမိ' စသည့် စာလုံးလေးများ ဖောက်ထားပြီး နောက်က မီးထွန်းထားသော မီးစာလုံးများဖြင့် ပူဇော်သည့်ပွဲ၊ ဦးခေါင်းထောင်လျက် ညွတ်ကာညွတ်ကာ လှုပ်ရှားနေသည့် နဂါးကြီးအသွင် သစ်ဝါးများ ခပ်စိပ်စိပ်တန်းစီ ချိတ်ဆွဲကာ လူများက တန်းစီ ထိန်းကိုင်ပြီး လှည့်လည်၍ မီးနဂါး လှည့်သည့်သဏ္ဍန် ပူဇော်သည့်ပွဲ စသည်ဖြင့် အမျိုးမျိုး တွေ့ရပါသည်။
ယခင်က ရန်ကုန်မီးထွန်းပွဲများလည်း အလွန် စည်ကားပါသည်။ "မီးပုံးလေးတွေ ဖြူပြာဝါနီ ချစ်စရာ ကောင်းလှသည်" ဆိုသည့်အတိုင်း ဖယောင်းတိုင် ထည့်ထွန်းရသော မီးပုံးလေးများမှသည် လျှပ်စစ်မီးလုံး ထည့်ထွန်းရသော အလွန်လှပသည့် ပုံသဏ္ဍန်အမျိုးမျိုး ဖန်တီးထားသည့် မီးပုံးလေးများအထိ အမျိုးမျိုးထွန်းညှိ ပူဇော်ကြသည်။ လမ်းအလိုက်၊ ရပ်ကွက်အလိုက် မီးထွန်းပွဲများ ကျင်းပရာတွင် စတိတ်ရှိုးများ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလှသည်။ မီးထွန်းပွဲတော် ဇာတ်လမ်းအမျိုးမျိုး ရေးကြသည်။
ဇာတ်လမ်းဆို၍ ဆရာသာဓု၏ ၀တ္ထုတိုတစ်ပုဒ် (ချိုးဖြူဟု ထင်ပါသည်) တွင် ဇာတ်ဆောင်တစ်ယောက်ပြောသော စကားတစ်ခွန်းကို သတိရမိပါသည်။ "မီးထွန်းပွဲတော်ရက်မှာ မီးပုံး အနီ၊ အပြာ၊ အ၀ါ၊ အစိမ်း တစ်လုံးစီ အိမ်မှာ ချိတ်ထားပြီး ထိုင်ကြည့်နေရင် ပြီးတာပဲ၊ တစ်မြို့လုံး လျှောက်ကြည့်ရင်လည်း ဒါ့ထက်ပိုမထူးပါဘူး" ဟူသော သဘောမျိုး ပြောသည့်စကားဖြစ်ပါသည်။ "ဟုတ်တော့ဟုတ်သား" ဟူသော အတွေးဖြင့် ပြုံးမိပါသည်။

(၄) ၀ါတွင်းကာလအစဖြစ်သော ၀ါဆိုလပြည့်နေ့သည် ဓမ္မစကြာ အခါတော်နေ့ ဖြစ်သကဲ့သို့ ၀ါတွင်းကာလ အဆုံးဖြစ်သော သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာ အခါတော်နေ့ဖြစ်သည်။ ၀ါတွင်းကာလ၏ နောက်ဆုံးဥပုသ်နေ့ဖြစ်သော သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ပြီး ကုသိုလ် ကောင်းမှုပြုကြသည်။ သက်ကြီးဝါကြီးများ၊ ဆရာ၊ ဆရာမများကို အထူးတလည် ပူဇော်ကန်တော့ကြပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များ ပ၀ါရဏာ ပြုကြရသည်မှာလည်း မှတ်သားဖွယ် အချက်ဖြစ်သည်။ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကာ စုဝေးကြပြီး တစ်ပါးနှင့်တစ်ပါး အပြစ်ကြီးငယ်တို့ကို ညွှန်ပြဆုံးမပါရန် ၀ါစဉ်အလိုက် ပန်ကြားလျှောက်ထားရခြင်း ဖြစ်ပါသည်။
အိမ်ရာတည်ထောင်သည့် ကိစ္စများကို ၀ါတွင်းသုံးလတွင် ထိန်းချုပ်ထားရာက သီတင်းကျွတ်လပြည့် ကျော်သောအခါ ပြန်လည်ဆောင်ရွက်ကြသည်။ သတ္တဘာဂ ဖူးစာရေးနတ်မင်း၏ ရုံးပြန်ဖွင့်ပြီဟု ဆိုကြသည်။ ထိမ်းမြား လက်ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း မင်္ဂလာသတင်းများ ဝေေ၀ဆာဆာ တွေ့ကြရသည်။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာဆောင် စံပယ်ပန်းကုံး ချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေးပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တခမ်းတနား ကြေညာကြသည်။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ပျော်ရွှင် ကြည်နူးဖွယ်ကောင်းသော ကိစ္စပါတည်း။
(၅) "ကြာငါးမည်ကြိုင်သင်းလို့ လျှံဝင်းတဲ့ပြောင်ထိန်" ဟု ဖိုးသူတော် ဦးမင်းစာဖွဲ့သည့်အတိုင်း သီတင်းကျွတ်လ၏ ရာသီပန်းသည် ကြာမျိုးငါးပါးဖြစ်သည်။ ကြာဖြူ ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဍရိက်)၊ ကြာခေါင်းလောင်း (ကြာပဒုမ္မာ) တို့ဖြစ်သည်။ "ရာသီတူခွင်၊ ရေပြင်လှတင့်၊ ကြာမျိုးပွင့်၍၊ မြတ်ကျင့်ခေါင်ထွတ်၊ သီတင်းကျွတ်ကား" ဟူ၍ ဦးအောင်ကြီး၏ လူးတားတွင် ဖွဲ့ဆိုသည့်အတိုင်း တူရာသီ၊ သီတင်းကျွတ်လတွင်၊ ရေပြင်ထက်၌ ကြာမျိုးငါးပါးဖြင့် တင့်တယ်နေပုံကို မြင်ယောင်ကြည့်နိုင်ပါသည်။ ရေနှင့်ကြာ၊ ကြာနှင့်ရေ အပြန်အလှန် ကျေးဇူးပြုနေပုံ၊ ကြာရှိမှ ရေကန်တင့်တယ်ပုံ၊ ရေမြင့်မှ ကြာတင့်တယ်ပုံတို့ကို ဥပမာပြု၍ စာဖွဲ့လေ့ ရှိကြသည်။ "နတ်တို့ ဖန်ရေကန်အသင့် ကြာအသင့်"၊ "ရေမနောက် ကြာမလျှောက်"၊ "ရေမြင့် ကြာတင့်"၊"အိုင်သာလို့ ကြာပေါက်" သည့် စကားပုံများကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ လရောင်ဖြင့် ပွင့်ရသော ကုမုဒြာကြာနှင့် နေရောင်ဖြင့်ပွင့်ရသော ပဒုမ္မာကြာတို့၏ သဘာဝကိုလည်း စာပေများတွင် ဥပမာပြု၍ ရေးဖွဲ့လေ့ရှိကြသည်။
ခေတ်စမ်း ကဗျာစာဆို ဒေါ်ခင်စောမူ၏ "လိပ်ပြာနှင့် ကြာကုမုဒ်" ဆိုသော ကဗျာ၌ နေ့အချိန်တွင် နိုးကြားနေပြီး ညရောက်လျှင် အိပ်ပျော်သွားသော လိပ်ပြာလေးနှင့် ညရောက်မှ လရောင်ဖြင့် ပွင့်ရသော ကုမုဒြာကြာပွင့်လေးတို့ ချစ်သူချင်း မဆုံစည်းနိုင်ကြပုံ၊ တစ်နေ့တွင် ပဒုမ္မာကြာပွင့်က နတ်သမီးလေး အရောင်အ၀ါဖြင့် ထွက်လာရာ လရောင်ဟုထင်ပြီး ကုမုဒြာကြာပွင့်လေး ငုံရာက ပွင့်လာသည့်အတွက် လိပ်ပြာလေးနှင့် ဖူးစာဆုံရပုံကို လှလှပပ ရေးဖွဲ့ထားပါသည်။ အကျိုးဆောင်ပေးသော ပဒုမ္မာကြာနတ်သမီးလေး အကြောင်းကို ဆက်စပ်သတိရမိခြင်း ဖြစ်ပါသည်။
ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း သီတင်းကျွတ်လရာသီသည် တူရာသီ ဖြစ်သည်။ "တူ" သည် "တုလာ" (ချိန်ခွင်) ဟူသော ပါဋ္ဌိစကားမှ ဆင်းသက်သည်။ ချိန်ခွင်ကိုင်စွဲသော ယောကျာ်းသဏ္ဍန်ဟု အမှတ်အသား ပြုကြသည်။ ချိန်ခွင်ကိုင်စွဲသော ဈေးသည်၊ ကုန်သည်တို့ ကြိုက်နှစ်သက်သော ရာသီဟုလည်း ဖွင့်ဆိုကြသည်။ လနှင့်ယှဉ်သော စန်းယှဉ်နက္ခတ်မှာ အဿဝဏီနက္ခတ်ဖြစ်သည်။ သုံးလုံး-မြင်းခေါင်းသဏ္ဍန်၊ ခြောက်လုံး-မြင်းခေါင်းသဏ္ဍန်ဟူ၍ အဿဝဏီနက္ခတ်ကို သရုပ်ဖော်ကြသည်။ လူဦးမင်း၏ သီတင်းကျွတ်လဘွဲ့လေးချိုးတွင် "တူရာသီဝယ်၊ သ၀ဏီငှက်၊ ကြယ်န၀ရတ်နှင့် နတ်ယန္တရား၊ ယုန်ရထားလည်း၊ မမှားငယ်ထွက်ချိန်၊ ပြက္ခဒိန်ဝယ်၊ နှစ်သိန်ရည်တူ၊ ပြိုင်းမင်းမူလို့" ဟု ဖွဲ့ထားပါသည်။
(၆) ယောမင်းကြီး ဦးဖိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင် "တော်သလင်း သီတင်းကျွတ်နှစ်လသည် သရဒဥတုမည်၏။ လောကသည်ပူ၏။ ကောင်းကင်၌ အညစ်ကြေးကင်း၏ ၊ ဖြူစင်၏ ၊ အိုင်၊ အင်း ၊ မြစ်ကမ်းတို့သည် ပေါ်ကုန်၏။ ဟင်္သာအစရှိသော ငှက်တို့ဖြင့် ပြည့်ကုန်၏။" စသည်ဖြင့် သာယာကြည်လင်သော သဘာဝပတ်ဝန်းကျင် မြင်ကွင်းကို ဖော်ပြထားပါသည်။
သီတင်းကျွတ်လသည် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီဝင်လုဆဲဖြစ်၍ "မိုးစဲလေသာ" "မိုးစဲလင်းပွင့်" ရာသီဖြစ်သည်။ ပတ်ဝန်းကျင် သာယာကြည်လင်သည်။ မိုးကုန်ခါနီး "ပလ္လင်ဆေးမိုး" ခေါ် မိုးကြီး သွန်းဖြိုးသည့်အတွက် ဘုရားကျောင်းကန်များရှိ သင်ပုတ်ပလ္လင်များ၌ တင်ကျန်နေသော ဆွမ်းအညစ်အကြေးများအားလုံး သန့်ရှင်းစင်ကြယ်သွားသည်။ ၀ါလကင်းလွတ်ချိန်တွင် မိုးမင်းက ပလ္လင်ဆေးမိုးဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည် ဟုဆိုနိုင်ပါသည်။
“သီတင်းကျွတ်ပြီလေ၊ သီတင်းကျွတ်ပြီလေ၊ သီတင်းကျွတ်ချိန်မှာလေ” ဟူသော ပျောရွင်တက်ကြွသည့် တေးသံများ ပတ်ဝန်းကျင်တွင်
ဝေေ၀စည်စည် ပေါ်ထွက်နေပါသည်။


မောင်ခင်မင်(ဓနုဖြူ)

http://www.perfectmagazineonline.com/ မှ

0 comments:

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers