Monday, May 11, 2015

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၄ )

ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၄ )

ရေးသားသူ - Snow Flake

ခဏနေတော့နားထဲသို့ ငြိမ့်ညောင်းသော ဂီတာသံကလေးစီးမြော၀င်လာသည်။ ညင်သာသော ဂီတာသံ၏ ဆွဲဆောင်အားကြောင့် တစ်ဆိုင်လုံးလည်း တိတ်ဆိတ်သွား၏။ အဆိုတော် မီမီ၀င်းဖေ၏ ပန်းချစ်သူ သီချင်း… ဝါရင့် အနုပညာရှင် တစ်ယောက် သီဆိုနေသော တေးတစ်ပုဒ်အလား ကြည်လင်ချိုရှသော သီချင်းသံကိုပါ ကြားလိုက် ရသည်။ မူးနောက်ရီ၀ေနေသော စိတ်အစဉ်တို့က သီချင်းသံကို နားစွင့်မိ၏။

“ ပန်းချစ်သူ သူ့လက်နဲ့ကွယ်.. ခူးဆွတ်ဘို့ စိုးရွံ့ လို့ နေတယ်…”

ဘာလို့များ သည်လို အချိန်မှာ သည်သီချင်းကို ကြားမိနေရတာလည်း။ ကိုယ်တိုင် ခူးဆွတ်ဘို့ မရဲခဲ့သော ပန်းတစ်ပွင့်ကဖြင့် ခုချိန်ဆို တစ်ပါးသူရင်ခွင်မှာ။ လိုအပ်တာထက်ပို၍ အကဲဆတ် နေသော နှလုံးသားကြောင့် သာယာသောသီချင်းသံကို မဆီမဆိုင်ဒေါသထွက်မိ၏။ 

လက်ထဲမှ သောက်လက်စ ဖန်ခွက်ကို ဆွဲကာ အခန်းအပြင်ထွက်လာခဲ့သည်။ စင်မြင့်ထက်တွင် ဂီတာတီးရင်း သီချင်းဆိုနေသော မိန်းကလေးကို လှမ်းကြည့်လိုက်၏။ ထိုင်ခုံလေးပေါ်တွင် ငြိမ်သက်စွာထိုင်ရင်း သီဆို တီးခတ် နေပုံက တကယ့် အဆိုတော်တစ်ဦးပမာ။ 

တကယ်ဆို သည်သီချင်းက အတီးထက် အဆိုကို ဦးစားပေးသော သံစဉ်မျိုးပဲ.. သူမ အသံက ငြိမ်သက် ချိုကြည်သော အသံမျိုးမို့သည်သီချင်းကို ရွေးတာဖြစ်မည်။ 

ပထမဆုံး အနေနှင့် ပရိတ်သတ်ကို ဖမ်းစားနိုင်အောင် သူမ ရွေးချယ်ခြင်းပင်။ အစောပိုင်းက တစ်ယောက်တစ်ပေါက်နှင့် စကားကောင်းနေကြသော စားသောက်ခန်းမ တစ်ခုလုံး၏ အာရုံက သူမထံတွင် စုရုံးရောက်ရှိနေကြ၏။သီချင်း၏ သံစဉ်အနိမ့်အမြင့်ကို ကောင်းစွာ သီဆိုနိုင်ရုံမျှမက ဖြူသွယ်သော လက်ချောင်းလေးများ က လည်း ဂီတာနှင့် အကျွမ်းတ၀င် ရှိလွန်းလှသည်။ မျက်လုံးကလေးများကတော့ ပရိတ်သတ်ကို လုံး၀ ကြည့်မနေပါ။ 

ဤသည်ကပင် စင်ပေါ်ရောက်ကာစ အနုပညာရှင်တို ့၏ စိတ်လှုပ်ရှားမှုကို ရှောင်လွှဲနည်း တစ်မျိုး မဟုတ်ပါလား။ သူမ ဘယ်သူပါလိမ့်။ သည်ဆိုင်တွင် အလုပ်၀င်ရခြင်း အကြောင်းရင်းကကော ဘာများပါလိမ့်။ ဘာရယ်မဟုတ် ၀င်လာသော အတွေးတို ့က ဉာဏ်လင်းညို ရင်တွင်းမှ သောက ၀ေဒနာအချို့ကို တဒင်္ဂ အားဖြင့် မေ့သွားတာတော့ သေချာပါသည်။ ထိုစဉ် မျိုးအောင် အနားသို့ ရောက်လာပြီး..

“ မဆိုးဘူးနော် အကို… ”

“ အွန်းးး…”

“ အဖေ မရှိတော့ဘူးလို့ပြောတယ်.. အ၀ေးသင် နောက်ဆုံးနှစ် ကျောင်းသူတဲ့.. အရင်က အထည်ချုပ် စက်ရုံမှာ လုပ်တယ်ပြောတာပဲ… ”

“ ဘယ်သူ့ အဆက်သွယ်နဲ့ လာတာတဲ့လည်း… ”

“ တလောက ဂီတာသမားလိုလို့ ဂျာနယ်ကနေ ကြော်ငြာထည့်လိုက်တာလေ… အကို့ကို ပြောသေးတယ်.. အကို မေ့လို့ နေမယ်… ”

“ အော်.. ပြီးခဲ့တဲ့ လ က… အွန်းး သိပြီ… မဆိုးပါဘူး… စည်းကမ်းတွေတော့ သေချာပြောထားကွာ… ပုံစံကြည့်ရတာ သိပ်စိမ်းပုံ မရဘူး… ”

“ ဟုတ်ကဲ့ပါ အကို… စကားပြောတာ အေးအေးဆေးဆေးပါပဲ… သီချင်းဆိုတာကို ငယ်ငယ် ကတည်းက ဝါသနာပါတယ် ပြောတယ်… ”

“ ငါ့ အထင်တော့ ဝါသနာရှင် အဆင့် မကဘူးလေ… ထားပါ.. ဒါက သူ့အပိုင်းပေါ့… စည်းကမ်း ပိုင်းတော့ ပြောထား… ”

“ ဟုတ်… စိတ်ချပါ.. ဟိုတစ်ယောက်လည်း တော်တယ်အကိုရ.. ဦးတင့်ဆွေ ခေါ်လာတဲ့ ကောင်မလေးလေ… သူကသည်နေ့ နားရက်မို့လို့…”

“ အွန်းး အဆင်ပြေရင် ပြီးတာပါပဲ…”

နှစ်ယောက်သား စကားလည်း အပြီး သီချင်းသံလည်း အဆုံး။ တခဲနက် အားပေးလက်ခုပ်သံများနှင့် အတူ စင်အောက်သို့သူမ ဆင်းလာနေ၏။ သူရှေ့မှ ခေါင်းလေးငုံ့ကာ ဖြတ်လျှောက်လိုက်စဉ်.. ကိုမျိုးအောင်က လှမ်းခေါ်မည်ပြုရာ..

“ နေ နေ.. သွားပစေ… ငါဘာမှ ပြောစရာ မရှိဘူး… မင်းဘာသာ ကြည့်လုပ်လိုက်… ”

ပြောပြောဆိုဆို အခန်းထဲပြန်၀င်ကာ နောက်တစ်ခွက် ငှဲ့.. ဆုံးရှုံးပြီးသော ချစ်သူဆီသို့အတွေးက တဖန်ပြန်ရောက်။ မူးနောက် ချာလည်နေအောင် သောက်ပြီး မည်သို့မည်ပုံ အိပ်ယာထဲ ရောက်သွားမှန်းပင် မသိလိုက်။ 

ထူးဆန်းသည်က အိပ်မက်ထဲတွင် စင်ပေါ်မှာ သီချင်းဆိုနေသည့် မိန်းကလေး.. အနားသို့သွားကြည့်လိုက်တော့ နွယ် ဖြစ်နေသည်။ သူ လှမ်းခေါ်လိုက်သော်လည်း ပြန်မထူးချေ။ နွယ် စိတ်ကောက်နေပြန်တာလား.. သူ သည်ကိုလာတာ နွယ်မှ မကြိုက်တာလေ။ 

ဒါဆို နွယ်က ဘာလို့သည်မှာ သီချင်း လာဆိုနေတာလည်း။ အာာ မဟုတ်သေးပါဘူး။ စဉ်းစားလေ ခေါင်းထဲက တစ်ဆစ်ဆစ် ကိုက်လာလေ ဖြစ်နေသည်။ တနွယ်နွယ်နှင့် အော်ခေါ်ရလွန်း၍ လည်ချောင်း များလည်း ခြောက်ကပ်နေ၏။ ရေ… ရေ တစ်ခွက်ပေးကြပါ။

စိတ်မှ တမ်းတ လိုက်သောကြောင့်လား ခုံပေါ်တွင် ထိုင်ကာ သီချင်းဆိုနေသော နွယ် ထ လာပြီး သူ့ထံသို့ရေတစ်ခွက် ကမ်းပေးသည်။ သူ လှမ်းယူရင်း မျက်နှာလေးကို သေသေချာချာ စိုက်ကြည့်မိတော့ သူမက နွယ် မဟုတ်ပြန်။ ရေကမ်းပေးကာ ခေါင်းလေး ငုံ့ရပ်နေသော သူမ… မျက်နှာကို သဲသဲ ကွဲကွဲ မမြင်ရသော်လည်း သူမ နွယ်မဟုတ်တာ သေချာပါ၏။ ငုံ့ထားသည့် ခေါင်းလေးပေါ်တွင် စိန်ပွင့်လေးများ.. အော.. သီချင်းဆိုတဲ့ကောင်မလေးပဲ။

“ မင်း ဘယ် သူ လည်း…”

“ ……”

“ ငါမေးနေတယ်လေ ကွာ… မင်း ဘယ်သူလည်းလို့…”

“ အကို… အကို့ ကျနော်ပါ မျိုးအောင်လေ… အကို ရေတောင်းနေလို့ ကျနော် ခပ်လာတာ… သည်မှာ…”

“ …….”

“ သည်မှာ အကို… ရေ…”

“ အွန်… အေး အေး….”

ကမ်းပေးလာသော ရေကို အငမ်းမရသောက်ချလိုက်သည်။ ကိုယ်ထဲကစိမ့်ကနဲ အေးသွား၏။ ရေ၏ အအေးဓါတ်ကြောင့်တော့ မဟုတ်။တဆစ်ဆစ်ကိုက်ခဲနေသော ခေါင်းနှင့် ရှိန်းတိန်းတိန်းဖြစ်နေသော ခန္ဓာကိုယ်ကြောင့် အဖျား၀င်ပြီမှန်း သိလိုက်ရသည်။ အချစ်ဖျား အလွမ်းဖျား ထင်ပါရဲ့.. ကိုယ့်အတွေး နှင့်ကိုယ် မဲ့ပြုံး ပြုံးလိုက်မိသည်။

“ ဘယ်ချိန်ရှိပြီလည်း…”

“ ၁၀ နာရီကျော်ပြီအကို… အကို ကုမ္မဏီ သွားဦးမှာလား…”

“ သည်နေ ့က ဆိုဒ်ထဲ သွားမှာ… မင်းတို့ကောင်တွေ ငါ့ နည်းနည်းပါးပါး လာမနှိုးကြဘူး…”

“ အခု နှိုးဘို့၀င်လာတာ အကိုရ… ဟီးဟီး…”

“ ကားထဲ ဆီဖြည့်ထားလိုက်.. ငါရေချိုးဦးမယ်…”

“ စားဘို့ ဘာလုပ်ခိုင်းလိုက်ရမလည်း အကို…”

“ နေတော့ နောက်ကျနေပြီ… ငါညနေပြန်လာမှာနော်.. သည်ရက်ထဲ သည်မှာပဲ ခဏနေဖြစ်မယ်…”

“ ဟားး ကောင်းတာပေါ့ အကိုရ.. အကို ကျနော်တို ့ကို ပစ်ထားတာကြာနေပြီ… ”

“ အွန်းး… ကဲကဲ ရေချိုးဦးမယ်…”

“ ဟုတ် ဟုတ် အကို.. ကျနော် ကားဆီဖြည့်ထားလိုက်မယ်…”

လူက ညီးစီစီဖြစ်နေ၍သာ ရေချိုးမိသော်လည်း ကိုယ်ထဲက ချမ်းစိမ့်စိမ့်ဒဏ်က ပိုလာ၏။ ခုလိုချိန်မျိုးမှာ ကြင်နာသူ၏ ပြုစုယုယမှုလေးများကို ခံယူခွင့် ရချင်မိသည်။ မတန်မရာ အတွေးများလားတော့ မသိပါ။ လုပ်စရာရှိတာ ခပ်သွက်သွက်လုပ်ပြီး ဆောက်လက်စ လုပ်ငန်းခွင်သို့တန်းထွက်လာခဲ့သည်။ 

ဆိုဒ်ထဲရောက်မှ စားစရာ တစ်ခုခု ၀ယ်ခိုင်းပြီး စားလည်းစား ဆေးလည်းသောက်ပေါ့လေ။ သည်လိုနေလာခဲ့တာ နှစ်ပေါင်း (၃၀) နီးပါးရှိနေပြီပဲ။ အ၀တ်အစားလဲပြီး ကားပေါ်တက်.. ဆိုဒ််ထဲရောက်လို ့ အလုပ်ကို စိတ်နှစ်လိုက်တော့လည်း အားလုံးနီးပါးကို မေ့သွားသည်ပဲ။

.............................................................................................

အခန်း ( ၆ )

မနေ့က တစ်နေ့လုံးနှင့် တစ်ညလုံး ပင်ပန်းလွန်းသောကြောင့် ငုဝါ သည်မနက် အိပ်ယာ နိုးချိန် အတော်လေး နောက်ကျ သွားသည်။ အသိအာရုံတို့ နိုးထလာသော်လည်း မျက်လုံးကို မဖွင့်မိသေး။ စိတ်ကူးထဲတွင် မနေ့ညက တေးကမ္ဘာဆိုင်မှ မြင်ကွင်းတို့၀င်လာပြန်သည်။ 

လွန်ခဲ့သော လ အနည်းငယ်က အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့သော ငုဝါ.. ခုတော့ မေမေ့ကျန်းမာ ရေးကြောင့် ၀င်ငွေပိုကောင်းသည့် အလုပ်ကို ပြောင်းရသည်ပေါ့။ ပညာတပိုင်းတစ နှင့်မို့လစာ ကောင်းကောင်း အလုပ်တစ်ခုရရန် သိပ်မလွယ်ပါ။ 

ချို့တဲ့လှသည် မဟုတ်သော်လည်း နာတာရှည် ရောဂါသည် တစ်ဦးဖြစ်သော မေမေ့ ဆေးဘိုးက ငုဝါတို ့ သားအဖ နှစ်ဦးလုံး၏ ၀င်ငွေကို အိမ်တွင် ကြာကြာ ထားခွင့် မပေးခဲ့။ 

သည်ကြားထဲ ဖေဖေ ရုတ်တရက်ကြီး ကားအက်ဆီးဒင့်ကြောင့် ဆုံးပါးသွားခဲ့ရာ မေမေ့ ကျန်းမာရေး မိမိပညာရေး အားလုံးက ငုဝါတစ်ယောက်တည်း အပေါ်တွင် တည်မှီခဲ့သည်ပေါ့။ အမေနှင့် သမီးနှစ်ယောက်တည်းရှိသော ဘ၀တွင် မေမေ့ကို ငုဝါ မည်သို့မျှ ဆုံးရှုံး မခံနိုင်ပါ။ ဖေဖေ ဆုံးသွားတော့မှ ပိုကြောက်မိသည်။ ခုနေများ မေမေရုတ်တရက်ကြီး တစ်ခုခု ဖြစ်သွားခဲ့လျှင်။

အထည်ချုပ်စက်ရုံမှ လစာလေးက သားအမိနှစ်ယောက် စားလို့လောက်ရန်တောင် အနိုင်နိုင်.. အိမ်လခနှင့် မေမေ့ဆေးဘိုးအကြောင်း ထည့်တွေးမိတိုင်း ငုဝါ ရင်မောခဲ့ရပါသည်။ ထို့ကြောင့်ပင် အလုပ်ပြောင်းရန် ဆုံးဖြတ်ပြီးချိန် ဂျာနယ်တစ်ခုကို ဖတ်မိတော့ တေးကမ္ဘာဆိုင်က အလုပ်ခေါ် ကြော်ငြာ တွေ့လိုက်ရသည်။ 

စက်ရုံမှ လူကြီး အချို ့ပြောသံကြားဘူး၍ လူကုံတန်အသိုင်းအ၀ိုင်း ကြားတွင် နံမည် သတင်းကြီးသော နေရာတစ်ခုအဖြစ် သူမ သိထားသည်မှာ ကြာပြီလေ။ လုပ်ရမည့် အလုပ်ကလည်း ဂီတာတီးခတ်သူဆိုတော့ ငုဝါ အမှန်ပင် စိတ်၀င်စားမိသည်ပေါ့။ ၀င်ငွေအားဖြင့် ကြည့်လျှင်လည်း ပုံမှန်လစာ အပြင် အခြားခံစားခွင့်များရှိသေးသည်။ ညဘက် အပြန်အတွက်လည်း ဖယ်ရီကား စီစဉ်ပေးမည်ဖြစ်ကြောင်း ကြော်ငြာတွင် ဖော်ပြထား၏။ သူတို့လိုအပ်သည်ကတော့ ဂီတာတီး ကျွမ်းကျင်သူ အမျိုးသားဟု ဆိုထားသည်။

ငုဝါ စိတ်ထင်တော့ ဂီတာတီးသည့် အလုပ်မှာ ကျားရယ် မရယ် ခွဲနေဘို့မှ မလိုတာ။ ဂီတပညာတွင် ပါရမီ ရှိခဲ့၍လား သို့မဟုတ် အနုပညာ ဗီဇရှိသော ဖေဖေ့သွေးကြောင့်လား.. သူမ ငယ်စဉ်ကတည်းက သီချင်းများနှင့် မစိမ်းခဲ့ပါ။ 

ညနေခင်း မိသားစု အပန်းဖြေချိန်ကလေးများတွင် အဖေ့ထံမှ ဂီတပညာ အမွေကို သူမ ရခဲ့သည်။ ဝါသနာ ကြီးမားလွန်းသောကြောင့် နှစ်သက် မြတ်နိုးစွာ သင်ယူခဲ့သော အတတ်ပညာ ဖြစ်သော်လည်း သည်ပညာဖြင့် အသက်မွေးခွင့် ရလိမ့်မည် ဟုတော့ ငုဝါ မတွေးခဲ့ဘူးပါ။ မိမိ တတ်ကျွမ်းသော ပညာလေးနှင့် မေမေ့အတွက် ဟူသော စေတနာလေးကို အားကိုးကာ သည် အလုပ်ကို လျှောက်ကြည့်ရန် သူမ ဆုံးဖြတ်ခဲ့၏။

ထိုဆိုင်တွင် အလုပ်လျှောက်မည်ဟု ပြောဖြစ်တော့ မေမေနှင့် ရင်းနှီးသော သူငယ်ချင်း အချို ့က တားကြသည်။ အနေအေးသော မိမိကို ညဘက် ယမကာဆိုင်တွင် ယောကျ်ားတကာရှေ့သီဆို ဖျော်ဖြေရသော အလုပ်ကို မလုပ်စေချင်ကြ။ 

မိခင်၏ စိုးရိမ်စိတ်နှင့် သူငယ်ချင်းများ၏ စေတနာကို နားလည်ပါသော်လည်း ကိုယ့်၀မ်းနာ ကိုယ်သာ သိသည်ကိုး။ နောက်တစ်ခု ငုဝါ ယူဆမိသည်က သည်နေရာမှာ သည်အလုပ် လုပ်သော မိန်းကလေးတိုင်းလည်း ပျက်စီးနေကြသည်မှ မဟုတ်ဘဲလေ။ 

ငယ်စဉ်ကတည်းက မိဘ နှစ်ပါး၏ ဆိုဆုံးမမှုနှင့် ဖတ်ခဲ့မှတ်ခဲ့သော အသိအလိမ္မာ စာပေများကြောင့် ငုဝါ လူ မချမ်းသာသော်လည်း ကိုယ်ကျင့်တရား မဆင်းရဲခဲ့ပါ။ မိမိခွန်အားကြောင့်ရသည့် သန့်ရှင်းသော ၀င်ငွေမှ လွဲ၍လည်း အခြား မမျှော်လင့်ခဲ့ပါ။

မိမိခန္ဓာကိုယ်နှင့်ရင်းကာ စီးပွားရှာရ လောက်သည့် အခြေအနေထိလည်း ရောက်သွား နိုင်မည် မထင်ပါ။ ဖခင် တိမ်းပါးသွားသည်နှင့် ဘ၀ပျက်သွားသည်ဟု ဖြစ်ရလောက်အောင်လည်း မမိုက်မဲပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့် ထားကာ တေးကမ္ဘာ ဆိုင်သို ့ ငုဝါရောက်ခဲ့ပါသည်။

“ ညီမနာမည် ငုဝါ နော်…”

“ ဟုတ်…”

“ အရင်က ဘာလုပ်လည်း…”

“ အထည်ချုပ်မှာ လုပ်ပါတယ်…”

“ သီချင်းနဲ့ ပါတ်သက်တဲ့ အတွေ့အကြုံ ဘာရှိလည်း…”

“ အဲ့လို အတွေ့အကြုံတော့ မရှိပါဘူးရှင့်.. ဒါပေမယ့် ငု လုပ်နိုင်ပါတယ်.. အထူးသဖြင့် ဂီတာကို ငု ကောင်းကောင်း ကျွမ်းကျင်ပါတယ်…”

“ မိဘ အုပ်ထိန်းသူတွေကကော သဘောတူကြလား.. အကိုတို ့ဆီမှာက အုပ်ထိန်းသူ ရှိတဲ့ မိန်းကလေးဆိုရင် ခွင့်ပြုချက် ယူတယ်ကွ…”

“ ငုမှာ အဖေမရှိတော့ပါဘူး.. မေမေနဲ့ နှစ်ယောက်ထဲ နေတာပါ.. တကယ်လို့ မေမေ့ဆီက ထောက်ခံစာမျိုး လိုရင်တော့ နောက်တစ်ရက် ယူလာပေးပါ့မယ်.. လူကိုယ်တိုင် ခေါ်လာ ပြရတာ မျိုးတော့ မလွယ်ပါဘူး… ”

အမေ့ကို ခေါ်မလာနိုင်လို့ သည်အလုပ် မရလည်း နောက်တစ်ခု ရှာရုံပေါ့လေ။ ကျမအမေ နေမကောင်းပါ ဆေးကုစားရိတ်ကြီးမားသော နာတာရှည်ရောဂါသည်ပါ ဟူ၍တော့ ငုဝါ မပြောချင်။မိမိ ကိုယ်ရေးကိုယ်တာ အားနည်းချက်အပေါ် ဂရုဏာသက်ခြင်းမျိုး မလိုချင်သလို မိမိ အရည်ချင်းနှင့် မသက်ဆိုင်သော အခွင့်အရေးမျိုးလည်း မမျှော်လင့်ပါ။ ဒါက သူမ ငယ်စဉ်ကတည်းက အသည်းထဲ စွဲအောင် ဖေဖေ ရိုက်သွင်း ပေးခ့ဲသော ဆင်းရဲသားတို့မာန ဖြစ်ကောင်း ဖြစ်မည် ထင်ပါသည်။

“ ဟုတ်ပါပြီဗျာ… ဒါနဲ့ငါ့ညီမက အတီး သက်သက်ပဲလား.. လိုအပ်လို့ဆိုပေးရမယ် ဆိုရင်ကော ဆိုနိုင်လား.. သည်မှာက အာ့လိုတောင်းဆိုတာမျိုးတွေ ရှိတတ်တယ်ကွ…”

“ ဟုတ်… ဆိုနိုင်မယ် ထင်ပါတယ် အကို… အမှန်ပြောရရင် ငု မှာ အတွေ့အကြုံတော့ လုံး၀ မရှိပါဘူး… ဒါပေမယ့် ငု လုပ်နိုင်မှာ သေချာပါတယ်…”

မိမိကို လူတွေ ့စစ်ဆေး မေးမြန်းမှုများ ဆိုင်မှ သတ်မှတ်သည့် စည်းကမ်းချက်များ ၀န်ထမ်း တစ်ယောက် အနေနှင့် ခံစားခွင့်ရှိသည့် ရပိုင်ခွင့်များကို သိရပြီးချိန်တွင် ဤနေရာ ဤဆိုင်သည် ထင်ထား သည်ထက် အများကြီး အဆင့်အတန်းရှိသော နေရာတစ်ခုဟု သူမ မြင်မိခံစားမိ လိုက်သည်။

မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ပါလျှင် လုံခြုံမှု အပြည့်ရှိသော နေရာဟုလည်း ယုံကြည် လိုက်မိ၏။

ဤသို ့အတွေးနှင့် လက်ရှိလုပ်ကိုင်နေသော အထည်ချုပ်စက်ရုံမှ နှုတ်ထွက်ကာ တေးကမ္ဘာ၏ ၀န်ထမ်းဖြစ်ခဲ့သည်။ ပထမဦးဆုံးနေ ့မှာပင် ငုဝါ ကောင်းကောင်း လုပ်နိုင်ခဲ့ပါသည်။ ညနေစောင်း မှောင်ရီပျိုးကတည်းက သူမ ရောက်နေခဲ့သည်။ တီး၀ိုင်းခေါင်းဆောင် ဆိုသူထံတွင် သူတီးခိုင်းသော သီချင်းများ တီးပြရ၏။

အနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း တေးဂီတတွင် စီးမြောနစ်၀င်မိသည်နှင့် အရာရာကို သူမ မေ့သွားသည်။ စစ်ဆေးမှုအောင်မြင်သွားတော့ ဆိုင်တာ၀န်ခံဆိုသူက ထိုညပင် အလုပ် စ ၀င်နိုင်ပါက ၀င်ရန်ပြော၏။ အိမ်တွင်လည်း မေမေ့ကို ခွင့်တောင်းခဲ့ပြီးဖြစ်၍ သူမ ခေါင်းငြိမ့် လိုက်ပါသည်။ 

ညချမ်း အချိန်ရောက်သည်နှင့် ဧည့်သည်များ တဖွဲဖွဲရောက်လာကြသည်။ အမျိုးသမီးများနှင့် မိသားစုလိုက် လာရောက်သောသူများလည်းရှိ၏။ ဆိုင်ရှိ ၀န်ထမ်းများကလည်း ရည်မွန်ဖော်ရွေပုံ ရကြပါသည်။ မိန်းကလေး ၀န်ထမ်း အသစ်မို ့ ကွက်ကြည့်ကွက်ကြည့် လုပ်ကြတာ လောက်တော့ ရှိသည်ပေါ့လေ။ နေရာဒေသ အသိုင်းအ၀ိုင်း အသစ်မို ့ ငုဝါ စိတ်ကျဉ်းကျပ် မိသည်ကိုတော့ မငြင်းလိုပါ။ 

တီး၀ိုင်းနဘေးတွင် တန်းစီချထားသော ခုံလေးများ အနက်မှ တစ်ခုံတွင် ၀င်ထိုင်ရင်း မိမိကို တစ်ခုခုခိုင်းမည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။အခြားသော အဆိုရှင် မိန်းကလေးများ ခေတ်မှီလှပသော ၀တ်စားဆင်ယင်မှုများဖြင့် အလျှိုအလျှို ၀င်ရောက်လာကြသည်။ အနီးရှိအခန်းထဲ၀င်ကာ အ၀တ်အစား လဲလှယ် ၀တ်ဆင်ကြသူများလည်း ရှိ၏။ 

ဆိုင်တာ၀န်ခံက သူမကို အခြားမိန်းကလေးများနှင့် မိတ်ဆက်ပေးကာ သက်တောင့်သက်သာ နေနိုင်ကြောင်း.. ထိုသီးသန် ့ခန်းတွင် ၀င်ရောက် နားနေနိုင်ကြောင်းပြောပါသည်။ အချင်းချင်း အုပ်စုဖွဲ ့ ကာအပြိုင်အဆိုင် ပြင်ဆင်နေကြသော မိန်းကလေး တစ်စုကတော့ သူမနှင့် မိတ်ဆက်စကား ပြောပြီးသည့်အချိန်မှ စ ၍ အနားမှ ထွက်သွားကြကာ သူမကို ခေါ်မည့်သူတောင် မရှိပါ။ 

စကားကြော အနည်းငယ် ရှည်တတ်ပုံရသော တီး၀ိုင်းခေါင်းဆောင် ကိုမင်းမင်း ဆိုသူ၏ ပြောပုံအရ သည်ဆိုင်တွင် ၀န်ထမ်း အဆိုရှင် မိန်းကလေးများ ရှိသကဲ့သို့ အချိန်ပိုင်းနှင့် သီဆိုသူများလည်း ရှိကြကြောင်း သိရသည်။ သည်ဆိုင်မှ နေ၍ တကယ့် အနုပညာ အသိုင်း၀ိုင်းထဲသို့ ၀င်ရောက်သွားသူများလည်း ရှိကြသည်တဲ့လေ။ ငုဝါကတော့ဖြင့် သည်မျှလောက်ကြီး မမှန်းမိကြောင်း အမှန်ပင်။

တေးသီချင်း ဖျော်ဖြေမှုများ စ ခါနီးတော့ သူမ စိတ်တွေ တည်ငြိမ်မှု ပိုမိုလျော့နည်းလာ၏။ ထိုစဉ် ခြံ၀န်း အတွင်းသို့ ကားတစ်စီး ၀င်လာပြီး ကားပေါ်မှာ အသက် (၃၀) ခန် ့အရွယ် သန့်ပြန့်သားနားသော လူတစ်ဦး ဆင်းလာသည်။ ဆိုင်တာ၀န်ခံကိုယ်တိုင် ထွက်ကြိုသည်ဖြစ်၍ အရေးပါသော ဧည့်သည် ဖြစ်မည်ထင့်။ သည်ဆိုင်တွင် အလုပ်၀င်မည် ဆိုကတည်းက ဇာတ်လမ်း အရှုပ်အရှင်းများ မဖြစ်ရအောင် အားလုံးနှင့် ကင်းနိုင်သမျှ ကင်းအောင်နေမည်ဟု ဆုံးဖြတ် ထားသည့်အတိုင်း ခေါင်း ငိုက်စိုက်ချကာ မည်သူ့ကိုမျှ မော့မကြည့်ဘဲ ထိုင်နေလိုက်သည်။ 

ဘာကိုမှန်းမသိ ကြောက်မိသော စိတ်ကလည်း ၀င်မိသေး၏။ လူအများရှေ ့တွင် အမှားတစ်စုံတစ်ရာ လုပ်မိမှာလည်း စိုးရိမ်လှပါသည်။ မေမေခွင့်ပြုအောင် မရမက တောင်းဆိုခဲ့ရသော အလုပ်မို ့ လည်း စိတ်မော ပိုရခြင်း ဖြစ်ကောင်း ဖြစ်မည်ပေါ့။

ခေတ်မှီလွန်း၍ ဆွဲဆောင်မှု အပြည့် ဖြင့် ၀တ်စားပြင်ဆင်ကာ အလှည့် စောင့်နေကြသူများ ကြားတွင် ရိုးရှင်းသော ကျောင်းသွားကျောင်းလာ ပုံစံဖြင့် သူမ အဖြစ်က ရယ်စရာများ ဖြစ်နေပြီလား။ ရွယ်တူ မိန်းကလေးများ၏ ပြုံးစစ မျက်နှာပေးများကို ရှောင်ရန် ကြမ်းခင်းထားသည့် ကြွေပြားများကိုပဲ ငုံ့ ကြည့် နေလိုက်တော့သည်။ 

နောက်ဆုံးတော့ ကစင့်ကလျား ဖြစ်နေသော စိတ်ကိုထိန်းဘို ့ သီချင်း တစ်ပုဒ်ကို စိတ်မှ ဆိုညည်း နေလိုက်တော့၏။ တေးဂီတတွင် နစ်မြောနေရလျှင် ကျန်တာဘာမှ သိပ်မတွေးတတ် သူမို့မိမိ အလှည့်ရောက်မည့် အချိန်ကိုသာ စောင့်နေမိသည်ပေါ့။ 

တီး၀ိုင်း ခေါင်းဆောင်က သူမကို အရင်ဆုံး သီဆိုရန် အလှည့် ပေးလိုက်သည်။ ဦးစားပေးတာလား ပညာပေး စမ်းသပ်မှု တစ်ရပ်လား မသိပေမယ့် သည်တိုင်း ထိုင်နေရတာနှင့်စာလျှင် စင်ပေါ်တက်ကာ သီချင်း ဆိုလိုက်သည်က သက်သာမည် ထင်ပါ၏။

“ ညီမက ဆိုင်မှာ သည်နံမည်ပဲ သုံးမှာလား…”

“ ရှင်….”

“ အော်.. ခဏနေရင် သီချင်းဆိုဘို့ ကြေငြာမှာလေ.. ညီမ နာမည်ကို သည်နာမည်အတိုင်း ကြေငြာပေးရမလား.. အဲ့ဒါမေးတာ…”

“ ဟိုလေ.. အကို ဘာကိုဆိုလိုမှန်း ငု နားမလည်ဘူးရှင့်…”

“ အော်.. သည်လိုလေ ညီမရဲ့.. သည်မှာ သီချင်းဆိုကြတဲ့ မိန်းကလေးတွေက သူတို့ နံမည်ကို အမှန်တိုင်း မကြေငြာကြဘူးလေ.. သီးသန့်နံမည်တွေ သုံးကြတယ်.. ညီမကော ဘယ်လို နံမည် သုံးမလည်း စဉ်းစားထားတာရှိလား.. အကိုက သည်ထုံးစံတွေ ညီမသိမယ်ထင်တာ… ”

“ ရှင်…..”

သူမ ဘာဆက်ပြောရမှန်း မသိဖြစ်သွားမိ၏။ ထုံးစံတွေတဲ့လား..။ သူမ သီချင်းဆို၍ ငွေရှာချင်တာ တစ်ခုမှလွဲပြီး ဘာမျှ မသိပါ။ ခေတ်မှီမှီ ၀တ်စားဆင်ယဉ်ဘို့လိုမှန်း.. အလှအပ ကောင်းစွာ ချယ်သ တတ်ရန် လိုမှန်း.. ယမကာ အခိုးအငွေ့၀င်နေသော ပုရိသများရန်မှ ရှောင်တိမ်းတတ်ဘို့လိုမှန်း.. သည်လောက်တော့ သူမ သိပါသည်။ 

ယခု တီး၀ိုင်းခေါင်းဆောင်၏ စကားကြောင့် စိုးထိတ်နေသော သူမ စိတ်တို့အနည်းငယ် ရေချိန်မြင့်သွား၏။ နံမည် အမှန်မသုံးကြဘူးတဲ့.. ဘာလို့များပါလိမ့်.. သည်လိုဆို သည်နေရာ သည်အလုပ်က လူသိခံလို ့မရတဲ့နေရာ လူမသိသူမသိ.. ဒုက္ခပဲ.. သူမ မှားများ မှားပြီလား။

ဟင့်အင်း နောက်ဆုတ်၍လည်း မဖြစ်ပါ။ သည်မျှလောက်နှင့် သူမ နောက်မဆုတ်ချင်။ စာရေးဆရာတွေမှာ ကလောင်နံမည် ရှိသလို အဆိုတော်တွေ သရုပ်ဆောင် တွေမှာ အနုပညာ နံမည်ရှိသလိုပေါ့။ အဆိုတော် ဖြစ်ချင်သူတွေဆိုတော့ သည်လို စိတ်ကူးလေးတွေ ယဉ်ပြီး နံမည်လှလှလေးတွေ ပေးကြတာနေမှာပေါ့။ နောက်ပြီး သူမ သည်အလုပ်လုပ်မည် ဆိုတုန်းက သူငယ်ချင်းများ တားကြသေးသည်ပဲ။ အခန့်မသင့်လျှင် နံမည်ပျက်နိုင်သော အလုပ်မို့ကိုယ့်နံမည် အရင်း လူသိမခံတာနေမှာပေါ့လေ။ ဒါဆို မိမိကကော..

“ ညီမ.. ငုဝါ….”

“ ရှင်.. အော်.. ဟုတ်…”

အတွေးလွန်သွားသော ကိုယ့်စိတ်ကိုယ် အပြစ်တင်လိုက်မိပါသည်။ သည်လောက်လေးမျှဖြင့် လန် ့ သွားစရာ ဘာရှိလည်းနော်။ သည်လို ပါတ်၀န်းကျင်မျိုးမှာ မိမိ နံမည်ထက် မိမိစိတ်အားငယ်တတ်မှန်း ကြောက်တတ်မှန်း လူသိမခံချင်။ ဖေဖေ အမြဲပြောသော စကားတစ်ခွန်း နားထဲရောက်လာမိ၏။ 

“ ကြောက်တတ်တဲ့သူဟာ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မကာကွယ်နိုင်ဘူး…” 

တဲ့။ အခု မိမိ အခြေအနေ က ကိုယ့်ကိုကိုယ်သာမက မေမေ့ အသက်ကိုပါ ကာကွယ်ရမည့် အနေအထား မဟုတ်လားလေ။ 

ရောမ ရောက်လျှင် ရောမလို ကျင့်တတ်ရမည်။ သည်ပါတ်၀န်းကျင်က သည်လို ဆိုတော့ မိမိလည်း သည်လိုပဲ လုပ်ရမည်ပေါ့။ စိတ်ကူးထဲတွင် ကိုယ့်ကိုကိုယ် နံမည် လှလှတစ်ခု ရရန် အမြန် စဉ်းစားနေမိ၏။

“ ကြည့်ရတာ ငါ့ညီမ ဒါတွေ မသိဘူးထင်တယ်.. ဟုတ်လား…”

“ ဟုတ်… အခု အကိုပြောမှ သိတာပါ…”

“ ဒီတော့ စဉ်းစားထားတဲ့ နံမည် မရှိဘူး ဆိုပါတော့…”

“ ဟုတ်.. ဟိုလေ နောက်နေ့မှ ပြောရင်လည်း ဘယ်ရမလည်းနော်…”

“ ဟားဟားဟား… ဘာလည်း ဗေဒင်ဆရာဆီသွားမေးမလို့လား…”

“ အာ မဟုတ်ပါဘူး အကိုကလည်း… ရုတ်တရက် ဆိုတော့ ငု မစဉ်းစားတတ်လို ့ပါ…”

လည်ပင်းလေးကို လက်နှင့် ကုတ်ကာ ရှက်ပြောလေး ပြောလိုက်သော ကောင်မလေးကို မင်းမင်း သဘောကျသွားသည်။ လူက အလှကြီး မဟုတ်သော်လည်း မျက်နှာလေးတွင် အကြည်ဓါတ်တစ်မျိုး ရှိနေ၏။ နံမယ်လေးကလည်း ချစ်စရာ… ငုဝါ.. တဲ့။ 

သည်လောကတွင် တွေ့ရခဲသည့် အရိုင်း ပန်းကလေး.. ၀တ်စားပြင်ဆင်ပုံကလည်း သည်နေရာနှင့် မည်သို့မျှ မကိုက်။ တည်ငြိမ်ဟန် ဆောင်နေသော မျက်၀န်းကလေးများ အတွင်းမှ ကြောက်စိတ်ကို အတွေ့အကြုံ ကြီးမားသော မင်းမင်း ကောင်းစွာ ခန့်မှန်း လိုက်မိသည်။ 

သူလေးခမျာ ခုချိန်ထိ ဆိုင်တာ၀န်ခံ မန်နေဂျာ ကိုမျိုးအောင်နှင့် မိမိမှ လွဲ၍ မည်သူနှင့်မျှလည်း စကား မပြောဘူးသေး။ ကိုမျိုးအောင်က အိမ်ထောင်သည် လူအေး.. အလုပ်မှ လွဲ၍ ဘာမျှ စိတ်မ၀င်စားသူ။ တီး၀ိုင်းခေါင်းဆောင် မိမိကတော့ ရောင်စုံ အဆိုတော်မလေးများ ကြားတွင် ဆရာပေါ့။ 

အထူး သဖြင့် သည်လို ဘာအတွေ ့အကြုံမျှ မရှိ.. ဘာမှ မသိသည့် မိန်းကလေးမျိုးကို တယုတယ စောင့်ရှောက်ပေးရမည်က မိမိဘာသာ မိမိ ပေးအပ် ထားသော သမိုင်းပေးတာ၀န်။ ကိုယ့် အတွေးကိုယ် သဘောကျကာ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။

“ ညီမ စဉ်းစားထားတာ မရှိသေးရင် အကိုပြောကြည့်ရမလား.. ညီမနဲ့လိုက်မယ့် နံမည်လေ..”

“ ရှင်…”

“ သည်လိုလေ ကွာ.. ငါ့ညီမ နံမည်ရင်းကလည်း ပန်းနံမည်ဆိုတော့… အကိုတွေးမိတာ တစ်ခုရှိတယ်.. ဘယ်လိုလည်း ပြောကြည့်ရမလား…”

တကယ်တမ်း စိတ်ထဲရှိတာကတော့ မင်းကလေးနံမည်က ပန်းနံမည် ဖြစ်တာရယ်.. မင်းမျက်နှာလေးက ပန်းကလေး တစ်ပွင့်လို လှနေတာရယ်.. ငါက အဲ့ဒီပန်းကလေးရဲ့ ၀တ်ရည်တွေကို သောက်သုံးမယ့် ပိတုန်းကောင် ဖြစ်ချင်တာရယ်.. ဟက်ဟက်.. တွေးရင်း လွန်ခဲ့သော (၂) လက ရောက်လာသည့် ၀တ်ရည်ချိုကို ပြန်သတိရမိသေးသည်။ 

အဲ့ဒီတုန်းကတော့ သူက ၀တ်ရည်စုပ်ငှက် တစ်ကောင်ပေါ့။ ချိုမြိန်သော ၀တ်ရည်တို့ကို သူ အငမ်းမရ စုပ်ယူ သောက်သုံးနိုင်ခဲ့သည်။ သို့သော် ထိုတစ်ယောက်က နဂိုကတည်းက ခပ်လည်လည်။ မိမိအနေနှင့် သူမကို အပိုင်ချည်နှောင်၍ မရခဲ့။ 

ခုနောက်ပိုင်း မိမိက သူမ၏ စိတ်ဖြေဖျောက်ရာ ကစားစရာနှင့်ပင် တူနေသေးတော့၏။ သည်ကလေးမ ကတော့ ဤသို့မဟုတ်.. သို့သော် မိမိဘက်က အ၀င်ညက်ဘို့လိုသေးသည်လေ။ တော်ကြာ သူဌေးသိသွားမှ ပြဿနာ။ စည်းကမ်းကြီးသော သူဌေးကိုတော့ မင်းမင်း ကြောက်ရသည်။ မလိုအပ်ဘဲ ထမင်းအိုးတော့ အကွဲ မခံနိုင်။

“ ကဲ ကဲ ကလေးမ.. အချိန်နီးနေပြီကွ…. တစ်ခုခု ပြောဦးလေ ညီမရယ်…”

“ ဟုတ် ဟုတ်.. ငု တကယ် မစဉ်းစားတတ်ဘူး… အကို ပြောကြည့်ပါ.. ”

“ အွန်းး ဒါဆို အကို စဉ်းစားမိတယ်.. ငါ့ညီမ သီချင်းဆိုမယ့် နံမည်.. ပန်းကလေး… ဘယ်လိုလည်း… သည်ဆိုင်မှာ ငါ့ညီမရဲ့ နံမည်က ပန်းကလေးပေါ့….”

“ ပန်းကလေး…”

“ အွန်းလေ… မကြိုက်ဘူးလား…”

“ မဟုတ်ပါဘူး အကို… ရပါတယ်…”

“ ဒါဆို အဲ့ဒီနံမည်လေးပဲ အတည်ယူမလား…”

“ ဟုတ်…”

“ အိုကေ… သီချင်းကော… ဘာသီချင်းဆိုမလည်း…”

“ အင်… ဘာသီချင်း ဆိုရမလည်းဟင်.. အဲ့ဒါလည်း ငု မစဉ်းစားထားဘူး…”

“ ဟဟ ကောင်းရော… အိုကေ.. အကိုပဲ စဉ်းစားပေးမယ်.. ပန်းကလေး ဆိုတော့ ပန်းကလေးရဲ့ ပထမဆုံး မိတ်ဆက် သီချင်းကို ပန်းချစ်သူ နဲ့ စ လိုက်… ဘယ်လိုလည်း…”

“ ရှင်… ဟုတ်…”

“ ဂီတာ ယူသွား… သည်တိုင်း ထိုင်ဆိုနေတာထက်စာရင် ဂီတာက ငါ့ညီမကို စိတ်ထိန်းနိုင်အောင် လုပ်ပေးလိမ့်မယ်… အို ကေ….”

“ ဟုတ်…”

သည်တစ်ခုကိုတော့ဖြင့် စေတနာ အရင်းခံနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။ မျက်လုံးကလေး ၀ိုင်းကာ ပြောသမျှ ဟုတ်ကဲ့နေသော ချစ်စရာကောင်မလေး။ ရှေ ့လျှောက် မင်းလေးကို ငါ ကိုယ်ဖိရင်ဖိ စောင့်ရှောက် ပါ့မယ်ကွာ။ မင်းလေး နံမည်ကျော် အဆိုတော်မလေး ဖြစ်လာတဲ့ အထိပေါ့။ 

မိမိကို ကောင်းကောင်း ကစားနေသော ၀တ်ရည်ချိုကို လည်း ပညာပြရင်း.. မနူးမနပ် ပန်းကလေးကို ရေလောင်း ပေါင်းသင်ရင်း.. တနေ့နေ့တချိန်ချိန်တွင် ခူးဆွတ်ရှိုက်နမ်းရင်း… ဟက်ဟက်.. အတွေးထဲတွင် စက်သူဌေးဖြစ်နေသော မင်းမင်း သဘောတွေ အကျကြီး ကျနေတော့၏။ 

ကောင်မလေး မျက်၀န်းမှ မိမိအပေါ် အားကိုးမှုများ မြင်နေရသည်ကိုး။ ခပ်တည်တည်ပင် ခါးတစ်ချက် ဆန် ့လိုက်ရင်း သူမ ပခုံးသား အိအိလေးများကို ခပ်ရဲရဲပင် ဆုပ်ကိုင် ဖြစ်ညှစ်လိုက်၏။ စီနီယာ တစ်ယောက်က မိမိ စင်တင်တော့မည့် ပန်းကလေးကို ခွန်အားပေးသည့် သဘော။

“ ကိုင်းးး အဆင်ပြေပြီဆိုရင် အကို ကြေငြာတော့မယ်.. ပန်းကလေး စိတ်ကို လျှော့ ချ.. အသင့်ပြင်.. အိုကေ…”

“ ဟုတ်… ဟုတ်ကဲ့…”

တုန်တုန်ရီရီ အသံလေးနှင့် ပြန်ပြောသော ကောင်မလေး… တဖျပ်ဖျပ် ခပ်နေသော မျက်တောင် ကော့လေးတွေက လှလိုက်တာ.. ဒါတောင် ဘာမှ ပြင်ဆင် ချယ်သမှု မရှိသေး.. ။

၀တ်ထား တာကာလည်း စကတ်အရှည် ပျော့ပျော့လေးနှင့် ရှပ်အကျီကိုယ်တိလေး.. ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အတိအကျ ဖော်ပြနေသော ၀တ်စားပြင်ဆင်မှုမျိုး မဟုတ်သော်လည်း အပွေးမြင် အပင်သိသော မင်းမင်း အတွက်တော့ သည်ကလေးမအလှကို မြင်နေသလိုလို။ 

မျက်နှာကလေးကလည်း ချယ်သမှု မရှိသည်ကပင် အပစ်ကင်းသော ကလေးတစ်ယောက်၏ ပုံရိပ်ကိုဖော်ပြနေသည်။ အထူးသဖြင့် မျက်တောင်ထူထူစိပ်စိပ်များ ၀ိုင်းရံထားသော မျက်၀န်းလှလှ တစ်စုံပေါ့။ ပြာလဲ့လဲ့ မျက်သားများနှင့် အနက်ရောင် မျက်ဆံကလေးက သူမမျက်နှာတွင် အထူးခြားဆုံး အလှဟု ဆိုနိုင်ပေသည်။ နှာတံကလေးကတော့ သိပ်ကြီးပေါ်လွင်လှသည်ဟုမဆိုသာ။သို့သော် ထိပ်ဖျားလုံးလုံး နှာသီးလေးက ချစ်စရာ တစ်မျိုးကောင်းနေသည်။ မေးဖျားလုံးလုံးကလေးကလည်း ၀ိုင်းစက်သောမျက်နှာ အလှကို အားဖြည့်ပေးနေ၏။

ကျောလည်သာသာ ဆံပင်ဖြောင့်ဖြောင့်လေးကို ဘီးကုတ်လေးနှင့် ပင့်တင်ထားသဖြင့် ညီညာပျံ ့ပြူးသော နှဖူးပြင်အစပ်တွင် စိမ်းမှောင်သော ဆံယဉ်နုကလေးများက ခဲပန်းချီချယ်ထားသလို။ သည်ကောင်မလေး သေသေချာချာကြည့်တော့ တော်တော် လှတာပဲ။ 

မျက်ခုံးကလေးကတော့ နည်းနည်း ပုံသွင်းဘို့လိုမည်။ သူ့မျက်စိထဲတွင် သူမ မျက်ခုံးတွေက တဆိတ် ထူလွန်းနေ၏။ ပန်းရောင် သမ်းနေသော နှုတ်ခမ်းကလေးကိုတော့ ထူလွန်းသည်ဟု မထင်။ သူက မိန်းကလေးဆိုလျှင် ဤသို့နှုတ်ခမ်း ပြည့်ပြည့် ကလေးမျိုးမှ သဘောကျသည်။ ခပ်ပါးပါးနှုတ်ခမ်းများက ငုံထား၍ မကောင်းဘူးလေ။ 

ငုဝါပန်းကလေး၏ နှုတ်ခမ်းက နှင်းဆီဖူးလေးလို ဖောင်းဖောင်းအိအိလေး။ တနေ့နေ့တော့ သည်နှုတ်ခမ်းလေး၏ အရသာကို သိအောင်လုပ်ဦးမည်။ သူမ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ကိုယ်လုပ်ရမည့် အလုပ်ကိုပင် တဒင်္ဂ မေ့သွား၏။ အနားသို ့ ကိုမျိုးအောင် ရောက်လာတာပင် ရုတ်တရက် မသိလိုက်။

“ ကိုဉာဏ်ရောက်နေတယ်နော် မင်းမင်း…”

“ ……”

“ ဟေ့ ကောင်…”

“ ခင်ဗျာ… အော် ဟုတ် ကိုမျိုး.. ဘာပြောလိုက်တာလည်း ဟင်…”

“ ကိုဉာဏ်ရောက်နေတယ်လို့ပြောတာ ဟ… နည်းနည်း ညစ်လာပုံရတယ်.. သောက်မလို့တဲ့… ”

“ ညအိပ်မှာတဲ့လား အကို…”

“ အွန်း… မင်း သည်ည ဘာရှိလည်း.. ဘာကိစ္စမှ မရှိရင် မပြန်နဲ့ဟေ့ကောင်… အဖော်လုပ်ပေးလိုက်.. ဖြစ်လား…”

“ ဖြစ်ပါတယ် အကို… ဘာဖြစ်လာတာတဲ့လည်း… ကြည့်ရတာ လေဒီ လင်နောက် လိုက်သွားပြီ ထင်တယ်...”

“ သွား မေးမနေနဲ ့နော်.. မသိချင်ယောင်ဆောင်နေ… နားလည်လား ငါပြောတာ…”

“ ဟုတ်ကဲ့ပါ အကိုရ… ကျနော်က ၀မ်းတောင်သာသေး… အဲ့စော်ကြီး အကြောတင်းလို့ ကြည့်လို့ကို မရတာ.. ကျနော်တို့ဆရာသမားနဲ ့လည်း မလိုက်ပါဘူးဗျာ… ပုံစံက စီးစီးပိုးပိုးနဲ့…”

“ တော်တော် ဟေ့ကောင်.. ငါပြောတာက တစ်ခွန်းထည်း မင်း သောက်ကြောကိုရှည်တယ်… ထပ် မှာမယ်နော်… ဘာမှ သွား အစ ဖော်မပေးနဲ့… လိုတာ ခိုင်းတာရှိရင်သာ လုပ်ပေးလိုက်… သူ့ဘာသူ နေချင်တယ်ဆိုလည်း နေပစေ လွှတ်ထားပေးလိုက်… အလွန်အကျွံ မသောက်အောင်သာ လိုအပ်ရင် မင်း ၀င်ထိန်း.. ကိုဉာဏ်က အစာအိမ် သိပ်မကောင်းဘူး… သဘောပေါက်လား... ”

“ ပေါက်ပါတယ် အကိုရ… စိတ်ချစမ်းပါ…”

“ အေး ပေါက်ရင်ပြီးရော… ခုကော မင်း ဘာထိုင်လုပ်နေတာလည်း မတီးသေးဘဲ…”

“ အော်.. သည် အသစ်ညီမအတွက် နံမည် ကိစ္စ စီစဉ်ပေးနေတာ အကိုရ.. သူ ဘာမှ မသိဘူးလေ..”

“ အော်… အေးအေး ပြီးရင် စ လိုက်တော့… ညီမကော ဖြစ်တယ် မဟုတ်လား… ဘာမှ မကြောက်နဲ့လေ နော်… အစမ်းသဘော တစ်ပုဒ်လောက်ပဲ ဆိုပေါ့.. လိုတာရှိရင် မင်းမင်း ကိုသာပြောတော့ ညီမရေ.. အကိုတော့ သူဌေးရောက်နေလို့ လုပ်စရာလေးတွေ လုပ်လိုက်ဦးမယ်…”

“ ဟုတ် ဟုတ်.. လုပ်ပါ အကို… ငု အကုန် အဆင်ပြေပါတယ်…”

သူဌေးရောက်နေတယ်..။ ဒါဆို စောစောက ၀င်လာတာ သူဌေးဦးဉာဏ်လင်းညိုပေါ့။ တေးကမ္ဘာ ပိုင်ရှင်က အသက် သိပ်မကြီးသေးသော လူလတ်ပိုင်း အင်ဂျင်နီယာ လုပ်ငန်းရှင်တစ်ဦး လို့တော့ ကြားဘူးနှင့်သည်။ 

သို့သော် ယခုလောက် ငယ်ဦးမည်တော့ မထင်။ သည်အောင်မြင်မှုမျိုးက အသက် (၃၀) ၀န်းကျင် အရွယ် ယောကျ်ားတစ်ဦး အတွက် အရွယ်ထက် အရည်ချင်း ပိုသည်ဟု ဆိုရမည်ပေါ့။ သူတို့နှစ်ဦးပြောပုံဆို သူဌေးတွင် နှလုံးသားရေးပြဿနာ ရှိပုံပဲ။ အို… သူများကိစ္စ စိတ်ရောက်နေ၍ မဖြစ်သေးပါ။ မိမိရင်ဆိုင်ရမည့် အနာဂတ်ကဖြင့် မည်သို ့ ဖြစ်မည် မသိသေး။ ယခုပင် လူစင်စစ်က ပန်း ဖြစ်နေရပြီ။ 

အိမ်ရယ်... ကျောင်းရယ်… အထည်ချုပ်စက်ရုံက အလုပ်ကလေးရယ်… မေမေ့ ကျန်းမာရေးရယ် ကလွဲလို ဘာမှ မသိသော သူမ အတွက် သည်နေရာ သည်အလုပ်မှာ နွားခြေရာခွက်ထဲမှ ဖားသူငယ် ပင်လယ်ကြီးထဲ ရောက်နေသည်နှင့်ပင် တူသေးတော့၏။ 

မည်သို့ပင် ဆိုစေ ကိုမင်းမင်း ဆိုသူကို ကျေးဇူးတော့ တင်မိပါ၏။ အူကြောင်ကြောင်ဖြစ်နေသော မိမိကို စိတ်ရှည်လက်ရှည် ကူညီပေးသည်ပဲလေ။ မိမိ မျက်နှာကို စားတော့ ဝါးတော့မလို ကြည့်နေသည်မှ လွဲ၍ပေါ့။သည်အတွက်လည်း သိပ်မပူလှပါ။ သူမ ငယ်ငယ် ကတည်းက လူမှု ဆက်ဆံရေးတွင် အမှား မရှိအောင် နေတတ်ခဲ့သည်ပဲ။ ဖေဖေ အမြဲ ပြောတတ်သလိုပေါ့.. 

“ တချို့ကိစ္စများတွင် လူတစ်ယောက် စိတ်ကို ကိုယ်က သိဘို ့ထက် ကိုယ့်စိတ်ကို လူတိုင်းသိအောင် လုပ်နိုင်ဘို့ ပိုအရေးကြီး သည်…” တဲ့လေ။

“ ကဲ.. ညီမ အဆင်သင့် ဖြစ်ရင် စ ကြမယ်… ရော့ ဂီတာ… သည်နေ့အဖို ့က တကယ်ကြီး မတီးနိုင်လည်း ကိစ္စ မရှိဘူးနော်.. အကို ထိန်းတီးပေးမယ်.. နောက်ရက်ကျမှ ငါ့ညီမ အကို့ကိုကူ… ဟုတ်ပြီလား…”

“ ဟုတ်…”

“ ကိုင်း.. ဒါဆို… စ မယ်..”

“ မင်္ဂလာ ညချမ်းပါ ခင်ဗျာ… ကျနော်တို ့ တေးကမ္ဘာ ဆိုင်ရဲ့ စင်တင်တေးဂီတ အစီအစဉ်… စတင်တော့မှာ ဖြစ်ပါတယ်… အခု ပထဆုံး သီဆို ဖျော်ဖြေမယ့်သူကတော့ ကျနော်တို့ဆိုင်ရဲ့ တေးသံရှင် အသစ်… ပန်းကလေး.. ဖြစ်ပါတယ် ခင်ဗျာ.. သီဆိုဖျော်ဖြေမယ့် သီချင်းက…. ပန်းချစ်သူ ပါ …. ပန်းကလေးကို လက်ခုပ်သံများနဲ့ ကြိုဆိုပေးကြဘို့ တောင်းဆို ပါတယ် ခင်ဗျားး…..”

ဘယ်လောက်ပဲ တေးဂီတကို ခုံမင်သည် ဆိုဦးတော့ သည်သို့စင်ပေါ်တက်ရမည်ဆိုတော့ လူက မျက်လုံးများ ပြာေ၀ကာ ဘာမှမမြင်တော့ပါ။ စားသောက်၀ိုင်းများ၏ အလယ်တွင် တေးသံသာများ သီဆို ရန်စင်မြင့်က အလွန်ဆုံးမြင့်လှ (၂)ပေ (၃)ပေပေါ့။ 

ဂီတာလေး ကိုင်ကာ စင်ပေါ် တက်လိုက်တော့ လူက အမြင့်ကြီး ဖြစ်နေသလိုလို။ မိမိကို ၀ိုင်းကြည့်ကာ ဘာမှ မလုပ်ရသေးခင် လက်ခုပ်သြဘာ ပေးနေကြသေးသည်။ ရုတ်တရက် ဘာလုပ်ရမှန်းလည်း မသိ။ 

အော်ငိုချင်သလိုလို.. ပြန်ပဲ ပြေးဆင်းချင်လာသလိုလို.. မီးခိုးငွေ့ဖြစ်ကာ ပျောက်ကွယ် သွားချင်စိတ်ပင် ၀င်မိတော့၏။ ကိုမင်းမင်း ထံသို့အားကိုးတကြီး လှမ်းကြည့်မိသည်။ သို့သော် ထူဆန်းစွာပင် မိမိတက်မလာခင် ထိုင်ခဲ့သည့် နေရာကိုတောင် မမှတ်မိချင်။ သည်နေရာနှင့် အကျွမ်းမ၀င်သေးတာကြောင့် ဖြစ်ပါလိမ့်မည်။စောစောက မိမိလျှောက်ခဲ့သော တီး၀ိုင်းနှင့် စင်မြင့်ကြားအကွာအေ၀းက ခြေလှမ်း (၁၀) လှမ်းလောက်သာရှိသည်။ ခုတော့လည်း အေ၀းကြီးလိုပဲ။ မြင်မြင်သမျှ လူအားလုံးကလည်း တစ်မျက်နှာတည်း ဖြစ်နေသယောင်။စင်ပေါ်ရောက်ပြီးကာမှ ကြောင်တောင်တောင်လေး ဖြစ်နေရှာသော ငုဝါကိုကြည့်ပြီး မင်းမင်း တကယ်ပင် သနားသွား၏။ စိတ်ထဲမှလည်း 

“ ငါ..မှားသွားတယ်.. ရှေ့ကတစ်ယောက်လောက် အရင် လွှတ်လိုက်ရမှာ…” 

ဟုတွေးမိသွားသည်။ ကီးဘုတ်တွင် နေရာယူထားရာမှ စင်ပေါ်သို ့ ခဏလိုက်တက် သွားပြီး သူ့အတွက် မိတ်ဆက်စကား ပြောပေးရန် စိတ်ကူးလိုက်၏။ ထိုစဉ် လက်ခုပ်သံများလည်း ဆဲသွားပြီ။ ငုဝါ ရုတ်တရက် စင်ပေါ်ရှိခုံကလေးတွင် ထိုင်လိုက်သည်။ 

သည်ကလေးမ မဆိုးဘူးပဲ။ စင်မြင့်.. ပရိတ်သတ်နှင့် လက်ခုပ်သံများကြောင့် ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွားပေမယ့် သူမ စိတ်ကို ပြန်ထိန်းနိုင်တာ မြန်သားပဲ။ မင်းမင်း လက်မ ထောင်ပြကာ ကီးဘုတ်တွင် နေရာပြန်ယူလိုက်၏။ သီချင်း တီးမည် ကြံကာရှိသေး တိကျပိုင်နိုင်သော ဂီတာသံက ခန်းမ တစ်ခုလုံး လွှမ်းခြုံသွားသည်။ ဗုဒ္ဓေါ… သည်ကလေးမ ကြောက်ကန် ကန်နေပြီ။

မင်းမင်း အပါအ၀င် တီး၀ိုင်း အဖွဲ့သား (၄) ယောက်လုံး ဘာလုပ်ရမှန်း မသိဖြစ်သွား၏။ ငုဝါကတော့ မည်သူ့ကိုမျှ လှည့်မကြည့်.. ဂီတာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နေပုံမှာ ဝါရင့် အနုပညာရှင် တစ်ယောက် အလား။ အမှန်တော့ သည်သီချင်းက ပိုင်ပိုင်နိုင်နိုင် တီးနိုင်မည် ဆိုလျှင် ဂီတာ တစ်လက်တည်းဖြင့် သီဆို၍ လိုက်ဖက် အဆင်ပြေသည်ပဲလေ။ 

သံစုံတီး၀ိုင်းတစ်ခုနှင့် မတူတော့ဘဲ ညနေခင်း အပန်းဖြေနေသော မိသားစု တေးသံဆန်ဆန်.. သို ့မဟုတ် ချစ်သူ အဆောင်ရှေ့တေးသီချင်း သီကျူးသည့် ပုံစံပေါ့။ အနောက်မှ မိမိ အဖွဲ့သားများကို အသာနေရန် မျက်ရိပ် ပြလိုက်သည်။ ငုဝါ Intro တီးကွက် တစ်ပိုဒ် အရင် စမ်းတီးနေ၏။ ထို့နောက် မှ.. 

“ အမှောင်ယံ ကြီးစိုးတဲ့ည ရယ်….. တိတ်ဆိတ်တဲ့ည အမှောင်ယံထဲ…..”

ပိုင်နိုင်သော တီးကွက်၏နောက်တွင် သီချင်းသံက ငြိမ်သက် ပီပြင်စွာ ထွက်ပေါ်လာ၏။ ပရိတ်သတ်အားလုံး ငြိမ်ကျသွားပြီးမှ.. 

“ ဟိုး ဟို… ဟိုးးး အေ၀းကြီးက… သာယာတဲ့ ဆည်းလည်းသံကိုကြားတယ်…” 

တစ်ခဲနက်သော လက်ခုပ်သံများ ပြန်လည် ထွက်ပေါ်လာသည်။ သူမ မကြားတော့ပါ။ လက်ခုပ်သံသည်လည်းကောင်း.. တီး၀ိုင်း အဖွဲ့မှ ၀င်ထောက်လိုက်သည့် ဒုတိယပိုဒ်၏ တီးကွက် သံစဉ်များသည်လည်းကောင်း.. ပင်ကိုယ် တည်ငြိမ်ဟန််ရှိသော သူမ၏ အသံနှင့် သီဆိုဟန်သည်လည်းကောင်း တေးတစ်ပုဒ်အဖြစ် ပိုင်ပိုင် နိုင်နိုင် ပေါင်းစည်းမိသွားသည်။

မင်းမင်း နှင့် အဖွဲ့လည်း သူမဦးဆောင် တီးခတ်သီဆိုမှုနောက်သို့လိုက်သည်ဆိုယုံသာ လိုက်ပြီး ပံ့ပိုးပေးလိုက်၏။ ပထမဆုံး အတွေ့အကြုံအနေနှင့် စိတ်လှုပ်ရှားမှုကို ကောင်းကောင်း ထိန်းနိုင်သည်မှာ ပါရမီကောင်းသောကြောင့်လား.. သို့မဟုတ် သူမအဖို ့ စင်မြင့်သည် ပထမဆုံး အတွေ့အကြုံပါ ဆိုတာကပဲ တစ်ခုခု လွဲနေပြီလားတော့ မသိပါ။ အနားသို ့ ကိုမျိုးရောက်လာပြီး မင်းမင်း ကို လက်မထောင်ကာခေါင်းငြိမ့်ပြသည်။

ကိုဉာဏ် ပင် သောက်လက်စ ခွက်ကိုင်ကာ ထွက်လာသည်ဖြစ်၍ သည်ကလေးမ၏ ဆွဲဆောင်မှုက သာမန်မဟုတ်ဟု အားလုံး သတိထား လိုက်မိ၏။ ပန်းချစ်သူ သီချင်းက မဆန်းသော်လည်း ပန်းကလေး၏ ပထမဆုံး တေးသံရှင် အဖွင့်က သပ်ရပ်လှပ လွန်းနေသည်လေ။ 

စင်ပေါ်တွင် ခုံကလေးနှင့် ထိုင်ကာ ဂီတမှလွဲ၍ ဘာမှ မြင်ပုံမရတော့သော သူမ၏ သီဆိုနေဟန်က သီချင်းနှင့် လူကို တစ်ထပ်တည်း ဖြစ်သွားစေသည်။ တေးကမ္ဘာ အတွက် အားထားရသည့် အဆိုရှင်တစ်ယောက် ပေါ်ထွက်လာပြန်ပြီပေါ့။

သူမ မတိုင်ခင်က အထိတော့ ၀တ်ရည်ချိုက ဆရာကျနေသည်။ အနုပညာ အရည်ချင်းနှင့်တော့ မဟုတ်။ ခေတ်ဆန်လွန်းသော ၀တ်စားပြင်ဆင်မှုများ.. ပုရိသတို့၏ အထာကို ကျွမ်းကျင်ပိုင်နိုင်သော ဆွဲဆောင်မှုများ။ရောက်စက မင်းမင်းကို ဆရာတင်ကာ ကပ်ပေါင်းနေသလောက် ယခုဆိုလျှင် သူမကိုပင်ပြန်၍ မျက်နှာလုပ်နေရသလို.. တခါတခါ အကြောမတည့်သော်လည်း သူမ၏ အလှနှင့် သူမဆန္ဒရှိလာလျှင် ရတတ်သော အခွင့်အရေးတို့ကို မင်းမင်း လက်မလွှတ်နိုင်ခဲ့။ ဆရာဘ၀မှ နေရင်းထိုင်ရင်း သူမ၏ ရုပ်သေးရုပ်ဖြစ်လာသည်။

တေးသံရှင် နည်းပါးလာမှုကြောင့် ဖျော်ဖြေရေးပိုင်းတွင် မသိမသာ ကျဆင်းနေသော သည်ဆိုင်၏ အောင်မြင်မှုကပဲ သူမအပေါ်တွင် မူတည်နေသလိုလို။ 

ဤသို့သော အချိုးများကြောင့် မင်းမင်းအဘို့မှာ၀တ်ရည်ချိုကို အလကားရ၍ စားနေရသော်လည်း သဲတရှပ်ရှပ်ပေါ့။ ခုတော့ အဆင်ပြေပြီ။ ဘာမှ မသိသော်လည်း ဗီဇသေးပုံမရသော ငုဝါကို မိမိလက်နှင့် အရောင်တင်ကာ တေးကမ္ဘာ၏ အောင်မြင်မှုကို ထိန်းရင်း နေရင်းထိုင်ရင်း မာန်တက်နေသော မိချိုကို ပညာပြရမည်။

အတွေးလည်း ဆုံး တေးလည်းဆုံးတော့ ပရိတ်သတ်လက်ခုပ်သံများ သောသောညံနေသည့်ကြားမှပင် ဂီတာလေး ပိုက်ကာ ငုဝါ ပြန်ဆင်းလာ၏။ မည်သူ့ကိုမှမော့မကြည့်။ ခေါင်းငိုက်စိုက်ချကာ တီး၀ိုင်းနေရာထိ လျှောက်လာပုံမှာ အမေစောင့်နေသည့်နေရာကို အလွတ်မှတ်ကာ ကျောင်းခန်းမှ ထွက်လာသော မူကြိုကလေးတစ်ဦးပမာ။ 

သူမကိုကြည့်နေသော ကိုမျိုးအောင်နှင့် ကိုဉာဏ့် ကိုပင်မြင်ပုံမရ။ တီး၀ိုင်းနားရောက်တော့ မင်းမင်းကို မျက်လုံး၀ိုင်းကလေးများ နှင့်ကြည့်ကာ.. 

“ ငု ဘာမှားသေးလည်း အကို…” 

တဲ့။ မင်းမင်း စိတ်ထဲ ကြည်နူး မဆုံးတော့ပြီပေါ့။ နှဖူးထက်တွင် ချွေးလေးများ စို ့ကာ နှုတ်ခမ်းများပင် ဖြူဆုတ်နေသော သူမကို ကြင်နာစွာကြည့်ရင်း.. 

“ ငါ့ညီမှ မှားဘို့နေနေသာသာ အမှန်လွန်နေလို့ အကိုတို့တောင် မနည်းလိုက်ရတယ်… တကယ်ပြောတာကွ ပထမဆုံးနေ့အနေနဲ့တော့ အဖွင့်က တော်တော့်ကို လှတာ.. သီချင်းရွေးတာလည်း မှန်သွားတယ်…”

သူသည်လို မပြောလည်း ငုဝါ သူ့ကို ကျေးဇူးတင်ကြောင်းပြောမလို့ပါ။ တကယ်လည်း သူမအတွက် အလွယ်ဆုံးနှင့် သူမအသံဖြင့် လိုက်ဖက်ဆုံး သီချင်းကို သူရွေးပေးခဲ့သည်ပဲလေ။မိမိအတွက် ပထမဆုံး ဆိုသည့်တိုင် အထစ်ငေါ့ မရှိအဆင်ပြေသွားသည်ပဲ။ စင်ပေါ်ရောက်ရောက်ချင်း စိတ်လှုပ်ရှားမိချိန် ဖေဖေ့ကို တ ကာ တိုင်တည်မိသည်လည်း ပါတာပေါ့လေ။ ကြည့်ရတာ သူမ သည်အလုပ်နှင့် အသက်မွေးကာ လူမမာ မိခင်ကို စောင့်ရှောက်ဘို့တမလွန်မှ ဖေဖေ လက်ခံ ခွင့်ပြုသည်ပေါ့။

“ ဟုတ်ပါတယ် အကို.. အဓိကက အကို ရွေးပေးတဲ့ သီချင်းကြောင့်ပါ… ခုကော ငု ဘာလုပ်ပေးရဦးမလည်း ဟင်…”

“ နောက်တစ်ယောက် တင်မယ်လေ.. သည်မှာ အစီစဉ်ဇယားရှိတယ်.. သူတို့ဆိုမယ့် သီချင်းတွေလည်း ရေးထားတယ်.. တခါတလေ အပြောင်းလဲ နည်းနည်းပါးပါး ရှိတတ်တယ်… ညီမ နားချင်လား.. တီးနိုင်မလား… အားမနာနဲ ့နော်.. သည်နေ့က ပထမဆုံးဆိုတော့… ”

“ ငု တွိုင်းလက် ခဏသွားမယ်လေ.. နော်… ပြီးရင် ဆက်တီးပါ့မယ်.. အကို ခွင့်ပြုပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ငု လုပ်နိုင်ပါတယ်… ငု အလုပ် ၀င်လို ့ရပါပြီ.. ”

“ အိုကေ… ကောင်းတာပေါ့… သွားသွား.. ပြန်လာရင် နောက်က ခုံတစ်လုံးမှာနေရာယူလိုက်… ဆိုကြမယ့် သီချင်း နုတ်စ်တွေ အဆင်သင့် ချိတ်ပေးထားမယ်… ညီမ နုတ်စ် ကြည့်တတ်တယ် ဟုတ်…”

“ ဟုတ်.. ကြည့်တတ်ပါတယ် အကို…”

“ အွန်း.. တချို့အပျော်တမ်းလေးတွေက တီးတတ်တာသာ ရှိတာလေ.. အာ့ကြောင့်မေးတာပါ.. ငါ့ညီမက တကယ့် ပရိုလိုပဲနော်… လျှိုထားတာ များလား..”

“ အယ်… မဟုတ်ပါဘူး အကိုရယ်… ငု ကလေးဘ၀ကတည်းက သီချင်းနဲ့မစိမ်းလို ့ပါ…”

“ ဟုတ်ပါပြီဗျာ… ကိုင်း သွားသွား…”

“ ဟုတ်…”

ခပ်ကုပ်ကုပ်လေး ထွက်သွားသော ကောင်မလေး နောက်ကျောကို ငေးရင်း မင်းမင်း ရင်တွေ ပိုခုံလာသည်.. ကလေးမ ကိုယ်လုံးလေးက အိအိထွေးထွေးလေး… နောက်ကျောမှ ဖက်ကာ…

“ ကိုမင်း… မ စ သေးဘူးလား…”

ဒုတိယမြောက် သီဆိုမည့် ကောင်မလေး ရောက်လာမှ အတွေးစ ပြတ်သွား၏။ ခဏနေတော့ ငုဝါလည်း ပြန်လာကာ တေးကမ္ဘာ၏ ဂီတညချမ်းကို တက်ညီလက်ညီ ပုံဖော်ခဲ့ကြသည်။ ည (၁၂) နာရီထိုးတော့ သီဆိုမှုများလည်း အပြီးသတ်ကာ ဧည့်ပရိတ်သတ်များလည်း တဖြည်းဖြည်း လျော့နည်း လာပြီပေါ့။

သည်မှာက စင်တင်တေးဂီတ နှင့် ယမကာ တွဲဘက် နေသော်လည်း ဆိုင်၀န်ထမ်းများ အားလုံးက မိသားစုဆန်သော ဆက်ဆံရေးမို့လူသစ်တစ်ဦးဖြစ်သော ငုဝါ အတွက် ပြဿ နာ အထူးမရှိလှပါ။ အိမ်ပြန်ချိန်ရောက်တော့ ဖယ်ရီကားဆရာက နေရပ်လိပ်စာ အတိအကျမေးကာ လမ်းပြရန် ပြောသည်။ ကိုမင်းမင်း အနားသို ့ရောက်လာပြီး..

“ အော်… ပြောရဦးမယ်.. ငါ့ညီမ ၀တ်စားပြင်ဆင်ပုံလေးတွေ နည်းနည်း ပြောင်းဘို့လိုမယ်နော်… အဆို အတီး ပိုင်နိုင်တယ် ဆိုပေမယ့် အပြင်အဆင်ကလည်း အရေးပါတယ်လေ…”

“ ဟုတ်ကဲ့ပါ အကို… ငု နားလည်ပါတယ်… ဒါပေမယ့် ငုမှာက သည်ဆိုင်နဲ ့ လိုက်လျောညီထွေဖြစ်မယ့် အ၀တ်စားမျိုး စီစဉ်ရဦးမှာမို ့လို ့ပါ…”

“ လိုအပ်ရင်ပြောလေ… အကို ကူညီပေးမယ်… စီစဉ်စရာ ရှိတာ စီစဉ်ရအောင်ပေါ့…”

အချိန်ကုန်ခံမနေတော့ပဲ ခပ်တည်တည်ပင် ပြောလိုက်သည်။ ခုချိန်မှာ ကောင်မလေး စိတ်ထဲ မိမိကို ကျေးဇူးရှင် အဖြစ်သတ်မှတ်ထားလေ ကောင်းလေ မဟုတ်ပါလား။ နောက်နေ့အ၀တ်စား၀ယ်ရန်နှင့် ဆံပင်ပုံစံ ပြင်ရန်မှ အစ အသေးစိတ် အစီစဉ်ဆွဲဘို့လိုကြောင်း.. သည်ဆိုင်၏ ဖောက်သည်များ အကြိုက် ပြင်တတ်ဆင်တတ်ရန် မိမိကူညီမည်ဖြစ်ကြောင်း ပြောလိုက်၏။ ရိုးသားသော ငုဝါ ခမျာ မင်းမင်းကို အဟုတ်ကြီးပင် အားကိုးကာ မနက်ဖြန် တွေ့ရန် လက်ခံလိုက်လေတော့သည်။

မင်းမင်း သဘောအတိုင်းသာဆို သည်ညပင်ကောင်မလေး အိမ်ရှိရာသို့ဖယ်ရီနှင့် လိုက်သွားကာ အတူပြန်ပို့ရင်းစကားလက်ဆုံ ကျချင်သေးသည်ပေါ့။ သို ့သော် ကိုဉာဏ်နှင့် အဖော်အဖြစ်နေပေးပါမည်ဟု ကိုမျိုးအောင်ကို ပြောလိုက်မိသည်လေ။ 

မိမိ၏ ကျေးဇူးရှင် တစ်ပိုင်းဖြစ်သော ကိုမျိုးအောင်ကိုတော့ မင်းမင်း ကြောက်ရပါသည်။ ကိုဉာဏ်ဆိုတာကလည်း မိမိထမင်းရှင် အလုပ်ရှင် မဟုတ်ပါလား။ အိမ်ပြန်ရန် ကားပေါ် အသီးသီးတက်ကြတော့ ငုဝါကို ကားနားထိလိုက်ပို့ကာ နှုတ်ဆက် လိုက်သေးသည်။ 

အခြားသော ၀န်ထမ်းများက ကွက်ကြည့်ကြည့်ပေါ့။ မတတ်နိုင်.. သည်လို ချစ်စရာကောင်းပြီး အရည်အသွေးရှိသော ကောင်မလေးကို မိမိနှင့် သက်ဆိုင်သူအဖြစ် လူသိထားလေ ကောင်းလေပေါ့။ ဤသို့တွေးမိတော့ မျက်လုံးထဲ ဖြတ်ကနဲ မြင်မိသည်က ၀တ်ရည်ချို၏ ထီမထင် အပြုံးမျက်နှာ။

ကားဆရာကို အိမ်လိပ်စာပေး လမ်းညွှန်ပြရင်း အပြန်လမ်းတစ်လျှောက် ငုဝါ တွေးနေမိသည်က တေးကမ္ဘာ အကြောင်း.. တီး၀ိုင်း ခေါင်းဆောင် မင်းမင်း အကြောင်း.. တကယ်တမ်း မိမိက ဂီတာ သမားအဖြစ် အလုပ်ခန် ့အပ်ခံရသူ။ တေးသံရှင် နည်းနေသော အခိုက်အတန် ့မို ့ မိမိပါ သီဆိုခွင့် ရလိုက်ခြင်း ဖြစ်၏။ 

ကိုမျိုးအောင်က အလုပ်ကိုသာဦးစားပေးပြီး စည်းစနစ် ရှိမည့်ပုံရသည်။ တကယ်တမ်း အခက်အခဲရှိလျှင် အားကိုးနိုင်သောအနေအထား။ မင်းမင်း ဆိုသောသူကတော့ တီး၀ိုင်းခေါင်းဆောင် ဖြစ်သည့် အားလျှော်စွာ အရှည်သဖြင့် အနီးကပ် ပါတ်သက်ရမည့်သူ ဖြစ်နေသည်။ 

သို့သော် သူ့ဘက်က ကူညီမှုကို ဂုဏ်ဖော်ကာ အခွင့် အရေးယူလိုဟန် ရှိသောသူဟု ငုဝါမြင်မိ၏။ အထူးသဖြင့် သူ့မျက်လုံး အကြည့်များကို ငုဝါ မကြိုက်ပါ။ သို့သော်လည်း မိမိ အလုပ်သဘောအရ အနီးကပ်ဆက်ဆံရမည့်သူမို့ မချစ်သော်လည်း အောင့်ကာ နမ်းရမည်ပေါ့။ ယခုလည်း မနက်ဖြန်တွေ့ရန် သူ စီစဉ်သည့် အတိုင်း ငုဝါ လက်ခံခဲ့သည်။ ကူညီပါသည်ဟု ခေါင်းစဉ် တပ်ထားသည့်နောက်တော့ ချက်ချင်းငြင်းလိုက်ဘို့မသင့်ဘူး မဟုတ်လား။ 

လိုတိုးပိုလျှော့ ပေါင်းသင်း ဆက်ဆံရမည် ပေါ့လေ။ အိမ်ပြန်ရောက်တော့ မိမိကို စိုးရိမ်စိတ်နှင့် မျှော်ကာ မအိပ်နိုင်ရှာသေးသော မေမေ့ကို အစစ အရာရာ အဆင်ပြေကြောင်း ပြောပြရသေးသည်။ ငုဝါ အိပ်ရာ၀င်တော့ သန်းခေါင်ကျော်၍ နာရီသံချောင်းပင် ( ၂ ) ချက်တီးနေပြီ။

အိပ်ယာထဲက မထွက်သေးဘဲ အတွေးရေယာဉ်ကျောတွင် မြောနေသောငုဝါ အပြင်မှ မေမေ့ ချောင်းဆိုးသံကြားမှပင် သတိ၀င်မိတော့သည်။ အနားရှိ စားပွဲတင်နာရီလေးကို ကြည့်မိတော့ အချိန်က (၉) နာရီခွဲ။ နေတောင် အတော်မြင့်ပြီပဲ.. အိပ်ယာထဲမှ ထခါ မီးဖိုချောင်တွင် အလုပ်များ နေသော မေမေ့နား လာခဲ့၏။

“ ဘာတွေ လုပ်နေတာလည်းမေမေရာ.. ငု ကိုနှိုးတာ မဟုတ်ဘူး…”

“ ပြီးနေပါပြီ သမီးရယ်… သည်နေ့က စပြီး သမီး ထမင်းချိုင့် စီစဉ်စရာမှ မလိုတော့ဘဲ… နောက်နေ့တွေလည်း အိပ်ရေး ၀ အောင် အိပ်.. မီးဖိုချောင်ကို မေမေပဲ ပြန်တာ၀န်ယူမယ်.. သမီးလည်း နားရ.. မေမေလည်း မပျင်းတော့ဘူးပေါ့…”

“ သည်နေ့ အပြင်ခဏ သွားရဦးမယ်မေမေ.. ၀ယ်စရာလေးတွေ ရှိလို့…”

“ ဘယ်ချိန်သွားမှာလည်း..”

“ နေ့လည်လောက်မှပါ..”

“ အေးအေး.. လုပ်လေ.. မျက်နှာသစ်.. မေမေ ထမင်းကြော်ထားတယ်.. စားလိုက်ဦး..”

“ ရှေ့အပတ်ထဲ ဆရာ၀န် ပြန်ပြရမှာနော်.. မေမေ.. ငု မေ့နေရင်လည်း သတိပေးဦး..”

“ အေးပါ သမီးရယ်.. ငါ့သမီးလေးလည်း မေမေ့ကြောင့် ပင်ပန်းနေရပြီ..”

“ အဲ့ဒါ နည်းတဲ့ကုသိုလ်လား မေမေရဲ့… မေမေ သိလား.. အဲဒီ ကုသိုလ်တွေကြောင့် ငု ဘာလုပ်လုပ် အဆင်ပြေနေတာ ဖြစ်မယ်.. အာ့မို့ငုကို ဘယ်တော့မှ စိတ်မပူနဲ့. ပို အရေးကြီးတာက မေမေ့ အတွက်နဲ့ ငု ပင်ပန်းတယ်လို့လုံး၀ မတွေးပါနဲ့ မေမေရယ်… နော် .. ”



အပိုင်း ( ၅ ) ဆက်ရန် >>>>




Print Friendly and PDF

No comments:

Post a Comment