Wednesday, December 20, 2023

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၉)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၉)

ဂျင်ကလိ ရေးသည်။

ရုတ်တရက် ဦးအောင်ဘညို ကျော်ကျော့်ကိုတွေ့ချင်လာသည်။ လိင်ကိစ္စ အတွက်မဟုတ်ပါ။ ခုချိန်မှာသူ့ ရင်ထဲ ခံစားနေရသည့် အကြောင်းအရာတွေ တယောက်ယောက်ကိုပြောပြချင်၏။ မသူဇာ၏ရက်စက်ခြင်း၊သိင်္ဂ ီ့၏ သနားစရာကောင်းမှု၊ ဦးအောင်ဘညို ရင်ထဲ မချိရဆုံးက အရွယ်မတိုင်သေးဘဲ မိန်းမကြီးတ ယောက်ပမာ ရင့်ကျက်သွားရသည့် ဖူးဖူး။ အမကြီးတော့ အမိအရာဆိုသလို မောင်ငယ်လေးနှစ်ယောက် ကို လက်ဆွဲပြီး ရင်ဆိုင်ဖို့တည်ငြိမ်စွာပြင်ဆင်နေသည့် သမီးအတွက် ခံရအခက်ဆုံးဖြစ်၏။ အခုတောင်မှ အငယ် ဆုံးမောင်လေး၏ တာဝန်ကို သူမ၏ပုခုံးလေးပေါ်တင်ယူလိုက်ပြီဖြစ်သည်။

တယောက်ယောက်ကိုပြောပြလိုက်ရလျှင် ပေါ့ပါးသွားလေမလားဦးအောင်ဘညို တတိယမြောက်ခွက်ကို မော့ရင်း တွေးနေမိ၏။ ဒါပေမယ့်ပြောပြစရာ လူမရှိပါ။ ဒီလိုအိမ်တွင်းရေးအရှုပ်ထုပ်မျိုးကို ဘယ်သူ့ထံတွင် ဖြည်ရမည်နည်း။ ကျော်ကျော် ကတော့ သူမ၏ ဟန်အတိုင်း အေးတိအေးစက်နားထောင်ပေးလိမ့်မည် ထင် သည်။ ကျော်ကျော့် ဆီက နှစ်သိမ့်အားပေးမှုကို မမျှော်လင့်ပါ။ ကျော်ကျော်က အရင်ထက်ပိုစကားပြောလာ သော်လည်း ဖွယ်ဖွယ်ရာရာ အားပေးမှုကိုတော့ မျှော်လင့် နိုင်သည်မဟုတ်။ ပြီးတော့ မိမိ နှင့်အိပ်နေသောယောက်ျား နှင့် အိပ်ဖူးသည့် မိန်းမတွေအကြောင်းဖြစ်သည်။ ဒါပေမယ့် သမီးကို သနားသည့် အဖေ တ ယောက်၏ ခံစားမှုကိုတော့ ကျော်ကျော် နားလည်ပေးနိုင်မည်ထင်၏။သူမ၏ ဖခင်ကို ကျော်ကျော် အလွန် ချစ်ကြောင်း ရှားရှားပါးပါး စကားတွေထဲကပင် ဦးအောင်ဘညို ရိပ်မိခဲ့သည်။

လက်က နာရီကိုမြှောက်ကြည့်လိုက်သည်။ ခြောက်နာရီကျော်ပြီ။ သူမ၏ တိုက်ခန်းသို့ ဦးအောင်ဘညို ရောက်သွားချိန်လောက်ဆိုလျှင် ကျော်ကျော် ရုံးက ပြန်လာတာ နှင့်အတော်ပင်ဖြစ်သည်။ ပုလင်းနှင့် ခွက် ကို စားပွဲပေါ်ပြန်တင်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ လှေခါးဝမှာ ရပ်ရင်း သိင်္ဂ ီနေသွားသည့် အခန်း ဖက် သို့ ကြည့်ကာစိတ်ထဲကတောင်းပန်မိ၏။ ဦးအောင်ဘညို ကို အလွန်ချစ်သည့် သိင်္ဂ ီသည် ဦးအောင်ဘညို၏ ရင်ထဲက ခံစားချက်ကို နားလည်ပေးလိမ့်မည်ထင်ပါသည်။ အခြေအနေ တွေအားလုံးကိုနားလည်သဘော ပေါက်စွာ ခွင့်လွှတ်ပေးလိမ့်မည်ဟု ဦးအောင်ဘညို ဆို့နင့်စွာတွေးလိုက်မိ၏။ အသက်ကို ခပ်ပြင်းပြင်းရှုကာအားတင်းလိုက်ပြီး မပြေးရုံတမယ် ခြေလှမ်းတွေ နှင့် လှေခါး အတိုင်းမြန်မြန်ဆင်းလာမိသည်။အိမ် အောက် ရောက်တော့ ဖူးဖူး နှင့် ပြန်ဆုံ၏။ ဦးအောင်ဘညို ထံမှ အရက်နံ့ကြောင့် ဖူးဖူး မျက်နှာလေး ငယ်သွား၏။

“ဖေဖေ အပြင်သွားဦးမယ် သမီး”

“အိမ်မှာပဲ သောက်ပါလားဖေဖေရယ်၊ ကုန်နေလို့လား”

လက်မောင်းကို ဆွဲ ပြီးဖခင်ကို ကြင်နာသည့် အကြည့်ဖြင့်ကြည့် ရင်းပြောလာသည့် ဖူးဖူးပါးလေးကို လက် နှင့် အသာအယာပွတ်လိုက်မိသည်။

“အရက်သောက် မလို့ မဟုတ်ပါဘူး သမီးရယ်၊ အသိတယောက်နဲ့ သွားတွေ့မလို့ပါ”

“ဒါဆို စောစောပြန်ခဲ့နော်”

“အင်းပါ သမီးရဲ့၊ သိပ်မကြာပါဘူး”

ကားမောင်းထွက်လာရင်း မသူဇာ၏ တရားဆောင်ဆီ မျက်စိရောက်သည်။ မှောင်မဲပြီးတိတ်ဆိတ်နေ၏။ ခြံ နှစ်ခုကြားမှ မီးတိုင်ပင် မလင်းတော့။ ဦးလေးစိုး မလိုအပ်တော့၍ ပိတ်ထားလိုက်ပြီ ထင်သည်။ကျော်ကျော် တို့လမ်းထဲရောက်တော့ ကားရပ်စရာနေရာ တော်တော် နှင့်မတွေ့။ ခါတိုင်းရပ်နေကျနေရာတွင် အခြားကားတစီးက ရပ်ထားနှင့် ပြီးဖြစ်နေသည်။ လမ်းဆုံးခါနီးရောက်တော့မှ ဖြိုချလက်စ တိုက်ဟောင်းကြီး တခုနားမှာနေရာတွေ၏။ အပေါ်က တခုခုပြုတ်ကျမှာ စိုးပြီးတခြားသူတွေ လာမရပ်ကြတာဖြစ်မည်။

ဦးအောင် ဘညိုကတော့ ဂရုစိုက်မနေတော့ဘဲ ဝင်ရပ်လိုက်၏။ လမ်းအဆုံးဖက်ရောက်သွား၍ လမ်းတော်တော်ပြန် လျှောက်လိုက်ရသည်။အခန်းဝရောက်တော့ တံခါးနှစ်ဆင့်လုံးပိတ်ထားသည်။ သံတံခါးကို အပြင်ကသော့ခတ်ထားသည် ဖြစ်ရာ ကျော်ကျော် ပြန်မရောက်သေးဟု သိလိုက်ရသည်။ အထဲရောက်မှဖုန်းဆက်ကြည့်တော့မည်ဟု စဉ်းစား ပြီး ကိုယ့်သော့ နှင့်ကိုယ်ဝင်လိုက်သည်။ အိမ်ထဲမှာလည်း မှောင်မဲနေ၏။ အထဲရောက်မှ မီးဖွင့်လိုက်ပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဦးအောင်ဘညို အံ့သြသွားရသည်။

TV နှင့် ခုံတွေပေါ်မှာ အဝတ်စတွေသပ်သပ်ရပ်ရပ် အုပ်ထား၏။ ဦးအောင်ဘညို နှင့် ကျော်ကျော် ဒီအိမ် ကို စရောက်သည့်နေ့ က မြင်ကွင်း အတိုင်းပင်။ ဖုန်တွေရှိမနေတာသာကွာခြား၏။ အိမ်အနောက်ဖက်ကို ဝင်သွား ပြီးမီးဖွင့်ကြည့်လိုက်ရာ အရာအားလုံးရှင်းလင်းနေသည်။ စားပွဲခုံ၊ မီးဖို၊ အားလုံးသူ့နေရာ နှင့်သူ ရှိသည်။ သို့သော် ပန်းကန်စင်ပေါ်မှာ၊စားပွဲပေါ်မှာ အိုးခွက်ပန်းကန် တခုမှ မတွေ့ရပါ။ သူမလာနိုင်သည့်ရက်တွေထဲမှာ ကျော်ကျော် ဘာတွေလုပ်နေသနည်း။ ဦးအောင်ဘညို မတွေးတတ်နိုင်အောင်ပင်။

အိတ်ထဲကဖုန်းထုတ်ပြီးကျော်ကျော့် နံပါတ်ကို ခေါ်လိုက်ရာ စက်ပိတ်ထားပါသည် ဆိုသည့် အဖြေကိုသာရ၏။

အိပ်ခန်းထဲ သို့အပြေးတပိုင်း ဝင်သွားပြီး မီးဖွင့်ကြည့်လိုက်ရာ အဝတ်စနှင့်လုံအောင်အုပ်ထားသည် ကုတင်ကြီးကိုမြင်ရ ပြန်သည်။ အခန်းထဲမှာ လည်းအားလုံးရှင်းနေပြီး မှန်တင်ခုံကိုတော့ ဘာနှင့်မှ အုပ်မထား။ မှန်တင်ခုံပေါ်တွင် တော့ ကျော်ကျော့်ကို ပေးထားသည့် ဖုန်းလေးကိုမြင်လိုက်ရသည်။ ဖုန်းအောက်မှာ စာရွက်ခေါက်လေးတခု။ ဘေးမှာတော့ အားသွင်းသည့် charger လေးကို တွေ့ရ၏။

သိလိုစိတ်ကြီးစွာဖြင့် စာရွက်ကို ဆွဲယူကာဖြန့်ကြည့်လိုက်မိသည်။


အကိုကြီး

အခေါ်အဝေါ်ထူးဆန်းနေလို့ အံ့သြချင်အံ့သြနေမှာပဲ။ မေရှင်းပြပါရစေ။

အကိုကြီး ဒီစာကို ဖတ်နေရတဲ့ အချိန်မှာ မေ ဒီအိမ်မှာ ရှိတော့မှာမဟုတ်ပါဘူး။မေတခါတုန်းကပြောဖူးပါ တယ်။ ဒီကနေထွက်သွားရင် ဘာမှပြောမနေပဲ ဒီအတိုင်းထွက်သွားမယ်လို့။ခုလဲ  ဒီတိုင်းထွက်သွားဖို့ မေ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် အကိုကြီး စိတ်အနှောက်အယှက်ပိုဖြစ်ရမှာစိုးတာကြောင့် အားလုံးကို  စာရေးရှင်းပြခဲ့ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကိုကြီးသိသင့်တယ် လို့လဲထင်ပါတယ်။

မေ့နာမည်ကို ကျော်ကျော်မေ လို့ပဲ ပြောခဲ့ပေမယ့် မွေးစမှာ ဖေဖေပေးခဲ့တဲ့နာမည်တခုရှိပါသေးတယ်။ နောက်မှ မေမေ့ ကို နှစ်သိမ့်ချင်တာကြောင့် ကျော်ကျော်မေ လို့ နာမည်ပေးလိုက်ပါတယ်။ မေ့ကို ဖေဖေ ခေါ်တဲ့ နာမည်က “သီရိ” တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ မေ့ မှာ အမ နှစ်ယောက်ရှိတယ်။ အဖေတူအမေ ကွဲအမတွေပေါ့။ သူတို့ကတော့ လောကမှာ မေရှိတယ်ဆိုတာတောင် မသိကြရှာပါဘူး။ မေကလည်း သူ တို့ကို ဖေဖေပြောပြောပြတဲ့ နာမည်တွေအနေနဲ့ပဲ သိခဲ့ပါတယ်။ တခါမှ မမြင်ဖူးခဲ့ပါဘူး။ မေ့ကို ဖေဖေကဘာလို့ သီရိ လို့နာမည်ပေးတာလဲ ဆိုတော့ မေ့ အမကြီးနာမည်က “သူဇာ” တဲ့။ အမငယ် က “သိင်္ဂ ီ” တဲ့။မေ့ ဖေဖေရဲ့နာမည်က ဦးဘဦးပါ။

 မေမေ ကတော့ဒေါ်သက်ထားတဲ့။

အသက်အရွယ်ချင်းလဲကွာ၊ ဂုဏ်ရည်လဲကွာခြားတဲ့ အပြင် အိမ်ထောင်သည်လဲ ဖြစ်တဲ့ ဖေဖေ နဲ့ မေမေဟာ အချစ်ဆိုတာကို အကြောင်းပြုပြီး လက်တွဲခဲ့ကြတယ်။ မေမေက ဖေဖေ့ရဲ့ပွဲရုံက အလုပ်သမလေး ပါ။ အားလုံးက ဝိုင်းပြီးကန့်ကွက်နေတဲ့ ကြားကနေ ဖေဖေက မေမေ့ကို လက်ထပ်ပြီး အိမ်တဆောင်မီးတပြောင်နဲ့ထားခဲ့တယ်။ ဒါကိုမကျေနပ်တဲ့ ဖေဖေ့ရဲ့ ဇနီး ဒေါ်ခင်မြတ်မြတ်ဌေးက ဖေဖေမရှိတုန်း အိမ်အထိရောက် လာပြီး မေမေ့ကို ရန်တွေ့ခဲ့တဲ့ အပြင် ကိုယ်ထိလက်ရောက်ပါ ရိုတ်နှက်တဲ့ အထိလုပ်လာလို့ ဖေဖေ က အဆင်ပြေအောင် ညှိနှိုင်းဖို့ကြိုးစားပေမယ့် ဒေါ်ခင်မြတ်မြတ်ဌေးက မေမေ နဲ့ ဆက်ပေါင်းမယ် ဆိုရင်သူ့ကို ကွာရှင်းပေးဖို့ တောင်းဆိုလာတာကြောင့် မေမေ့ကို အရမ်းချစ်၊ အရမ်းသနားတဲ့ ဖေဖေက ကွာရှင်းပေးပြီးပိုင်ဆိုင်သမျှ အကုန်လွှဲပေးခဲ့တယ်။ အဝတ်တထည် ကိုယ်တခုနဲ့ မေမေ့ ဆီရောက်လာပြီး မန ္တလေး မှာလဲ မနေတော့ဘဲ တမြို့တရွာကိုပြောင်းရွှေ့အခြေချလိုက်ကြပါတယ်။

မလွှဲသာလို့ ဝေးနေရပေမယ့် သမီးနှစ်ယောက်ကို ဖေဖေ အရမ်းသတိရရှာပါတယ်။ မေ့ကို မွေးလာတော့လဲသမီးကြီးတွေနဲ့ လိုက်ဖက်တဲ့ နာမည်သီရိလို့ ပေးခဲ့သလို မေသိနားလည်လာတဲ့ အရွယ်ရောက်တော့လဲ အမ တွေ အကြောင်း သတိရတိုင်းပြောပြတတ်ပါတယ်။ ဒါကြောင့် မေလည်း မမြင်ဖူးပေမယ့် အမတွေနာမည်ကိုတော့ရင်းနှီးပြီးသားသူတို့ကို စိတ်ထဲကနေခင်မင်ပြီးသားပါ။ ဖေဖေ က သူတို့ဆီ တခေါက်မှ ပြန်မသွားတော့ဘူးဆိုတော့ သူတို့ကတော့ မေ့ အကြောင်း မသိနိုင်ဘူးလေ။ ဖေဖေ ကတော့ သူတို့အကြောင်း တွေကို အိမ်ကို မကြာမကြာရောက်လာတတ်တဲ့ ဖေဖေ့ တပည့်ဟောင်း ဦးမောင်စိုးဆီကနေ တဆင့်သိနေခဲ့ပါတယ်။ မေကလည်း ငယ်သေးတော့ အမကြီး မသူဇာ အိမ်ထောင်ကျသွားတာကိုသိပေမယ့် အမကြီး ခင်ပွန်းနာမည်ကဦးအောင်ဘညို ဆိုတာ မသိခဲ့ပါဘူး။

မသူဇာ ဆေးရုံကဆင်းတဲ့ နေ့မှာ အကိုကြီး နဲ့ တူတူ တွေ့ခဲ့ရပေမယ့် မေ့ အမ တွေမှန်းလဲ မသိခဲ့ဘူးလေ။ဦးမောင်စိုး ကိုမြင်ပေမယ့် လည်း မဆက်စပ်မိဘူး။ အရမ်းလှတဲ့ မမဟာ မေ့အမ မသိင်္ဂ ီဆိုတာ မသိခဲ့ဘူး။မသိင်္ဂ ီ ရဲ့ ကံဆိုးမှု အတွက် မေလည်း စိတ်မကောင်းဖြစ်ရပါတယ်။ တယောက်ကို တယောက် မသိကြပေ မယ့် သူဟာမေ့ရဲ့ အမပဲလေ။

မသိင်္ဂီ ရဲ့နာရေးသတင်းကို ဖတ်ရမှ ဖေဖေ့နာမည်၊ ဒေါ်ခင်မြတ်မြတ်ဌေး ရဲ့နာမည် နဲ့ အကိုကြီးတို့ နာမည်တွေ တွေ့မှ မေ အားလုံးဇာတ်ရည်လည်တော့တယ်။ ကြောက်လဲ အရမ်းကြောက်သွားမိပါတယ်။

အရင်က မေမေ့ အတွက်နဲ့ ဖေဖေ့ ရဲ့မိသားစု ပြိုပျက်ခဲ့ရတယ်။ အခုလည်း မေ့ကြောင့် ပြဿနာတွေထပ် မဖြစ်ချင်တော့ဘူး။ မေ နဲ့ အကိုကြီး ရဲ့ပတ်သက်မှုကို အမကြီး မသူဇာသိသွားမှာ မေမလိုလားဘူး။ တစိမ်းတွေ မဟုတ်ဘဲ မေက မသူဇာတို့ မိသားစုကို တကွဲတပြားဖြစ်စေခဲ့တဲ့ ဒေါ်သက်ထားရဲ့ သမီးဖြစ်နေတာကြောင့် အမကြီး အတွက်ပိုပြီး ခံစားရခက်ပါလိမ့်မယ်။ မေ ဒုတိယ မသက်ထား မဖြစ်ချင်ပါဘူး။ ဒါကြောင့်မေ ထွက်သွားပါပြီ။ ရန်ကုန်မှာလဲ ရှိနေမှာ မဟုတ်လို့ အကိုကြီး နဲ့ မေ တွေ့နိုင်မှာလည်း မဟုတ်ပါဘူး။

အ လုပ်ကလဲ ထွက်ခဲ့ပါပြီ။မိသားစု နဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နေပါလို့ပြောချင်ပါတယ်။ အကိုကြီးအတွက် အသက်ကြီး မှ စွန့်စားပြီး ကလေးတယောက်မွေးပေးခဲ့တဲ့ မသူဇာကိုလည်း အရင်ထက် ကြင်ကြင်နာနာ ဆက်ဆံပါ အ ကိုကြီး ရယ်။အကိုကြီး ကို ချစ်လို့သာအမကြီးက ဒီလို ကလေးတယောက်ထပ်မွေး ပေးတာပေါ့။ မိန်းမ ဆို တာ ကိုယ် တကယ်ချစ်တဲ့ သူရဲ့ ရင်သွေးကို လွယ်မွေးဖို့ ဘယ်တော့ မှ နောက်တွန့်ကြတာ မဟုတ်ပါဘူး။

အကိုကြီးရဲ့စောင့်ရှောက်မှု အောက်မှာ အေးအေးချမ်းချမ်း လုံလုံခြုံခြုံ နေခဲ့ရတဲ့ အချိန်တွေအတွက် အရမ်း ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို တသက်လုံးမမေ့ပါဘူး။ အရက်တွေလဲ တအားမသောက်ပါ နဲ့တော့။ ကြာလာရင် ကျန်းမာရေးကို ထိခိုက်မယ် ဆိုတာ အကိုကြီးလည်း မသိဘဲနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ညီ မတယောက် အနေ နဲ့ ကိုယ့်ရဲ့ အကိုကြီးကို စေတနာ နဲ့ပြောတာဖြစ်လို့ ဆင်ခြင်ပေးပါ အကိုကြီးရယ်။

အကိုကြီးပေးခဲ့တဲ့ ပိုက်ဆံတွေ မေ ကုန်အောင်မသုံးနိုင်ပါဘူး။ မေ့ဆီမှာတော်တော် များများကျန်နေတယ်။အားလုံးမေယူသွားပါတယ်။ ဒီငွေ တွေ ကိုမေ အကျိုးရှိအောင်အသုံးချပြီး ဘ၀ တခုရပ်တည်နိုင်အောင် ကြိုးစား မယ်လို့လဲ ကတိပေးပါတယ်။ မေ့ အတွက်ပူပန် မနေဘဲ မိသားစု ကိုသာကြင်ကြင် နာနာ နဲ့ ဂရု စိုက် ပေးပါ အကိုကြီး။ မေ့ အမ နဲ့ တူ၊ တူမ တွေကို ဂရုစိုက်ပေးရင် မေ့ ကို ဂရုစိုက်သလိုပဲလို့ မေကျေနပ်နေမှာပါ။ မေ့အတွက် အသုံးမလိုတော့တဲ့ ဖုန်းကိုတော့ ထားခဲ့ပါတယ်။ အိမ်သော့ကိုတော့ အပြင်တံခါးဘေးက စာထည့်တဲ့ ဗူးလေးထဲမှာ တိပ်နဲ့ ပတ်ပြီးထည့်ထားခဲ့မယ်။ အကိုကြီး ပြန်ထွက်ရင် ယူလိုက်ပါနော်။

မေ အခုပြောနေတာတွေက အရမ်းကို ရုပ်ရှင်ဆန်လွန်းလို့၊ ပြဇာတ်တပုဒ်၊ ဝတ္တုတပုဒ် လိုဖြစ်နေလို့ အကိုကြီးယုံချင်မှလဲ ယုံပါမယ်။ ဒီကောင်မလေး ထွက်ပြေးချင်လို့ ဇာတ်လမ်း တွေဆင်ပြတယ် လို့ထင်ရင် လည်းမေ နားလည်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ အကိုကြီးတို့ မိသားစုနဲ့ အတူတူ ရှိနေတဲ့ ဖေဖေ့ရဲ့ တပည့်ရင်း ဦးမောင် စိုး ကို အကြောင်းစုံ မေးကြည့် နိုင်ပါတယ်။ ခုချိန်ခါမှာ မေ့ရုပ်ရည်ကို မမှတ်မိတော့ရင်လည်း သူက သီရိ လို့ ပဲ သိတဲ့ သူ့ဆရာ ဦးဘဦး သမီးလေး အကြောင်း မေးကြည့်နိုင်ပါတယ်။

ဒီလောက်ပါပဲ အကိုကြီးရယ်။ အရမ်းကျေးဇူးတင်ပါတယ် ဆိုတာကိုတော့ ထပ်ပြောပါရစေ။ တသက်လုံးသေ သည်အထိ မေအားလုံး ကို သတိရနေမှာပါ။

အကိုကြီးတို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေလို့ မေအမြဲဆုတောင်းနေပါ့မယ်။

မေ။

..............................................

“ဟာ …ဘာတွေလဲကွာ”

စာဆုံးသည် အထိ အသက်တောင် ဖြောင့်အောင်မရှူ နိုင်ဘဲ ဖတ်နေမိရင်း စာဆုံးသည် နှင့် စိတ်လှုပ်ရှား စွာ အော်ပစ်လိုက်မိသည်။ ပြီးတော့မှ ဒရီးဒယိုင်ဖြင့် ကုတင်ဆီလျှောက်သွားပြီး အိပ်ယာပေါ် သို့ ဦးအောင်ဘညို ကိုယ်လုံးကြီး ကို လေးလံစွာ ပစ်ချလိုက်သည်။ဘယ်လို မိန်းမတွေနည်း။ သိင်္ဂ ီကတော့ထားတော့။ ကံမကောင်း အကြောင်းမလှ၍သာ ခွဲခွာသွားရရှာသည်။မသူဇာ၊ ပြီးတော့ ကျော်ကျော်။ သူတို့ အကြောင်းပြချက်တွေ နှင့် သူတို့ ဦးအောင်ဘညိုကို စွန့်ခွာ ပြေးကြ သည်။

“နောက်ဆုံးတော့ ဒီသောက်ရူးကြီးပဲ ကျန်တာပေါ့”

မချိတင်ကဲ ညည်းညူရင်း ကျော်ကျော့် စာကို နောက်တခေါက်ထပ်ဖတ်မိပြန်သည်။ ဦးဘဦး နောက်အိမ် ထောင်ပြု ပြီးလင်မယားကွဲကြတာကိုတော့ ဦးအောင်ဘညို လည်းသိသည်ပင်။ နောက်မိန်းမ နာမည်ကိုတော့ မသူဇာ ပြောဖူးသလိုလိုရှိသည်။ ကျော်ကျော် ပြောသည့် သက်ထား ဆိုတာလားတော့ သေသေချာချာ မမှတ် မိပါ။ ဒီမိန်းမ အပေါ် ပေးသည့် မသူဇာ၏ မှတ်ချက်ကတော့ ပြင်းထန်ရင့်သီးတာကို မှတ်မိနေသည်။ သိင်္ဂ ီ က တော့ဒါတွေပြောလေ့ မရှိပါ။ ထိုအချိန်က သူမ ငယ်လွန်းသေးတာကြောင့် ကောင်းကောင်းမသိတာလည်း ပါမည်။ ဦးအောင်ဘညိုကတော့ ဟိုတုန်းက လူကြီးတွေ ကိစ္စ စိတ်မဝင်စားပါ။ ကိုယ်နှင့် လည်း မဆိုင်၍ ဖာသိဖာသာနေခဲ့သည်။ ခုတော့ တိုက်တိုက် ဆိုင်ဆိုင်

ထိုအရှုပ် က ဦးအောင်ဘညိုကို လာပတ်၏။

ကျော်ကျော် ပြောတာတွေ အမှန်ဆိုလျှင် ကျော်ကျော်ထွက် မသွားသင့်။ အကျိုးအကြောင်းပြောပြသင့်သည်။ ဒါဆိုလျှင် ဦးအောင်ဘညို အခုထက်ပင် သူမကို ထောက်ပံ့ ကြည့်ရှု့ဖို့ အခွင့် အရေးတွေ ရနိုင်၏။ မသူဇာ၏ ညီမ အဖြစ်ဖြင့် ပေါ်ပေါ်ထင်ထင် စောင့်ရှောက်ပေးခွင့်ရမည်။ ခုလို တိုက်ခန်းလေး အစား အိမ်ဝယ်ပေး၊ ကား ဝယ်ပေး လျှင်တောင် တင့်တယ်သည်။ ဒါပေမယ့် ကျော်ကျော့် ဖက်ကို ပြန်တွေးပြန်သော အခါသက်ပြင်းချမိ၏။ သူမ နှင့် ဦးအောင်ဘညို ဆက်ဆံရေးက သာမန်အဆင့် မဟုတ်။ မရိုးသား လို့တောင်ဆို နိုင်သည်။ မသူဇာ သိလျှင် ဖြစ်စေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိလျှင်ဖြစ်စေ မကောင်းသည့် အနေအထား ဖြစ် သည်။

ဦးအောင်ဘညို သိင်္ဂ ီ့ကို ရင်တနင့်နင့် ဖြင့်သတိရမိပြန်သည်။ စိတ်ထားပျော့ပျောင်းသည့် သိင်္ဂ ီကတော့ အကြောင်း အကျိုးခိုင်လုံပါလျှင် ကျော်ကျော့် ကို ညီမငယ်အဖြစ်ကျေကျေ နပ်နပ် လက်ခံ စောင့်ရှောက် မည်မှာ လုံးဝသေချာသည်။ မသူဇာကတော့ လွယ်မှာမဟုတ်။ ဖခင်၏ နောက်ဇနီး အပေါ် မသူဇာ သဘော ထား ပြင်းထန်တင်းမာသည်ကိုဦးအောင်ဘညို သိနေ၏။ ဒီမိန်းမ၏ သမီး ဆိုသူမိန်းကလေး ကို ဦးအောင် ဘညိုက တိုက်ခန်းတခုပေးထားပြီး အတူသွားအိပ်နေကြောင်းသာ သိလို့ကတော့ စိတ်ကြီးသော မသူဇာ နှင့် ဦးအောင်ဘညို ကြားမှာ မီးဟုန်းဟုန်းတောက်ရပေတော့မည်။

သိင်္ဂ ီတောင်မှ ဒါကိုလက်ခံဖို့ မလွယ်ပါ။ သိင်္ဂ ီကတော့နောက်ကြောင်း အတိတ်တွေ စိတ်ဝင်စားမည် မဟုတ်။ သူမ ချစ်သော ဦးအောင်ဘညိုကို တခြားမိန်းမတယောက် နှင့် မကြည်ဖြူတာမျိုးသာဖြစ်လိမ့်မည်။ ကျော် ကျော် ကလည်း ရှည်ရှည်ဝေးဝေး တွေးနေမှာ မဟုတ်။ ဦးအောင်ဘညို၏ အကူအညီ အထောက်အပံ့ ကို တောင် မတတ်သာလို့ယူခဲ့သူဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့သာ တွေးနေတတ်သည့် ကျော် ကျော်ကလည်း ပြဿနာ အစကိုတွေ့သည် နှင့် သူမလုပ်သင့်သည် ထင်တာကို လုပ်သွားခဲ့သည်။

ကျော်ကျော့် ကို ပိုက်ဆံ ဘယ်လောက်ပေး ခဲ့ဖူးသည်ကို ဦအောင်ဘညို မှတ်သားမထားမိပါ။ ချွေတာပြီးကပ် စေးနည်းသည့် ကျော်ကျော့် အတွက် ပိုလျှံကောင်းပိုလျှံနိုင်သည်။ဒါပေမယ့် အလုပ်က ထွက်ခဲ့ပြီဖြစ်ရာ ကျော်ကျော် ဘယ်လောက် ကြာကြာရပ်တည် နိုင်မည်နည်း။ တခြားမှာဆိုလျှင် စားစရိတ်သာ မက နေစရိတ်ပါတက်လာတော့မည်။ကျော်ကျော့် ကို ဒုက္ခ မရောက်စေလိုပါ။ အတူပတ်သက်ခဲ့သည့် သံယောဇဉ် အပြင် မသူဇာနှင့် သိင်္ဂ ီ၏ ညီမလည်းဖြစ်နေပါလျှင် သူမနှင့် ပတ်သက်ပြီး ဦးအောင်ဘညို မှာတာဝန်ရှိသည်ဟု ခံ ယူမိ၏။

“ဘာလုပ်ရမလဲ သိင်္ဂ ီရယ်”

အမြဲလို သူ့ဖက်ကသာရပ်တည်လေ့ ရှိသော သိင်္ဂ ီ့ကို သတိတရဖြင့် ဦးအောင်ဘညို တမ်းတမိသည်။ ပိုင်ရှင် မဲ့စွာဖြင့် ရှင်းလင်းတိတ်ဆိတ်နေသော အခန်းထဲမှာ ကျော်ကျော့်အရိပ်ကိုမြင်ယောင်ရင်းလည်း လွမ်းမိသည်။

စိတ်နောက်ကိုယ်ပါ လုပ်တတ်သည့် ကျော်ကျော်သည် အဆောင်ကနေထွက်လာပြီး အရက်မူးနေသည့် ဦးအောင်ဘညို နှင့်တွေ့ကာဒီနေရာကို ရောက်လာသည်။ အခုလည်းထွက်သွားပြန်သည်။ လက်ထဲမှာ လည်းပိုက်ဆံ အနည်းအကျဉ်းပါသွား နိုင်၍ ရုတ်တရက်တော့ အကြပ်အတည်းတွေ့မည်မဟုတ်။ ပိုက်ဆံ အခက်အခဲဖြစ်ချိန် တွင်မသူတော် နှင့်များတွေ့လျှင် ခက်မည်။ကျော်ကျော် က စိတ်ဓါတ်တော့ ခိုင်မာပါ သည်။ ဦးအောင်ဘညို နှင့် တွေ့ချိန်ကသာ သူမမှာ ကူကယ်ရာမဲ့ ပြီး ထွက်ပေါက်ပိတ်နေ ချိန်ဖြစ်လို့  နေစရာရဖို့ ဖြစ်ချင်ရာဖြစ်စေ ဆိုသည့် စိတ်မွေးပြီးလိုက်လာခဲ့ခြင်းဖြစ်၏။

“မသူဇာ ညီမ ဆိုတာ ဟုတ်နေမလားမသိဘူး၊ ဒီလို အချိုးတွေကတော့ တဖြတ်ထဲပဲ၊ ထင်ရာစွတ်စွတ် လုပ်တယ်”

ဂရုဏာဒေါသဖြင့် မချိတင်ကဲရေရွတ်မိသည်။ အိပ်ယာပေါ်မှာ အဓိပ္ပါယ်မဲ့ လူးလွန့်ရင်း ဖုန်းသံကြောင့် အလန့် တကြားထထိုင်လိုက်မိသည်။ ဖုန်းပေါ်မှာ မသူဇာနာမည်ကို မြင်ရ၏။သူမ၏ လုပ်ရပ်တွေအတွက် ဦးအောင် ဘ ညိုကို ကိုယ်တိုင်အသိပေးချင်လို့ ဆက်တာပဲဖြစ်လိမ့်မည်။

“ပြောပါ သူဇာ၊ ဘာပြောချင်လို့လဲ”

တဖက်ကရယ်သံလေးကြားရသည်။

“သမီးပါ ဖေဖေရဲ့၊ မေမေ က သူ့အတွက်ဖုန်း မလိုတော့ဘူးဆိုပြီး သမီးကိုင်ဖို့ပေးသွားတယ်”

ဖူးဖူး ကို ဆယ်တန်းအောင်လျှင် ဟန်းဖုန်းဝယ်ပေးမည်ဟုပြောထားသည်။ ခုတော့ဝယ်ပေးစရာ မလိုတော့ပါ။စိတ်ညစ်ညူးနေချိန်မှာ သမီးရယ်သံလေးကြားရသည့် အခါ နည်းနည်းစိတ်ပေါ့ သွားသလိုရှိ၏။

“အော် .. ဖေဖေ က သမီးမေမေ လားလို့”

“ဖေဖေ သိပ်မကြာဘူး ဆို၊ စောစောပြန်လာဖို့ လှမ်းပြောတာ၊ ထမင်းမစားရသေးဘူး မဟုတ်လား၊ သမီး စောင့် နေမယ်နော်၊ အရက်သောက်နေတာ မဟုတ်ဘူး မဟုတ်လား။”

ကြည့်ရတာ မောင်ငယ် နှစ်ယောက် အပြင် အဖေကိုပါ ထိန်းဖို့ ဖူးဖူး စိတ်ကူးထားပုံရသည် ဟု ဦးအောင်ဘ ညို တွေးရင်း မချိပြုံးပြုံးမိသည်။

“အခုပဲ ပြန်လာခဲ့မယ် သမီး၊ ဒါနဲ့ ဦးလေးစိုးရှိလား”

“အိပ်သွားပြီဖေဖေ၊ ဖိုးစိုးဒီနေ့ သမီးကို ကူရင်း တော်တော်ပင်ပန်းသွားတယ်”

“အေးအေး၊ ဒါဆိုလဲ ရတယ်၊ ဖေဖေ ပြန်လာတော့မယ်”

ကျော်ကျော် ညာမပြောလို့တော့ထင်ပါသည်။ ကျော်ကျော်က ပေါက်ကရတွေ လျှောက်ပြောနေမည့် မိန်းက လေး မျိုးမဟုတ်။ သွားချင်စိတ်ပေါ်လာလျှင် ဘာမှမပြောဘဲ ထွက်သွားချင်သွားမည့်သူဖြစ်သည်။ ဒါပေမယ့် သေချာအောင် ဦးလေး စိုးကိုမေးကြည့်ချင်သည်။

မီးတွေပိတ်ပြီး ပြန်မထွက်ခင် အခန်းလေးကို ငိုင်တွေကြည့်ရင်း ဦးအောင်ဘညို ရင်ထဲမှာ တမျိုးကြီးခံစားရ သည်။ ဧည့်သည်ပမာ လာတတ်သူ မိမိပင် ဒီလိုဖြစ်လျှင် ကာလရှည်ကြာ ဒီအခန်းလေးထဲမှာပဲ နေခဲ့ရရှာသူ ကျော်ကျော့် ဆိုလျှင် ပိုခံစားရပေမည်။ သက်ပြင်းချရင်း တံခါးကို ပိတ်လိုက်သည်။ နောက်ဆိုလျှင် ဒီကိုပြန် ရောက်ဖို့ မသေချာတော့ပါ။ စာဗူးလေးထဲက သော့ကို နှိုက်ထုတ်ရန် ဟန်ပြင်ပြီးမှ မထုတ်တော့။ လုံး၀ မဖြစ် နိုင်တော့သော်လည်း တကယ်လို့များ ကျော်ကျော် ပြန်ရောက်လာခဲ့လျှင် အဆင်သင့်ဝင်နိုင်အောင် ဒီတိုင်းပဲထားခဲ့ပါတော့မည်။ ကျော်ကျော် ကိုင်သည့် ဖုန်းလေးကိုလည်း ထားခဲ့သည့် နေရာမှာပင်ပြန်ထားခဲ့ပါသည်။

လှေခါးထစ်တွေကို ဆင်းရင်း မူးမူး နှင့် အကြိမ်ကြိမ်တက်လာဖူးသည့် အချိန်တွေကို ပြန်တွေးမိ၏။ ဘဝဆိုတာ ဒါပဲဖြစ်ပါလိမ့်မည်။ ဖြစ်ပြီးလျှင် ပျက်သည်။ တွေ့ဆုံကြုံကြိုက်ကြပြီးနောက် အဖုံဖုံသော ခွဲခွာခြင်းတွေ ဖြစ်လာသည်။ တရား ရှင်မကြီး မသူဇာနှင့် တွေ့ခွင့်ရလျှင်တော့ ဆွေးနွေးကြည့်ချင်ပါသည်။ ရာဂကြီးသည့် အရက် သမားတယောက် နှင့်မသူဇာ ဆွေးနွေးချင်စိတ်ရှိမရှိတော့ မသိပေ။

...............................................

{ ပြီးပြည့်စုံသည့် ဘဝဟူသည်မရှိ၊ ရောင့်ရဲနိုင်သည့်ဘ၀ ဆိုသည်သာရှိ၏။

ဘဝတခုသည် အလွန်တိုတောင်းသည်ဟု ဆိုနိုင်သော်လည်း သံသရာဟူသည်ကား ရှည်ကြာလှ၏။

မရောင့်ရဲနိုင်သူတို့၏ ခရီးသည်ဝေးသည်ထက်ပို၍ဝေးလာတတ်စမြဲဖြစ်သည်။}

.........................................................

အခန်း (၃၈)

စားပွဲပေါ်က ဂျာနယ်တစောင်ကို စိတ်မပါလက်မပါ လှန်ဖတ်နေသော ဦးအောင်ဘညို နားသို့ ဦးလေးစိုး ရောက်လာသည်။

“ဆရာ ညက ကျွန်တော့်ကို မေးတယ်ဆို”

“ဟုတ်တယ် ဦးလေးစိုး၊ အရေးတော့ သိပ်မကြီးပါဘူး၊ မနက်ကလဲ ဦးလေးစိုးနဲ့ လွဲသွားတယ်”

“ဟုတ်ကဲ့ ဆရာ”

ညက အရက်မသောက်ဖြစ် သည့်အတွက် တညလုံးအိပ်မပျော် နိုင်ခဲ့ပါ။ မိုးစင်စင်လင်းမှ ခနလေးအိပ်ပျော် သွားသည်။ ဦးအောင်ဘညို နိုးလာချိန်တွင် ဦးလေးစိုးက ကလေးတွေ ကျောင်းပို့ ထွက်သွားလေပြီ။ ညနေ အိမ်ပြန်ရောက်လို့ ဖူးဖူး မသိအောင်ဘယ်လို အရက်သောက်လျှင်ကောင်း မလဲ စဉ်းစားနေချိန် မှာ ဦးလေး စိုး ရောက်လာခြင်းဖြစ်၏။

“ဦးလေးစိုး ဘာလုပ်စရာ ရှိသေးလဲ”

“မရှိဘူးဆရာ၊ ဆရာ ဘာခိုင်းမလို့လဲ”

“မေးစရာလေး ရှိလို့ပါ၊ လာဗျာ ကျွန်တော့် အခန်းသွားရအောင်”

နားမလည် နိုင်သည့် အမူအရာဖြင့် ဦးလေးစိုးနောက်ကပါလာသည်။ အရေးမကြီးပါ ဆိုသည့်ကိစ္စ ကို အခန်း ထဲ ထိခေါ်မေးတာကလည်း ဆန်းနေသည် မဟုတ်လား။

“ထိုင် ဦးလေး စိုး”

နံရံမှာကပ်ချထားသည့် ပုလင်းခွံလွတ်တွေကို စိတ်မသက်သာသည့် အမူအရာဖြင့် ကြည့်ရင်း ဦးအောင်ဘညို ထိုးပေးသည့် ခုံတွင်ဦးလေးစိုးဝင်ထိုင်လိုက်သည်။

“ဆရာ ကျွန်တော့်ကို ဘာမေးမလို့လဲ”

မေးမယ် ဆိုတော့လည်းဘယ်က စလို့မေးရမည် ကိုမသိသောကြောင့်စဉ်းစားနေစဉ် ဦးလေးစိုးက ဦးအောင် ဘညို မျက်နှာကိုကြည့်ရင်း

“ဆရာ အရမ်းပိန်သွားတယ်”

“ဖြစ်နေတာတွေကလည်း စိတ်ချမ်းသာစရာ တခုမှ မရှိတာဦးလေးစိုးရာ”

“ဟုတ်ကဲ့၊ ကျန်းမာရေးတော့ ဂရုစိုက်ပါဆရာ ရယ်၊ ကလေးတွေမယ် ဆရာတယောက်ပဲ အားကိုးရာ ရှိတော့ သလိုဖြစ်နေတယ် မဟုတ်လား”

ကျန်းမာရေး ဂရုစိုက်ပါဆိုသည်မှာ အရက်ကိုလျှော့သောက် စေချင်လို့ပြောမှန်းသိ၍ ဦးလေးစိုးနှင့် စကား ပြော ရင်းတခွက်တဖလားသောက်မည့် အစီအစဉ် ကိုလက်လျှော့လိုက်ပါသည်။

“ဒီလို ဦးလေးစိုးရဲ့၊ ကျွန်တော့် ယောက်ခမ ဦးဘဦးနဲ့ သူမဆုံးခင်အထိ ဦးလေး အဆက်အသွယ်ရှိတယ် မဟုတ်လား”

ဦးလေး စိုး မျက်လုံးပြူးသွားသည်။

“ဆရာ ဘယ်လိုလုပ်သိတာလဲ၊ ကျွန်တော်တို့ လင်မယားပဲ သိတဲ့ ကိစ္စကို၊ မကြည်ပြောတာလားဆရာ”

“ဒေါ်ဒေါ်ကြည် မဟုတ်ပါဘူး၊ ကျွန်တော် တခြားက သိတာပါ၊ ဦးဘဦး က နောက်အိမ်ထောင်နဲ့ သမီးလေး တယောက် ထပ်မွေးတယ် ဆို”

“ဟုတ်တယ် ဆရာ၊ ကျွန်တော်လည်း ဆရာကြီး ဆုံးကထဲက အဆက်အသွယ်ပြတ်သွားတာ၊ ခုဆိုရင် ကလေး မလေး လည်း အသက် နှစ်ဆယ် အစိတ်လောက်တော့ ရှိရောပေါ့”

နှစ်ဆယ့်ခြောက်နှစ်  ရှိပြီဟု စိတ်ထဲကကြိတ်ပြောလိုက်ရင်း

“သူ့နာမည် ဦးလေးစိုး သိလား”

“ဆရာကြီးခေါ်တာတော့ သီရိတဲ့ ဆရာ၊ သူဇာနဲ့ သိင်္ဂ ီရဲ့ညီမ ဆိုတော့ သီရိပေါ့တဲ့၊ ဒါပေမယ့် နောက်တော့ ကျော်ကျော် ဆိုလားယောက်ျားလေးနာမည်ပြောင်းလိုက်တယ်၊ လူကလည်းယောက်ျားလေး ကျနေတာပါပဲ၊ ငယ်ငယ်က စွပ်ကျယ်နဲ့ ကြီးလာတော့ ရှပ်အင်္ကျ ီဝတ်ပြီး အဖေနဲ့ သူငယ်ချင်းလိုနေတာ”

နာမည်တွေ အကုန်မှန်သလို စရိုတ်ကလည်း ကျော်ကျော့် စရိုတ်ပင်။ ယောက်ျားရှပ်အင်္ကျ ီတွေ ကျော်ကျော် နှစ်နှစ် ချိုက်ချိုက် ဝတ်တတ်သည် မဟုတ်ပါလား။

“ဆရာ ဘယ်လိုသိလဲတော့ မသိဘူး၊ ကျွန်တော်လဲ ဆရာကြီးဆီသွားရင် ဆရာကတော် မသိအောင် နယ်က အမျိုးတွေဆီသွားသလိုလို၊ ဘကြီးဘုန်းကြီး သွားကန်တော့သလိုလို

အကြောင်းပြပြီးသွားတာ၊ မကြည်ကို လည်း လုံအောင် ပိတ်ထားတယ်၊ ဆရာကြီးနဲ့ ပတ်သက်တာ ဆရာကတော်က မကြိုက်ဘူး၊ သူဇာ ကလည်း မကြိုက်ဘူး”

“ဦးလေးစိုးက ဦးဘဦးကို တော်တော်ခင်တာပဲ”

“ကျေးဇူးတွေ အပုံကြီးရှိတာကိုး၊ ဆရာကြီးအိမ်ကနေထွက်တော့ ကျွန်တော်တို့ပါလိုက်ဖို့ပဲ၊ မကြည်က သိင်္ဂ ီ လေးကို မခွဲနိုင်တာရော၊ ဆရာကြီးကပါ မင်းဒီမှာနေပြီး ငါ့သမီးတွေကို စောင့်ရှောက်ပါ လို့ ထားခဲ့တာကြောင့် ရော မလိုက်ဖြစ်တော့တာ၊ ဝါကျွတ်ချိန်တော့ ကန်တော့ဖို့ ကျွန်တော် ရောက်အောင်သွားတယ်၊ ကြားထဲမှာ အကြောင်းပြချက်ရှာ လို့ရရင်လဲ ရောက်တယ် ဆရာ၊ နောက်ပိုင်းတော့ ဆရာကတော် နဲ့ သူဇာက နည်းနည်းရိပ်မိသွားပုံရလို့ အသွားအလာဆင်ခြင်လိုက်ရတာ၊ ဆရာကြီးကလဲ အဆင်မပြေရင် မလာနဲ့ စာရေး ဆိုလို့ကျွန်တော် နှစ်လ တခါလောက်တော့ စာရေးပါတယ်”

မသူဇာလည်း အိမ်မှာမရှိတော့ပြီဖြစ်၍ လားမသိပါ အနည်းငယ် စကားထောက်ပေးရုံဖြင့် ဦးလေးစိုးက စိတ်ပါ လက်ပါ ရှင်းပြသည်။

“စီးပွားရေး အဆင်မပြေကြဘူးဆို”

“ဆရာကြီးက တကယ့် စီးပွားရေးသမားကြီးပါ၊ ဒါပေမယ့် စိတ်ကလည်းကျ၊ အရင်းအနှီး ဆိုလည်းမရှိသ လောက်ဖြစ်နေတော့ အောက်ခြေကနေ ပြန်ပြီးမနည်း ရုန်းကန်ရတာပေါ့၊ကံကလည်း မလိုက်တော့ အဆင် မပြေဘူး၊ ဒီကြားထဲ ကျန်းမာရေးကပါကျဆင်းသွားတော့ နာလန်မထူတော့ဘူးပေါ့ ဆရာရယ်၊ အရက်ပါစွဲ သွားတော့ အလုပ်လုပ်ရလဲ အဆင်မပြေတော့ဘူးပေါ့”

ဦးအောင်ဘညို မလုံမလဲ ဖြင့်နံရံ မှာကပ်ထောင်ထားသည့် ပုလင်းတွေဖက်ကို လှမ်းကြည့် မိသည်။ ဖခင် ဖြစ်သူ အရက်ကြောင့် ဘဝဆုံးခဲ့ကြောင်း ကျော်ကျော် ပြောဖူးသလိုလိုရှိသည်ဟု ထင်မိ၏။ ကျော်ကျော် ပိုက်ဆံ ချွေတာပြီး အသုံးအစွဲ ကျစ်လစ်သည်မှာ ဒီမပြေလည်ခဲ့တာတွေ၏အကျိုးဆက် ဖြစ်မည်။

“ကျွန်တော် ဆရာကြီးနဲ့ လာနေပြီး အလုပ်တူတူလုပ်ပါရစေဆိုလည်း မရဘူး၊ ကျွန်တော့်ကို သမီးတွေနဲ့ ပဲ နေ ခိုင်းတယ်၊ မင်းရှိနေမှ ငါ့သမီးတွေ သတင်းရမှာတဲ့၊ တခါတလေ လဲ မန ္တလေးလာပြီး သမီးတွေကို မသိ အောင်လာလာချောင်းကြည့်တတ်တယ်”

ဦးအောင်ဘညို ဆိုလည်း ဒီလိုလုပ်မိမည်ပင်။ ကျော်ကျော် လည်း ရှေ့မှာတွေ့ခဲ့သည့် နမူနာတွေကို တွေးပြီးရှောင်ပြေးသွားတာပဲ ဖြစ်လိမ့်မည်။ အပြင်ပန်း အမူအရာက ဆက်ဆံပုံအေးစက်သော်လည်း ကျော်ကျော့် မှာ စာနာတတ်သည့် နှလုံးသားရှိသည်ကို စိတ်မကောင်းခြင်းကြီးစွာ တွေးလိုက်မိသည်။ ဦးလေးစိုးက လည်းသူ ၏ ကျေးဇူးရှင်ဆရာအကြောင်းကို တမ်းတမ်း တတပြော နေသဖြင့် ကျော်ကျော့်ဆီ မရောက်သေး။ စကားကိုဖြတ်ဝင်လိုက်ရသည်။

“ဦးဘဦး သမီးကို ခုနေတွေ့ရင် မှတ်မိမလား၊ ဘယ်လိုပုံမျိုးရှိလဲ”

 “ကျွန်တော် နောက်ဆုံးတွေ့တော့ ဆယ်နှစ်၊ ဆယ့် နှစ်နှစ်လောက်ရှိသေးတာ၊ ခုနေတွေ့ရင် သိဖို့ မလွယ်ဘူး”

ကျော်ကျော့် ဆီက ဓါတ်ပုံတပုံလောက်ရခဲ့လျှင် ကောင်းလေစွဟုတွေးမိသည်။ ဒါပေမယ့် အခုအတိုင်းဆိုလျှင် သေချာသလောက်တော့ ရှိနေပါပြီ။

“ကလေးမက အရပ်ရှည်တယ် ဆရာရဲ့၊ ဆရာကြီးနဲ့တူတာ၊ ဖူးဖူး ငယ်ငယ်ကပုံ မျိုးပဲ။ သူက နည်းနည်းတော့ ပိန်တယ်၊ အသားပိုညိုတယ်၊ သူဇာတို့လောက် မချောဘူး၊ ငယ်ငယ်က

ဆို ဆံပင်တိုလေး နဲ့ယောက်ျားလေး ပုံပေါက်နေတာ”

“နာမည် အပြည့်အစုံက ကျော်ကျော်မေ မဟုတ်လား”

ဦးလေးစိုး ပေါင်ကို လက်ဝါးနှင့် ဖြန်းကနဲ ပုတ်လိုက်သည်။

“ဟုတ်တယ် ဆရာ၊ ဟုတ်တယ်၊ ကျွန်တော် နောက်ဆုံး တလုံးကို ဇဝေဇဝါဖြစ်နေတာ၊ ကျော်ကျော်မေ၊ ဟုတ်တယ်”

မေးလက်စဖြစ်နေ၍ သာဆက်မေး နေရသော်လည်း ဦးအောင်ဘညို ကျော်ကျော်ပြောခဲ့တာတွေ အမှန်ဖြစ် ကြောင်း ဦးလေးစိုး စ၍ရှင်းပြပြီး မကြာခင်မှာပင် သိလိုက်ပြီးဖြစ်ပါသည်။

“ဒါနဲ့ ဆရာ ဒီအကြောင်းတွေ ဘယ်ကသိနေတာလဲ၊ ကောင်မလေး နာမည် က အစ ဆရာသိနေတယ်”

ဦးအောင်ဘညို စိတ်တထင့်ထင့် ဖြင့် ရှိနေခဲ့သော မေးခွန်းကို ဦးလေးစိုးမေးလာခဲ့လေပြီ။ ကိုယ်ကစပြီး ဒီ အကြောင်းတွေ မေးမိမှတော့ အဖြေတခုခု ပေးရတော့မည် ဖြစ်သည်။ကျော်ကျော် နှင့် မိမိ တို့၏ ပတ်သက် မှုကို လူကြားကောင်း အောင်ဘယ်လိုပြောရမည် နည်း။ စိတ်အိုက်အိုက် နှင့် ဦးလေးစိုးကို တောင် အားမနာနိုင်တော့ဘဲ ဘီရိုထဲက လက်စပုလင်း ကိုဆွဲထုတ်လိုက်သည်။ စိတ်မချမ်း မြေ့စွာကြည့် နေသော ဦးလေးစိုး ၏ အကြည့်ကို ရှောင်ဖယ်ရင်း အရက်တခွက်ကို အရင်သောက်ချလိုက်သည်။ အရက်ကို ဒီတိုင်းမော့ချ လိုက် ပြီးမှ ရေနည်းနည်းယူသောက်သည့် သူ့ဆရာသမား၏ အခြေအနေ ကိုဦးလေးစိုးသဘောပေါက်သွားသည်။

“ဖူးဖူး မသိအောင် မကြည် ကို ဆရာ့အတွက် အမြည်းတခုခု လုပ်ခိုင်းပေးမယ်လေ၊ ဆရာဘာစားချင်လဲ”

“နေပါစေ၊ ကျွန်တော်က နည်းနည်း သောက်တာပါ၊ အမြည်းလဲ မစားချင်ပါဘူး”

ဦးအောင်ဘညို တားလိုက်၍ နေရာမှာ ပြန်ထိုင်ပြီး သူမေးသည့်အကြောင်းဖြေလာမည် ကို ဦးလေးစိုးစောင့် ၏။ ကျော်ကျော့် ကိုလည်း ဦးလေးစိုး သံယောဇဉ် ရှိပုံရသည်။ နည်းနည်းပါဆိုသော်လည်း နောက်တခွက် ထပ်ချလိုက်မိ၏။ ဒီတခါတော့ ဦးလေးစိုးဘာမှ မပြောတော့ပါ။

အရက်က ခါးသည်။ မုသားကတော့ အရက်ထက်ခါးပါမည်။ သို့သော်လည်း မဖြစ်မနေ ပြောရတော့သည်။

“ဒီလို ဦးလေးရယ်၊ လွန်ခဲ့တဲ့ တနှစ်ကျော်၊ နှစ်နှစ် နီးနီးလောက်က အလုပ်အကိုင် အဆင်မပြေ ဖြစ်နေတဲ့ မိန်းကလေးတယောက်ကို ကူညီပေးဖူးတယ် သူ့နာမည် က ကျော်ကျော်မေတဲ့”

လိပ်ပြာမလုံဘဲ ပြောရသည့်အတွက် ဦးအောင်ဘညို အသံကအားမရှိသည်ကို ကိုယ်တိုင်ပဲ သိသည်။ ဦးလေး စိုးကတော့ ရိပ်မိပုံမရပါ။

“သူအခု ဘယ်မှာလဲ ဆရာ”

“အဲဒါတော့ ကျွန်တော်လဲ သိချင်နေတာ။ကျွန်တော်က သူ့ကို ကျွန်တော့် မိတ်ဆွေ ဦးစိန်လင်း ကုမ္ပဏီမှာ အလုပ်သွင်းပေးလိုက်တယ်၊ သူကလဲ ကျွန်တော့်ကို မသူဇာယောက်ျားဆိုတာမသိဘူး၊ ကျွန်တော်ကလဲ သူဘယ်သူဆိုတာ မသိဘူး။ သိင်္ဂီ ဆုံးတော့မှ နာရေးကြော်ငြာဖတ်ပြီး ကျွန်တော် သူဇာ့ယောက်ျားဆိုတာ သိ သွားတယ်”

“ဒါဆို သူအခု ဆရာ့ မိတ်ဆွေဆီမှာ အလုပ်ဝင်နေတာပေါ့နော်”

အခုပင်ထသွားတော့မလိုလို ဦးလေးစိုးမေးသည်။

“အလုပ်ထွက်သွားပြီ ဦးလေး၊ ကျွန်တော့်ကိုလဲ ထွက်သွားမှ သူက ကူညီပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အကြောင်း စာရေးပြီးနှုတ်ဆက်ရင်း ဒီအကြောင်းပြောသွားတာ”

“ဘယ်ကို သွားတယ် ဆိုတာ ဆရာမသိဘူးပေါ့နော်”

“ဟုတ်တယ်၊ ဒါပေမယ့် နောက်နေ့ကျရင်တော့ ဦးစိန်လင်း ဆီမှာသွားစုံစမ်းကြည့် လိုက်ဦးမယ်”

“ဆရာက ကျွန်တော့်ကို မေးတယ် ဆိုတော့ သူက ကျွန်တော့် အကြောင်း ပြောလို့လား”

“သူပြောတာ မယုံရင် ဦးမောင်စိုး ကိုမေးပါတဲ့”

“သေချာပါတယ် ဆရာ၊ ကောင်မလေးက ကျွန်တော့်ကို ဦးမောင်စိုးလို့ခေါ်တယ်၊ ဆရာကြီး ရဲ့သမီးလေးပါ”

ကျော်ကျော် အမှန်တရားတွေ ပြောသွားခြင်းဖြစ်ကြောင်း ဦးအောင်ဘညို သိလိုက်ရပြီဖြစ်သည်။ မသူဇာ နှင့် ကြင်ကြင်နာနာ ပေါင်းသင်းပါ ဟုကျော်ကျော် က ဖြစ်စေချင်တာကို ပြောခဲ့ရှာသော် လည်း မသူဇာက လမ်းခွဲထွက်သွားခဲ့လေပြီ။ ဦးအောင်ဘညို ကို ချစ်လွန်းလို့ မသူဇာကလေးထပ်မွေးသည်ဟု ကျော်ကျော် ထင် ခဲ့ သည်။ အမှတ်မထင်ရလာသည့် ဒီကလေးငယ် အပေါ် မသူဇာ ဘယ်လိုသဘောထားခဲ့တာကို လည်း ကျော် ကျော် မသိခဲ့နိုင်ရှာပါ။ ကျော်ကျော် အနစ်နာခံခဲ့တာတွေ သဲထဲရေသွန်သလို သာဖြစ်ကြောင်း ဦးအောင်ဘညိုကျော်ကျော် နှင့် ပြန်တွေ့ခဲ့ပါလျှင် ပြောပြလိုက်ချင်ပါ၏။

“ဆရာ့ မိတ်ဆွေဆီက သတင်းရရင် ပြောပါဆရာရယ်၊ ကြည့်ရတာ မသူဇာတို့ မိသားစုတွေကို တွေ့ချင်ပုံမရ ဘူး၊ ကျွန်တော့်ကိုတော့ သူရှောင်ချင်မှ ရှောင်မယ်၊ ဘယ်မှာ ရှိတာကို သိရင် ကျွန်တော်သွားတွေ့မယ် ဆရာ၊မသက်ထား ဆုံးတာ ကို ကျွန်တော် သိတာနောက်ကျသွားတယ်၊ တလလောက်နေမှ သတင်းရလို့ ကျွန် တော် လိုက်သွားတော့ သီရိက မရှိတော့ဘူးလေ”

တကယ်လို့ ကျော်ကျော့် သတင်းရလျှင် ဦးလေးစိုးကို ရှေ့ပြေးလွှတ်လျှင် မဆိုးဟု တွေးမိသည်။ ဦးလေး စိုး ကိုတော့ ကျော်ကျော် ရှောင်ချင်မှ ရှောင်ပေမည်။ တွေးရင်း နောက်တခွက်ထပ်သောက်လိုက်မိပြန်၏။ ဒီတခါ တော့ ဦးလေးစိုး မမြင်သလိုလုပ်နေသည်။

“ဖူးဖူး မေးရင် တခွက်နှစ်ခွက် လောက်ပါလို့ပြောနော်”

ဦးစိန်လင်း ဆီက သတင်းထူးထူးဆန်းဆန်း ရလိမ့်မည်ဟု ဦးအောင်ဘညို တွေးမထားပါ။ သာမန်ဝန်ထမ်း တယောက် အကြောင်းကို ပိုင်ရှင် အနေဖြင့်သိမည် မဟုတ်ပါ။ ထင်သည့်အတိုင်းပင် ဦးစိန်လင်း မသိပါ။ သို့သော် ကျော်ကျော် နှင့် အတူလုပ်ခဲ့သည့် မိန်းကလေးတွေ နှင့် စကားပြောဖို့ စီစဉ်ပေးသည်။ ကျော်ကျော့် အထက်လူကြီး ဒေါ်ခင်သိန်းရီတော့မတွေ့ခဲ့ရပါ။ အလုပ်ကိစ္စ နှင့် အပြင်သွားနေသည်။

“သမီးတို့ လည်း သေသေချာချာ မသိဘူး ဦး၊ ကျော်ကျော် က သူ့အကြောင်းသိပ် မပြောတတ်ဘူး၊ သူကတ ကောင်ကြွက်ဆိုတာ လောက်ပဲပြောတယ်”

ကျော်ကျော့်၏ စူပါဗိုက်ဇာ ဆိုသည့် မိန်းကလေးက ရှင်းပြ၏။

“မထွက်ခင်တရက်ကတော့ ရုံးမှာမူးလဲသေးတယ်”

“ရည်မွန်က လည်းပြည့်စုံအောင်ပြောတာ မဟုတ်ဘူး၊ ဒီလို ဦးရေ …”

မန်နေဂျာမ ကလေးက ကြားဝင်ရှင်းပြသည်။ သိင်္ဂ ီ့၏ နာရေးကြော်ငြာ ပါသည့်သတင်းစာကို ယူကြည့်ရင်း ယိုင်လဲ သွားသည်ဟု သိရသည်။

“သူက ဦးနဲ့ ရင်းနှီးတယ် ဆိုလို့ ခေါ်ပြလိုက်တာ၊ မသိင်္ဂ ီဆုံးတာသူသိပုံမရဘူး၊”

သတင်းစာမှ တဆင့် အကြောင်းစုံသိရကြောင်း ကျော်ကျော့် စာထဲမှာလည်းပါသည်။ ဆေးခန်း ပို့ဖို့ လုပ်ကြ သော် လည်း ကျော်ကျော်က လက်မခံဟု သိရ၏။

“နည်းနည်းသက်သာ လာတော့ အန်တီ ဒေါ်ခင်သိန်းရီ က ပြန်နားချင်နားဆိုလို့ ပြန်သွားတယ်၊ နောက်နေ့ ကျတော့ ထွက်စာလာတင် သွားတော့တာပဲ”

ကောင်မလေး တွေမျက်နှာ မှာ မိန်းမသားပီပီ စူးစမ်းစပ်စုလိုသည့် အရပ်လက္ခဏာတွေမြင်ရသည်။ ဦးအောင် ဘညို ဆက်မေးဖို့ မလုံမလဲဖြစ်လာ၏။ မတတ်သာ၍ မုသားတဝက်စကားကို ဆိုရသည်။ အနည်းငယ် မျှ ဒီ မိန်းကလေးတွေ ကိုပေး သိလျှင် အကြောင်းတိုက်ဆိုင်ပါက အကူအညီရနိုင်သည် ကိုလည်းတွေးလိုက်မိ၍

“ကျော်ကျော် က ဦးခယ်မ တော်တယ်၊ ဦး ဇနီးတို့ မသိင်္ဂ ီတို့ရဲ့ ညီမပေါ့”

“အရင်းလားဟင်”

...............................

သူတို့ကလည်း စိတ်ဝင်စားပါသည်။ ဆက်ပြီးစပ်စုလာ၏။ ဘေးမှာ ဦးစိန်လင်းလဲ ရှိနေရာ အဆင်ပြေအောင် ဆက်ပြောရတော့သည်။

“ရုပ်ရှင်ထဲက အတိုင်းလိုဖြစ်နေတာ၊ ဦးယောက်ခမ လင်မယားကွဲကြတော့ ကျော်ကျော် က အဖေနဲ့ ပါသွား တယ်၊ ကျော်ကျော့် နာမည်ရင်း က သီရိ တဲ့၊ ညီအစ်မချင်းလဲလုံးဝအဆက်အသွယ်မရှိကြဘူး”

ဦးအောင်ဘညို ၏ မုသားတဝက် အဖြေကအဆင်ပြေပါသည်။ ကိုရီးယား ဇာတ်လမ်းတွဲတွေကြည့်နေသည့် မိန်းကလေးတွေပီပီ သူတို့ဖာသာ ဆက်စပ်ပြီး အဖြေထုတ်လိုက်ကြ၏။

“ဒါကြောင့် မသိင်္ဂ ီဆုံးတာသိတော့ သူအရမ်းစိတ်ထိခိုက်သွားတာကိုး”

“တကယ်လို့ သူနဲ့ အဆက်အသွယ်ရရင်ဖြစ်ဖြစ်၊ သမီးတို့ နဲ့ လမ်းမှာတွေ့ရင်ဖြစ်ဖြစ်၊ ဦးလိုက်ရှာနေတာ ကို ပြောပေးပါ၊ သူနေတဲ့ တိုက်ခန်းမှာလဲ မရှိတော့ဘူး၊ ဖုန်းလဲ ဆက်လို့မရတော့ဘူး၊ ဒါမှ မဟုတ်ရင်လည်း ဒီဖုန်း နံပါတ်ကို ဆက်ပြီး ဦးမောင်စိုး နဲ့ ဆက်သွယ်ပါလို့”

ကုမ္ပဏီ ဖုန်း ဆိုလျှင်ကျော်ကျော် သိသည်။ ထို့ကြောင့် အိမ်ဖုန်းနံပါတ်ကိုပေးလိုက်၏။ တကယ်လို့ ကျော် ကျော် ဦးလေးစိုးကို ဆက်သွယ်လို၍ ဆက်သွယ်လာလျှင် ဦးလေးစိုးဆက်လုပ်ပေလိမ့်မည်။ တတ် နိုင်သမျှကြိုးစားကြည့်ခြင်း ဖြစ်သော်လည်း ကျော်ကျော့်စိတ်ကို အထိုက်အလျှောက်သိသည့် ဦးအောင်ဘညို  အများ ကြီး မျှော်လင့်မထားမိပါ။ ဒီရုံးက လူတွေနှင့် ကျော်ကျော်ပြန်ဆက်သွယ်မှာ မဟုတ်ဟုထင်၏။ တိုက်ဆိုင်ပြီး တွေ့မှ သာ ဖြစ်နိုင်မည်။

ကျော်ကျော် နှင့် ပတ်သက်ပြီး ရေရေလည်လည် သိနိုင်မည့် သူမှာ ရွှေရည် ဆိုသည့် သူငယ်ချင်းမလေး သာ ဖြစ်မည်ဟု တွေးမိသည်။ ရွှေရည့် ကို ကျော်ကျော် သံယောဇဉ် တော်တော်ကြီးသည်။ ဆိုးတူကောင်းဖက် သူ ငယ်ချင်း များဖြစ်ရာ ဦးအောင်ဘညို တိုက်ခန်းကနေ ကျော်ကျော် ထွက်သည် နှင့် ဒီမိန်းကလေးကို ကျော် ကျော် ဆက်သွယ်မှာမလွဲပေ။ သို့သော် ရွှေရည်က မိန်းကလေးဘော်ဒါဆောင် တခုမှာနေသည် ဆိုတာက လွဲပြီး ဦးအောင်ဘညို ဘာမှ မသိ။ လူကိုလည်းမမြင်ဖူး။ ရန်ကုန်မြို့တွင် အမျိုးသမီး ဘော်ဒါဆောင်တွေ ထောင် နှင့် ချီပြီး ရှိနိုင်သည်။ ကျော်ကျော် တို့လို အလုပ်လုပ်ဖို့ နယ်က တက်လာသူတွေ ဒု နှင့် ဒေး ရှိသည် မဟုတ်ပါလား။ ဦးအောင်ဘညို တောင် သူ့စက်ရုံကမိန်းကလေးတွေ အတွက် လှိုင်သာယာမှာ အဆောင် တခု လုပ်ထားပေးသေးသည်။

ထို့ကြောင့် ရွှေရည်ဆိုသော နာမည် တခုသိရုံဖြင့်ဘော်ဒါဆောင် တခုချင်းလိုက်စုံစမ်းမည် ဆိုမှသာရနိုင် လိမ့် မည်။ သွားရင်းလာရင်းအမြဲလိုရှာနေသော်လည်း ကျော်ကျော်နှင့်တူသည့် မိန်းကလေးကိုတောင် မမြင်ရပါ။

“ဖေဖေ သမီး မသိအောင် ခိုးခိုးသောက် နေတယ် မဟုတ်လား”

နောက်ဆုံး စိတ်ဖြေရာက အရက်သာရှိတော့သည့်ပမာ ဖြစ်နေသည့် ဦးအောင်ဘညို ကို ဖူးဖူးစိတ်မချမ်းသာ စွာ မေးလာ၏။ အပြင်ကသောက်လာလျှင်လည်း ဖူးဖူး ကိုမျက်နှာချင်းမဆိုင်ပါ။ အိမ်မှာ သောက်ဖြစ်လျှင် လည်း အခန်းတွင်းမှာ အောင်းနေတော့၏။

“မဟုတ်ပါဘူး သမီးရယ်”

“ဒါဆို ဘာလို့ သမီးကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာလဲ”

“ဒီသဘော မဟုတ်ပါဘူး၊ ဖေဖေ တယောက်ထဲ အေးအေး ဆေးဆေးနေချင်လို့ပါ”

“သမီး တို့ စာမေးပွဲ တွေပြီးရင် ခရီးထွက်ရင်ကောင်း မလားဖေဖေ”

“ဘယ်ကိုလဲ သမီးရဲ့၊”

“တနေရာရာပေါ့၊ ကမ်းခြေဖြစ်ဖြစ်၊တောင်ပေါ်ဖြစ်ဖြစ် ဖေဖေအလုပ်အားရင်အားသလောက် အကြာကြီး လေ”

ဦးအောင်ဘညို လည်းစိတ်ဝင်စားသလိုလိုရှိသည်။ ဒါဆိုရင် အပြောင်းအလည်း ဖြစ်နိုင်မလားတွေးမိ၏။ ဖြစ် နိုင် လျှင် ခုတောင်သွားလိုက်ချင်၏။

“သမီး တို့ မောင်နှမသုံးယောက်ရယ် ဖေဖေရယ်သွားမယ်လေ၊ ဖွားကြည် နဲ့ ဖိုးစိုး အိမ်စောင့်ထားခဲ့မယ်”

အနားမှာ ရှိသည့် ဒေါ်ဒေါ်ကြည်က မဲ့ ပြလိုက်ရင်း၊

“သွားကြပေါ့တော်၊ မေမြို့သွားကြပါလား ဟိုမှာ အိမ်ရှိတာပဲကို”

မေမြို့ အိမ်က သိင်္ဂ ီ့အိမ်။ ခုတော့ သားငယ်လေးရလိုက်သည့် သိင်္ဂ ီ့ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်လာခဲ့ပါ သည်။

“မသွားချင်ပါဘူး”

ဖူးဖူး နှင့် ဦးအောင်ဘညို ပြိုင်တူငြင်းလိုက်ကြ၍ ဒေါ်ဒေါ်ကြည် မျက်နှာပျက်သွားသည်။ စိတ်ဆိုးလို့ မဟုတ်၊ သိင်္ဂ ီ့ကို သတိရသွားတာဖြစ်မည်။ ရင်ဖုံးအင်္ကျ ီမှာထိုးထားသည့် လက်ကိုင်ပဝါဖြင့် မျက်လုံးကို တို့ရင်း ထွက် သွား၏။ ဦးအောင်ဘညို လည်းရင်ထဲမှာ ဟာသွားသည်။အမေ အရင်းခေါက်ခေါက်ကိုယ်တိုင်က သစ်စိမ်းချိုး ချိုးသွားတာခံရပြီးနောက် ဖူးဖူး ခံနိုင်ရည် ရှိသွားပုံရ သည်။ မျက်နှာလေး ပြန်တည်သွားပြီး

“နန်းဝတ်နန်းစား ဆိုတာဘယ်လိုလဲဖေဖေ၊ ပွဲထဲက မင်းသမီးတွေ ဝတ်တာမျိုးလား”

“ဖေဖေ လဲသေသေချာချာ မသိပါဘူးသမီးရယ်၊ အဲဒါမျိုးပဲ နေမှာပေါ့၊ ဘာဖြစ်လို့လဲ”

“ဖွားကြည်က ပြောတယ်၊ ညဖက်သူအိပ်မက် မက်ရင် တီတီက နန်းဝတ်နန်းစား နဲ့ မောင်လေးကို လာ လာ ကြည့်တယ်တဲ့၊ အမြဲ တမ်းပြုံးနေတာပဲတဲ့၊ တခါတလေကျရင် ပန်းတွေပွေ့ထား

တယ်တဲ့၊ ပန်းတွေနဲ့ လာ ရင် မွှေးတာမှ နိုးလာတာတောင် အခန်းထဲမှာ မွှေးနေတာပဲတဲ့၊”

“သမီးရော အနံ့ မရဘူးလား”

“ဟင့်အင်း၊ ”

“သူကတော့ ဒီလိုပဲပြောနေတတ်တာ သမီးလဲ သိသားပဲ”

“ဒါပေမယ့် တခုတော့ ကောင်းတယ် ဖေဖေ၊ တီတီ ကောင်းရာမွန်ရာ ရောက်သွားပြီ ဆိုပြီး ဖွားကြည် စိတ်ဖြေ နိုင်သွားတာ”

မကြားဝံ့ သည့် သိင်္ဂ ီ့ အကြောင်းကနေ စကားပြောင်းချင် သဖြင့်

“ဖေဖေ က အခုတောင် ခရီး သွားချင်တာ၊ သမီးတို့ အဆင်မပြေမှာ စိုးလို့”

“ဆရာ ဘယ်သွားမလို့လဲ”

ဖိုးသား နှင့် အတူဝင်လာသည့် ဦးလေးစိုး၏ မေးခွန်းကြောင့် ခေါင်းထဲမှာ အကြံတခုလက်ကနဲ ပေါ်လာသည်။

“ဘာဖြစ်လို့ လဲ ဦးလေးစိုး”

“ဒီမှာ ဆံပင်ညှပ်ချင်လို့တဲ့ လိုက်ပို့ ခိုင်းနေတယ်၊ ဆရာလမ်းကြုံရင် ထည့်ပေးလိုက်မလို့”

“ဖိုးစိုးပဲ ပို့လိုက်ပါ”

ဖူးဖူး ကဝင်ဆုံးဖြတ်လိုက်သည့်နောက် ဖိုးသားက ဖူးဖူး ရှေ့မှာလာလက်ဝါးဖြန့်၏။

“နင့်မှာ ပိုက်ဆံ မရှိဘူးလား”

“ဆံပင်ညှပ်တာ မုန့်ဖိုးနဲ့ မဆိုင်ဘူးလေ၊ ဒါပေမယ့် လဘက်ရည် ဖိုးပါပေးပါ၊ ဖိုးစိုးမှာ တကူးတက လိုက်ပို့ရမှာ လဘက်ရည် လေးတခွက်တော့ တိုက်မှဖြစ်မယ်”

ဖိုးသား လဘက်ရည်ဆိုင် ထိုင်ချင်လို့ ဉာဏ် များတာမှန်းသိသော်လည်း ဖူးဖူး ပိုက်ဆံထုတ်ပေး လိုက်ပါ သည်။ ဦးအောင်ဘညို ကတော့ သူတို့ ထွက်သွားပြီးပြန်အလာ ကိုခြံထဲက ထိုင်စောင့် နေမိ၏။ ကျော်ကျော် နေခဲ့သည့် မြို့ကိုဦးလေး စိုးသွားနေကျဆိုတော့ လိပ်စာသိလိမ့်မည်။ ဦးလေး စိုးကို မေးပြီးလိုက်သွားလျှင်ကျော်ကျော် နှင့် ပတ်သက်ပြီးသဲလွန်စတစုံတရာ ရနိုင်သည်။ ကျော်ကျော့် အမေ မသက်ထား၏ ဇာတိမြို့ ဆိုတော့ ဆွေမျိုးသားချင်း တချို့တလေ ကျန်နိုင်၏။

ဦးလေးစိုး တို့ ပြန်လာကြပြီးနောက် ဖိုးသားအိမ်ထဲဝင်သွား ပြီး ဦးအောင်ဘညို ခြံထဲမှာ ရှိနေသည်ကိုမြင် သည့် ဦးလေးစိုးက ကားသိမ်းပြီးသည် နှင့် ဦးအောင်ဘညို ဆီလျှောက်လာသည်။ အချိန် မဆိုင်းဘဲ သူ့စိတ် ကူးကို ပြောပြလိုက်သည့် အခါ ဦးလေးစိုး သဘောကျသွားသည်။

“ကျွန်တော် ဘယ်တော့သွားရမှာလဲ ဆရာ”

ဆရာရင်း အပေါ်တာဝန်မကျေခဲ့ဟု ထင်တွေးနေသည့် ဦးလေးစိုးက ဦးအောင်ဘညို သူ့ကိုလွှတ်မည် ထင် နေသည်။

“ကျွန်တော် သွားမယ်”

“ဗျာ”

ဒီကိစ္စ က သူနှင့်သာဆိုင်သည်ဟု သတ်မှတ်ထားသည့် ဦးလေးစိုးအံ့ သြသွား၏။

“အခုတောင် ဖူးဖူး နဲ့ခရီးထွက်ရင်ကောင်းမလား ပြောနေတာ၊ စိတ်ပြေလက်ပျောက်ပေါ့ဗျာ၊ ခရီးသွားဟန် လွှဲ အနေနဲ့ ကျွန်တော်ပဲ စုံစမ်းလိုက်မယ်၊ ကျော်ကျော် လုပ်ခဲ့တဲ့ ရုံးမှာ အိမ်ဖုံးနံပါတ်ပေးခဲ့တယ်၊ ကျော်ကျော် အဲ ဒီကို လာရင် ဦးလေးစိုး ဆီဖုန်းဆက်ပါလို့ ပြောထားတယ်”

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် အိမ်ကပဲ စောင့်လိုက်ပါမယ်”

ဦးလေးစိုး နှင့် ညှိနှိုင်းပြီးနောက် ဦးအောင်ဘညို ခရီးထွက်ဖို့ ပြင်သည်။ ကိုယ့်ကားနှင့်ကိုယ်ပဲ သွားတော့မည်။ရုံးမှာ လုပ်စရာပါးမည့် အခွင့်အရေးကိုစောင့်ရင်း နှစ်ရက် အတွင်းပင် အခွင့်အလမ်းပေါ်လာသည် နှင့် နှစ်ရက် လောက် ခရီးသွားစရာ ရှိသည်ဟု ခင်မောင်တင့် နှင့် အေးအေး ကိုမှာပြီးထွက်လာခဲ့၏။ ဖူးဖူး ကိုတော့ ရုံးကိစ္စ နှင့် သွားသလိုလိုပြောခဲ့သည်။

အဖြစ်မှန် ကိုတော့ ဦးလေးစိုးတယောက်သာသိ၏။ညနေခင်း နေမဝင်မှီ အချိန်လေးတွင် ကျော်ကျော် တို့မြို့လေးသို့ ဦးအောင်ဘညို ရောက်သွားသည်။ ကျော် ကျော် နေထိုင်ခဲ့ရာ ဆီသို့ သွားလျှင်လည်း နောက်ကျတော့မည် ဟု သတ်မှတ်ပြီး အနည်းငယ် အဆင့်အတန်း ရှိပုံပေါ်သည့် တည်းခိုခန်းတခုကို ရှာပြီးတည်းခိုလိုက်၏။

ညစာ ထွက်စားချိန်တွင် အရက်သောက်ချင်စိတ်ပေါက်မိသေးသော်လည်း သူများရပ်ရွာတွင် မသောက်ဘဲ နေတာက ပိုကောင်းမည်ဟု တွေးကာကျိတ်မှိတ်နေလိုက်၏။ သပ်ရပ်သော်လည်း ကျဉ်းမျောင်းသည့် အခန်း လေးထဲမှာ ဦးအောင်ဘညို အိပ်မပျော်ပါ။ ကျော်ကျော် ဒီကိုတော့ ပြန်လာမည်မထင်။ သို့သော်လည်း အ ချိတ် အဆက်ရှိနိုင်သည့် သဲလွန်စတခုတလေ ရလိုရငြားရောက်လာခဲ့ခြင်းဖြစ်သည်။ တောင်တွေးမြောက် တွေး နှင့် အိပ်မပျော်ရသည့် ကြားထဲတွင် တဖက်ခန်းက စုံတွဲကလည်း ဒုက္ခပေး၏။ ပွင့်ပွင့်လင်းလင်း ပြောဆိုနေသံကြားရ၍ သမီးရည်းစားတော့ မဖြစ်နိုင်။ ညားခါစလား မသိပါ။ သူတို့ အချစ်ပလူးကြသည့် အသံအားလုံးကို ဒီဖက်က အတိုင်းသားကြားနေရသည်။

ညနက်သည့် တိုင်အောင် မပြီးနိုင်မစီးနိုင် အသံဗလံများကို မကြားချင်၍ နားကို ခေါင်းအုံး နှင့် ပိတ်ရင်း ကျော် ကျော့်ကို သတိရသည်။ သိင်္ဂ ီ့ကို သတိရသည်။ သူတို့တွေ နှင့်ချစ်ခဲ့သည့် အကြောင်းတွေ၊ ကြမ်းခဲ့ရမ်းခဲ့ မိ တာတွေ။ အလိုက်သိတတ်သည့် သိင်္ဂ ီ၊ သူထင်တိုင်းပြုသမျှကို အံကြိတ်ခံရင်း မငြူမစူ လိုက်လျောတတ် သည့် ကျော်ကျော်။

ထိုအချိန်တွေ တုန်းကတော့ ခွဲခွာခြင်းတွေ၊ လွမ်းဆွတ်တသ ယူကျုံးမရ ဖြစ်ရမှာ တွေ ကို ဘယ်မှာ ကြို၍ သိနိုင်ခဲ့မည်နည်း။သန်းခေါင်ကျော် သည့်တိုင်အောင် မရပ်တန့် နိုင်ကြသေး သောအခါ သည်းခံလို့ မရတော့ဘဲ ဧည့်ကြို ကောင်တာ ဆီသွား၍ အခန်းပြောင်းပေးဖို့ တောင်းဆိုရတော့၏။

ဦးအောင်ဘညို၏ အခြေအနေ အဆင့် အတန်းကို ရိပ်စားမိသော တည်းခိုခန်းကလည်း ချက်ချင်းလိုပင် စီစဉ်ပေးပါ၏။အခန်းပြောင်းလိုက်လျှင် အိပ်ပျော်မည် ထင်သော်လည်း အိပ်လို့မရပါ။ အိပ်ယာပေါ်မှာ လူးလှိမ့်ရင်း မိုးလင်းသွား၏။ အိပ်ယာထဲမှ ထွက်လိုက်ပြီး ရေချိုးအဝတ်စားလဲသည်။

အရင်ဆုံးတွေ့သည့် လဘက်ရည်ဆိုင်မှာ မနက်စာစားပြီးနောက် ဦးလေးစိုး လမ်းညွှန်ချက်အတိုင်း မေးရင်းစမ်းရင်း နှင့် ကျော်ကျော် နေခဲ့သည့် ရပ် ကွက်သို့ ရောက်လာသည်။လမ်းအမည်တွေ၊ အိမ်အမှတ်တွေ မှန်ကန်သော်လည်း အိမ်အဆင်အပြင် က တော့ ဦးလေးစိုး ပြောလိုက်သလို မဟုတ်တော့။ တထပ်အိမ်အစား နှစ်ထပ်တိုက် ဖြစ်နေသည်။ အနက် ရောင် ပြောင်လက်နေသည့် မော်ဒယ်မြင့်ကားကြီး၏ အရှိန်အဝါကြောင့် အိမ်ရှင်က ဖေါ်ဖေါ်ရွေရွေ ဆီးကြို ပြီး အကျိုးအကြောင်းမေးသည်။ သို့သော် သူကလည်း ဦးဘဦးကို မသိ။

“ကျွန်တော်တို့က ပြောင်းလာတာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်၊ ဘေးအိမ်တွေ မေးပေးမယ်လေ”

ထူးထူးဆန်းဆန်းပင် အနီးတဝိုက်ကလည်း သိပ်မသိကြ။ လူသစ်တွေ များနေသည်။ လေးငါး ခြောက်အိမ် ကျော် လောက်က မိန်းမကြီးတယောက်က သူမ သိသည် ဆိုသဖြင့်ဦးအောင်ဘညို လိုက်သွား၏။ ထိုအဖွားကြီးကလည်း ဦးဘဦး ဆုံးပြီးနောက် ဒေါ်သက်ထားနှင့် ကျော်ကျော် တို့ အိမ်ရောင်းပြီးပြောင်းသွားတာ လောက်ပဲ ပြောနိုင်၏။ သို့သော် သူမ၏ သားဖြစ်သူကတော့ သိသည်ဟု ဆိုသည်။

“အကြီးကောင် သိတယ်ကွဲ့၊ အိမ်ပြောင်းတော့ သူတို့လိုက်ရွှေ့ပေးတာ၊ မှတ်မိမယ် ထင်တယ်”

ထို့နောက် အဖွားကြီးညွှန်သည့် အတိုင်း အိမ်ထောင်ပြုပြီး တခြားရပ်ကွက်ကို ရောက်နေသည့် အဖွားကြီးသား ဆီလိုက်ရာ အလုပ်ဆင်းသွားသည်ဟု သိရသည်။ ပြန်လာမည့်အချိန်မေးပြီး မြို့ထဲမှာ ကားနှင့် လျှောက် သွားနေမိ၏။ ထိုင်လို့ အဆင်ပြေမည် ထင်သည့် လဘက်ရည်ဆိုင်တွေ့လျှင် ဝင်ထိုင်သည်။ ဘုရား တွေ့လျှင် ဝင်ကန်တော့ ပြီး အလှုငွေထည့်သည်။ ကျောင်းသားကျောင်းသူတွေ ဝင်ထွက်နေသည့် အထက် တန်းကျောင်းကြီးတခုကို မြင်တော့ ကျော်ကျော်လည်း ဒီကျောင်းမှာပင် နေခဲ့ လိမ့်မည်ဟု တွေးမိသည်။

အဖြူနှင့် အစိမ်းကျောင်းဝတ်စုံဖြင့် ပိန်ပိန်ရှည်ရှည် ကျောင်းသူလေး တယောက်၏ အသွင်ကို မျက်လုံးထဲမှာမြင်ယောင်လာ၏။သွားစရာ များများစားစား မရှိသည့် မြို့လေးထဲမှာ စိတ်ကူးတည့်ရာ လျှောက်သွားရင်း နေ့လည်စာတောင် မစားမိပါ။ ညနေသုံးနာရီ ကျော်လောက် မှာတခေါက်ပြန်သွားတော့ ကံကောင်းထောက်မစွာ ဖြင့် ဟိုလူက ပြန်ရောက် နေသည်။ အကျိုးအကြောင်းပြောပြပြီး နောက် ချက်ချင်းပင် ကိုယ်တိုင်လိုက်ပို့ပေး၏။ မူလ ရပ်ကွက်ထက် ပို ပြီးဆင်းရဲမှန်းသိသာသည့် နေရာလေးတခု သို့ရောက်သွားသည်။ နောက်ဆုံးနေခဲ့ရာလည်း ဖြစ်ရာ ကျော် ကျော် နှင့် ဒေါ်သက်ထားကို သိသူများသည်။ အိမ်သေးသေး လေးတွေပြည့်ကျပ်နေသော ရပ်ကွက်က ပိုပြီးတော့လည်းစပ်စုတတ်သည်။ ဦးဘဦး၏ သားမက်၊ ကျော်ကျော့် ခဲအိုအဖြစ် ဦးအောင်ဘညို က မိတ်ဆက်ရာသူတို့ နှင့် အတူ ဆင်းဆင်းရဲရဲ နေသွားသည့် ကျော်ကျော့် မှာဒီလိုခဲအိုတယောက် ရှိနေ သည် ကို အံ့သြကြသည်။ သို့သော်လည်း ဒေါ်သက်ထား ကွယ်လွန်ပြီးနောက် ကျော်ကျော် အိမ်ရောင်းပြီး ထွက်သွားတာ လောက်သာ ပြောနိုင်ကြသည်။

“မရောင်း လို့လဲ မရဘူးလေ၊ မသက်ထား မမာတုန်းက ကြွေးတွေအများကြီးတင်ခဲ့တာကိုး”

ကျော်ကျော် နှင့် အိမ်ချင်းကပ်နေခဲ့သူ အမျိုးသမီးကရှင်းပြသည်။ ဒေါ်သက်ထား၏ ဆွေမျိုးတွေ နှင့် ပတ် သက်၍ မူ သိပ်မသိကြ။ မြို့ပေါ်မှ မဟုတ် ကျေးရွာတွေဖက်မှာ နေကြသူများဖြစ်သည် ဆိုတာပဲ သိကြ၏။ထူးထူးခြားခြား သိနိုင်စရာ လည်းမရှိတော့သည့် တူတူ ဦးအောင်ဘညို သူ တည်းခိုသည့် တည်းခိုခန်း နာ မည်ပြောပြပြီး ထူးခြားမှု တစုံတရာ သတိရပါကလာပြောပေးကြပါရန် မေတ္တာရပ်ခံပြီး ပြန်လာခဲ့သည်။ မှောင် လည်း မှောင်နေပြီဖြစ်၏။

ဒီညမှာ တော့ ဦးအောင်ဘညို အရက်သောက်လိုက်သည်။ များများစားစားတော့ မဟုတ်ပါ အလွန်အကျွံ မဖြစ် အောင်ထိန်းသောက်ပြီးတည်းခို ခန်းမှာပြန်အိပ်လိုက်၏။ ညဦးပိုင်းမှာတော့ အိပ်ပျော်သွားသည်။ သို့သော် အိပ်မက်ဆိုးတခုကြောင့် လန့်နိုးလာပြီးနောက်တွင်ပြန်အိပ်လို့ မရတော့။

အိပ်မက်ထဲမှာ ကျော်ကျော် နှင့် ဦးအောင်ဘညို ချစ်ပွဲဝင်နေကြသည်။ သူမ၏ ထုံးစံအတိုင်း အော်ဟစ်ရင်း ကျော်ကျော်က ဦးအောင်ဘညိုကို အတင်းဖက်ထား၏။ ထိုအချိန်တွင် ဘေးသို့ ဗြုန်းကနဲ မသူဇာရောက် လာသည်။ မသူဇာ ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် အေးစက်မာကျောနေ၏။ အလန့် တကြားထထိုင်လိုက်စဉ် မသူဇာက လက်ညိုးနှင့် ထိုးပြပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၍ ကြည့် လိုက်ရာ ဦးအောင်ဘညို ရင်ခွင်ထဲမှာ ရှိနေသူက ကျော်ကျော် မဟုတ်တော့ဘဲ သိင်္ဂ ီဖြစ်နေသည်။ ကိုယ်ပေါ်မှာလည်း သွေးတွေ နှင့် နောက်ပြီး သိင်္ဂီ ငိုနေသည်။ ငိုနေသည့် သိင်္ဂ ီ့ မျက်လုံးတွေထဲက မျက်ရည်ကျမလာဘဲ သွေး တွေသာ စီးကျနေ၏။ သိင်္ဂ ီ့ကိုယ်လုံးလေးကို လှုပ်ရမ်းကာ ခေါ်ရင်း ဦးအောင်ဘညို အိပ်ယာက လန့်နိုးခဲ့ ရသည်။

“ဒေါ်ဒေါ်ကြည် မက်တဲ့ အိပ်မက် မျိုးနဲ့တော့ကွာလိုက်တာ”

အခန်းကျဉ်းလေးထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် အိပ်ယာပေါ်မှာထိုင်လိုက် အိပ်လို့ ပျော်လိုပျော်ငြား မျက်စိမှိတ် အိပ် ကြည့် လိုက်နှင့် မိုးလင်းသွားသည်။ မိုးစင်စင်လင်းပြီဟုသိလိုက်ချိန်တွင် ခနတော့ အိပ်ပျော်သွားသည်။ တကယ်ကို ခနလေးသာ။ ဦးအောင်ဘညိုကို တွေ့ချင်သည့် ဧည့်သည်ရောက်နေသည် ဆို၍ က မန်းကတန်း မျက်နှာသစ်ပြီးဧည့်ခန်းသို့ ဆင်းသွားရာ အစိုးရဌာန တခု၏ ဝတ်စုံဝတ်ထားသည့် မိန်းကလေး တယောက် ထိုင်စောင့်နေတာတွေ့ရ၏။ ကျော်ကျော် နှင့် ရွယ်တူလောက်ပဲ ရှိမည်။

သူမက ကျော်ကျော် နှင့် ဆယ်တန်းအထိ တူတူတက်ခဲ့သည့် သူငယ်ချင်းများဖြစ်ပြီး မနေ့ညက မှ ရန်ကုန်က ပြန်ရောက်သည် ဟုသိရသည်။

“ကျွန်မ တမြန်နေ့ကမှ ကျော်ကျော် နဲ့ ရန်ကုန်မှာတွေ့ခဲ့တယ်”

ဦးအောင်ဘညို ဒီကိုထွက်လာသည့် နေ့ပင်ဖြစ်သည်။ ကျော်ကျော် ရန်ကုန်ကနေ ရုတ်တရက်ခွာဦးမှာမဟုတ် သေးဟု ဦးအောင်ဘညို ထင်နေမိတာမှန်နေ၏။ မတွေ့တာကြာသည့် ငယ်သူငယ်ချင်း များ တယောက်အခြေ အနေ တယောက်မေးကြရင်း ကျော်ကျော်က ရန်ကုန်မှာ အိမ်ထောင်ကျနေပြီဖြစ်ကြောင်း ပြောသည်ဟု ဆို သည်။ မိမိ ကိုပင်ရည်ရွယ်လေသလား ဟု ဦးအောင်ဘညို တွေးနေစဉ် ကောင်မလေးကဆက်လာ၏။

“သူ့ ယောက်ျားက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတယ်တဲ့”

တမျိုးကြီးပါလားဟု စဉ်းစားရင်း

“ဘယ်မှာ နေတယ်ဆိုတာရောပြောလား”

“မပြောဘူး အန်ကယ်ကြီးရဲ့၊ ကျွန်မကလည်း မေ့ပြီးမမေးမိဘူး၊ သူယောက်ျားပြန်လာရင်တော့ ဒီကိုလာ လည် ဦးမယ်ပြောသွားတယ်”

“ကျေးဇူးတင်ပါတယ်၊ ခုလိုတကူးတက လာပြောတာ”

“ကျွန်မ ရုံးက ဒီနားလေးတင်ပါ၊ အပန်းမကြီးပါဘူး”

“အော် ..တခု မေ့နေလို့၊ ကျော်ကျော့် ပုံစံ ကလေ၊ ဟိုဒင်း … ဘယ်လိုပြောရမလဲ…ပြေပြေလည်လည် ရှိတဲ့ ပုံ မျိုး ရှိရဲ့လား”

“ပြေပုံရပါတယ်၊ သားသားနားနားပဲ၊ အရင်ထက်တောင် ပိုလှပိုချော နေသေးတယ်၊ သူမခေါ်ရင် ကျွန်မ မှတ် မိမှာ မဟုတ်ဘူး”

“တယောက်ထဲလား၊ အဖေါ်ပါသေးလား”

“မပါဘူးရှင့်၊ လက်ထဲမှာလည်း ပိုက်ဆံအိတ်လေး တလုံးပဲပါတယ်၊ ဟိုနားဒီနား သွားတဲ့ ပုံမျိုးပဲ”

“ဘယ်နားမှာတွေ့တာလဲ”

“မြေနီကုန်းမှာ”

ဒီလောက် နှင့်တော့ ကျော်ကျော် ရှိသည့်နေရာကို မှန်းဖို့မလွယ်၊ ဒီကောင်မလေး ကလဲ ဘယ်မှာနေလဲ ဆို တာမေးလိုက်တာ မဟုတ်ဘူးဟု စဉ်းစားနေဆဲ သူမက ပြန်ဖို့ထသည်။

“ရုံးချိန်နီးနေလို့ ခွင့်ပြုပါဦး၊ သူလာလည်မယ် ဆိုတော့ သူရောက်လာရင် အန်ကယ်ကြီးလာရှာတာပြောလိုက် ပါမယ်”

ဦးအောင်ဘညို လိပ်စာကဒ် ထုတ်ပေးလိုက်ပြီး ကျော်ကျော် လာခဲ့ပါက ဖုန်းဆက်ပေးပါရန် နှင့် ရန်ကုန် ရောက်ပါကလည်း တစုံတရာ အကူအညီလိုလျှင် သူ့ဆီ အချိန်မရွေး လာနိုင်ကြောင်းပါ ပြောပြခဲ့သည်။ ကျော် ကျော့် သူငယ်ချင်း မလေး ပြန်သွားပြီးနောက် ဦးအောင်ဘညို လည်းပြန်ဖို့ပြင်ရသည်။ အသွားအပြန် နှင့်ဆိုလျှင် အချိန် သုံးရက် ပုတ်သွားပေပြီ။ ထွက်လာကထဲက အိမ်နှင့် ရုံးကိုလည်း အဆက်အသွယ် မလုပ်ဘဲထားခဲ့၍ စိတ်ပူချင်လည်းပူနေကြမည်။

မနက်စာ စားပြီး မောင်းထွက်လာချိန်မှာ ခေါင်းကလည်း သိပ်မကြည်။ အိပ်ရေးပျက်တာတွေကလည်း များလှ သည်။ ထို့ကြောင့် ကားကို ခပ်ဖြေးဖြေးသာမောင်းလာခဲ့၏။ ခေါင်းတအား ကိုက်လာလျှင် ခနနားပြီး အအေး လေး ဘာလေးဝယ်သောက်သည်။ နေ့လည်စာလည်း လွတ်သွား၏။ ညခုနစ်နာရီလောက်မှ အိမ်ရှေ့ကို ရောက်တော့သည်။ အရင်ဆုံးအိမ်ထဲက ထွက်လာတာက ဖူးဖူး နှင့် ဦးလေးစိုး၊ နောက်မှ ဒေါ်ဒေါ်ကြည် နှင့် ဖိုးသားထွက်လာသည်။

“အဆင်ပြေလားဆရာ”

“ဒီလိုပါပဲ ဗျာ”

ကလေးတွေရှေ့မှာဆိုတော့ ဦးလေးစိုးဆက် မမေးတော့ဘဲ ကားကို သာ တချက်ကြည့်ပြီး

“ကျွန်တော် သွင်းလိုက်မယ် ဆရာ၊ မနက်ကျရင်တော့ ဆရာရုံးမသွားခင် မောင်ထွေးကို ရေဆေးခိုင်းလိုက် မယ်”

ဖိုးသားက ဦးအောင်ဘညို လက်ဆွဲအိတ်နှင့် အဝတ်အိတ်ကို ယူသွားပြီး ဖူးဖူး က အဖေလက်မောင်းကို ကိုင် ပြီးလိုက်လာသည်။

“ဖေဖေ ထမင်းစားပြီး ပြီလား”

“မစားရသေးဘူး၊ ဒါပေမယ့် မစားချင်တော့ပါဘူး သမီးရယ်”

“ဒါဆို နွားနို့လေးသောက်လိုက်ပါလား၊ ဖေဖေ ခရီးပန်းလာတာ၊ ကြက်ဥပါ ကြော်လိုက်မယ်နော်”

စားချင်စိတ် မရှိသော်လည်း ဖူးဖူး စိတ်ချမ်းသာစေရန် ခေါင်းညိတ်လိုက်သည်။အဝတ်လဲပြီးနောက် ထမင်းစားခန်း ပြန်သွားပြီး နွားနို့သောက်သည်။ အများကြီးလည်း မသောက်နိုင်ပါ။ ရင်ထဲမှာ ပြည့်ကြပ်နေ၏။ ဒေါ်ဒေါ်ကြည်လာချပေးသည့် ကြက်ဥကြော်ကိုလည်း တဇွန်းနှစ်စွန်းသာစား နိုင် ၏။

“တော်ပြီလားဖေဖေ”

“ရင်ပြည့်နေတယ်”

အခန်းထဲက ပြန်အထွက်တွင် ဦးအောင်ဘညို ခေါင်းထဲက မူးလာပြီး ယိုင်သွားသည်။ နောက်ကကပ်ပါလာ သည့် ဖူးဖူးကတွဲ လိုက်၏။

“မူးလို့လား ဖေဖေ”

“အင်း”

“ဖေဖေ့လက်တွေ ပူနေတယ်၊ ဖျားပြီလားမသိဘူး၊ ရေမချိုးနဲ့တော့နော်”

“အင်း ..အင်း”

ကိုယ့်ကိုယ်ကို လည်းစိတ်မချ၍ ဦးအောင်ဘညို ခြေလက်ဆေး မျက်နှာသစ်ပြီး အိပ်ယာထဲဝင်လှဲနေလိုက်၏။ ခနကြာတော့ ဖူးဖူး ရောက်လာပြီး ဆေးတိုက်သည်။ ဘာဆေးလဲတောင်ကြည့် မနေဘဲ သောက်ပစ်လိုက် သည်။

“ဖေဖေကလဲ ဘာဆေးလဲတောင် မမေးဘူးလား”

“သမီး က ဖေဖေ့ကို ဒုက္ခရောက်အောင်မလုပ်မှန်း ဖေဖေသိတာပေါ့”

“သိပါတယ်၊ ဖေဖေ က ကိုယ့်ကိုယ်ကိုပဲ ဒုက္ခရောက်အောင်လုပ်တာ”

ပြောပြီးသည် နှင့် မျက်နှာ မသာမယာလေးနှင့် ဖူးဖူးထွက်သွားသည် ။ အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီးနောက် သွားခဲ့သည့် ခရီးစဉ်ကို ပြန်တွေးကြည့်နေမိသည်။ မသွားခင်က ထဲက မျှော်လင့်ချက်သိပ်မရှိပါ။ ကောက်ရိုးတ မျှင် ပမာလောက်သာ သဘောထားပြီး သွားခဲ့ခြင်းဖြစ်သည်။ ကျော်ကျော် ရန်ကုန်မှာ ရှိနေနိုင်သေးသည် ဆို သည့် စကားတခုကလွဲလျှင် ဘာမှ မသိခဲ့ရ။ ကျော်ကျော် နေထိုင်ခဲ့ရသည့် ပတ်ဝန်းကျင်ကို မြင်ခွင့်ရခဲ့ ခြင်း တခုသာ ရှိသည်။

ကျော်ကျော်က အိမ်ထောင်ကျနေပြီဟု သူငယ်ချင်းကိုပြောလိုက်သည်။ အကြောင်းတခုခု နှင့် တမင်ပြော လိုက်တာလဲဖြစ်နိုင်သည်။ သို့သော် ဦးအောင်ဘညိုကလည်း ကျော်ကျော့် ဆီ နေ့စဉ်ရောက်နေတတ် သည် မဟုတ်။ ကျော်ကျော့် မှာတခြားတယောက် ရှိချင်လည်း ရှိလို့ရသည့် အခြေအနေဖြစ်သည်။ ကျော်ကျော် ဒီ လိုလုပ်မည့်မိန်းကလေး မဟုတ်ဟုလည်း တဖက်မှယုံကြည်နေမိပြန်သည်။ ကျော်ကျော်သည် စာရိတ္တပိုင်း ချို့ယွင်းမည့် သူမျိုးမဖြစ်နိုင်။  ဦးအောင်ဘညို နှင့် စတွေ့သည့် အချိန်တွင် ကျော်ကျော်သည် အပျိုစင်လေးသာဖြစ်ကြောင်း လက်တွေ့လည်းသိခဲ့သည်။ ကွယ်ရာမှာ တခြားယောက်ျားတယောက် နှင့် ပတ်သက်မည့် သူမျိုးလည်း မဟုတ်ဟုတွေးမိသည်။

ဦးအောင်ဘညို ဆီကနေကျော်ကျော် ထွက်သွားချိန်မှာ ပေးခဲ့သည့် အကြောင်းပြချက် တွေကလည်း ခိုင် လုံပြီး အကြောင်းအကျိုးဆီလျော်ညီညွတ်သည်။ သူမ၏ စေတနာကိုလည်း ဦးအောင်ဘညို သိနေသည်။ခေါင်းထဲ ရောက်လာသမျှ အတွေးစတွေနောက်ကို လိုက်ရင်း မသောက်ဘဲ နှင့် မူးလာပြီး ဦးအောင်ဘညိုအိပ်ပျော်သွားသည်။ ဖူးဖူး တိုက်သွားသည့် ဆေးစွမ်းကြောင့်လည်းဖြစ်မည်ထင်၏။ ချမ်းနေသော်လည်း လေ အေးစက်ကို ထပိတ်ဖို့ အင်အားမရှိတော့။ စောင်ကိုသာခြုံထားလိုက်ရ၏။

တရေးပြန်နိုးလာချိန်မှာတော့ မိမိ ဖျားနေပြီဖြစ်ကြောင်းဦးအောင်ဘညို သိလိုက်သည်။ လည်ချောင်းထဲမှာ ခြောက်ကပ်ပူလောင်နေပြီး ရေသောက်ချင်သော်လည်း ခေါင်းထူလို့တောင်မရ။ တရှိန်ရှိန် လောင်မြိုက်နေ သည့် အပူကိုခံစားရင်း ဦးအောင်ဘညို မိန်းမူးသွားပြန်သည်။ အိပ်မက်တွေလည်းမက်၏။ အိပ်မက်လို့လဲမဆိုနိုင် အဖြစ်အပျက်တွေရုပ်ပုံတွေက တဖျပ်ဖျပ်ပြောင်းနေ၏။ သိင်္ဂ ီ့ကိုလည်းတွေ့သည်။ နန်းဝတ်နန်း စားနှင့်တော့ မဟုတ် ပြောင်ပြောင်လက်လက် အဝတ်စတွေ ကိုယ်ပေါ်မှာ အများကြီးတွေ့သည်။

နောက် တော့ ဂျင်းဘောင်းဘီ နှင့် တီရှပ်ဝတ်ထားသည့် မသူဇာ၊ နှုတ်ခမ်းနီတွေ ရဲနေအောင်ဆိုးထားသည်။ တိုက် ပွဲမှာ ကျဆုံးသွားပြီဖြစ်သည့် သူငယ်ချင်းဗိုလ်ကြီးဇော်မင်း ကိုလည်း သေနတ်ကြီးကိုင်လျှက်တွေ့သည်။ပုခက်ထဲက သားငယ်လေးက ဒေါ်ဒေါ်ကြည် ကို လည်ပင်းညှစ်၏။ အရှင်းလင်းဆုံးမြင်ရသည်က ကျော် ကျော် သူမနှင့်သက်တူရွယ်တူလောက် ရှိမည့် လူတယောက်၏လက်မောင်းကို တွဲခိုထား၏။ နေ့စေ့ လစေ့ ကိုယ်ဝန် ကြီးနှင့် ဗိုက်ဖုံးအင်္ကျ ီလည်းဝတ်ထားသည်။

ဦးအောင်ဘညို သိင်္ဂ ီ့ကိုယ်ပေါ်ကအဝတ်စတွေကို ကိုင်ကြည့်သည်။ကိုင်လို့ မရဘဲ ချော်ချော်ထွက်သွား သည်။ မြီးကောင်ပေါက်လေးလို ဝတ်ထားသည့် မသူဇာကို သရော်သည်။ မသူဇာက နှုတ်ခမ်းစူပြီး ခြေကို ဆောင့်သောအခါ မသူဇာ၏ ရင်သားတွေက ခုန်ပေါက်နေ၏။ သေနတ်ကြီးကိုင်ထားသည့် ဇော်မင်း ရှေ့မှာ ရပ်ပြီး ငါ့ကိုသေအောင်ပစ်လိုက်ပါဟုခိုင်းသည်။ ဇော်မင်း က မပစ်သော အခါ ဒါမင်းကို အမိန့်ပေး နေတာကွ ဟု ပြောပြီး ဇော်မင်းကို လက်သီးနှင့် ထိုးမိ၏။သားငယ်လေး လက်ထဲက ဒေါ်ဒေါ်ကြည်ကို ဝင်လု၏။

လုလို့ မရ သားငယ်လက်တွေက သံမဏိအလား မာကျောနေပြီး သူက ဖေဖေ အဖိုးကြီးဖြစ်သွားပြီ အားမရှိတော့ ဘူး ဟု မခန့်လေးစားပြောသည်။ ကျော် ကျော့် ရှေ့မှာ လက်သီးလက်မောင်း တန်းပြီး ဒါဘယ်သူလဲဟုမေး သည်။ ထိုအခါကျော်ကျော် က သူမ ဘေးကလူ၏ပါးကို နမ်းပြီး ကျွန်မယောက်ျားပေါ့ ဟုဆို၏။နောက်တော့ အလင်းရောင်စူးစူးကိုမြင်ရသည်။ ဖူးဖူး အသံကိုလည်းကြားရ၏။

...........................

“ဖေဖေ၊ ဖေဖေ”

မိုးလင်းပြီ။ အိပ်မက်မှ နိုးလာသည် ဆိုသည့်အသိဖြင့် အိပ်ယာမှ လူးလဲထလိုက်သည်။ လုံး၀ ထလို့မရ။ ဖူးဖူး အနားရောက်လာသည်ကို သိသည်။

“ဖေဖေ၊ ဖေဖေ ဘာဖြစ်တာလဲ”

လက်ကိုကြိုးစားမြှောက်ပြပြီး ဖူးဖူးကို ပြောပြဖို့ကြိုးစားသော်လည်း လည်ချောင်းကတင်းနေသည်။ အားယူ ပြီး မနည်းပြောမှ ကိုယ့်စကားသံ ဗလုံးဗထွေးကို ပြန်ကြားရသည်။

သို့သော်လည်း ဒါလောက်လေး နှင့် အားပြတ်သလိုဖြစ်ပြီး ပြန်ပြိုလဲသွားသည်။ စိတ်မပူဖို့ ဖူးဖူးကိုပြောရမည်ဟု ကြိုးစားရင်း ဦးအောင်ဘညို ပြန်မေ့ မျောသွား၏။လက်မောင်းကို အေးစက်စက် အရာတခုက ပွတ်နေသလို ခံစားရသည့်နောက် မျက်လုံးဖွင့်ကြည့်လိုက် မိ သည်။ အရိပ်တွေက ဝိုးတဝါးဖြစ်နေသလို အသံတွေကလည်း ခပ်သဲ့သဲ့သာကြားရ၏။

“ကျွန်တော် ဆေးထိုးမလို့ ဦးအောင်ဘညို၊ မလှုပ်နဲ့နော်”

အသံ နှင့် အတူမသဲမကွဲလူရိပ်တခုကို ဘေးမှာတွေ့ရသည်။ တအိမ်ကျော်က ဆရာဝန်ကြီး ဦးအေးမြင့်ဟု သိ လိုက်ပြီးအားနာသွားသည်။ ဦးအေးမြင့် က အိမ်လိုက်ပြီးလူနာကုသည့် အဆင့်မဟုတ်။ ဆေးရုံကြီး တရုံက ဆေးရုံအုပ်ဆရာဝန်ကြီးဖြစ်သည်။ ဆရာကြီးကို အားနာကြောင်းပြောချင်သော်လည်း မပြောနိုင်။ ဆေးထိုး နေသည့် အချိန်မှာပင် လူကလေထဲမှာ လွင့်နေသလိုခံစားနေရသည်။ ပြီးသွားသည့် အချိန်မှာလည်း လူက ရီဝေနေသည်။ ဆေးရုံတင်ဖို့ လိုမလို ဖူးဖူးမေးနေသံကြားရ၏။ အအိပ်အစား မမှန်ဘဲ အရက်တွေသောက် သည့်ကိစ္စ၊ ခရီးသွားရာမှပြန်လာခြင်း စတာတွေကိုလည်း တချက်တချက်ကြားရပြီးနောက် အိပ်ပျော်သွားပြန်သည်။

ပြန်နိုးလာသည့် အချိန်တွေဆိုလျှင် ဖူးဖူးအသံလေး အနားမှာကြားကြားနေရသည်။ သမီး ဒီနေ့ကျောင်း ပျက်ပြီထင်သည်။ ဦးလေးစိုးက ပုခုံးကနေထူမပြီး ဖူးဖူးဆေးတိုက်လျှင်မျိုချလိုက်၏။ တခါတလေ လည်းဘာမှန်းမသိသည့် ခပ်ပျစ်ပျစ် အရည်တွေပါးစပ်ထဲလာထည့်တတ်သည်။ ဦးအောင်ဘညို ကြိုးစားပြီး မျိုချပါသည်။ အချိန်တွေဘယ်လောက်ရှိနေတာကိုလည်း မသိ။ နိုးလာချိန်တိုင်း အလင်းရောင်ကိုသာမြင်ရသည်။ ဦးအေးမြင့်၏ သမီး ဆရာဝန်မလေး ဆေးလာထိုးပေးတာလည်း သိသလိုလို မသိသလိုလို နှင့်။

တခေါက်ပြန်နိုးလာချိန်မှာ လည်းလင်းနေ၏။ ဖူးဖူး စကားပြောသံကြားရသည်။ အရင်လို ဝါးတားတားမ ဟုတ် ပီပီသသ ဖြစ်သည်။ မသူဇာ အိမ်ကထွက်သွားသည့် အကြောင်းတွေကို ဖူးဖူး ကတခြားတယောက်ကို ပြောနေခြင်းဖြစ်၏။ ဘယ်သူဖြစ်နေလို့ အိမ်ကကိစ္စတွေပြောပြနေရသလဲ ဟုသိချင်စိတ်ဖြင့် ကြိုးစားပြီး ခေါင်းထူကြည့်မိ၏။

ရုတ်တရက်မရ။ လက်နှင့်ပါထောက်အားကူမှ နည်းနည်းကြွသည်။

“ဖေဖေ နိုးပြီလား”

ဖူးဖူး နှင့် အတူလူတယောက် အနားသို့ရောက်လာသည်။ ကျော်မင်း။

“အကို သက်သာလား”

ခုံတလုံးဆွဲလာပြီး ကျော်မင်း ဘေးမှာလာထိုင်၏။ ဖူးဖူးကတော့ ဦးအောင်ဘညို ဘေးမှာဝင်ထိုင်ပြီး လက်ကို ကိုင်ထားသည်။

“သိပ်မပူတော့ဘူး၊ ဖေဖေ နေကောင်းတော့မှာပါ၊ ရေသောက် မလားဖေဖေ”

ခေါင်းညိတ်ပြလိုက်ရာ ဖူးဖူး က ခေါင်းအုံးနှစ်ဆင့် နှင့်မှီပေးပြီး ရေကိုဇွန်းလေးဖြင့်တိုက်သည်။ သုံးလေးဇွန်း သောက်ပြီးနောက် ဦးအောင်ဘညို လည်ချောင်းရှင်းပြီး အသံထွက်လို့ရလာသည်။

“မင်းက ဘယ်လိုရောက်လာတာလဲ ကျော်မင်း”

ဖူးဖူး နှင့် ကျော်မင်းတယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။

“အကိုခေါ်တာလေ”

“ဖေဖေပဲ လေးလေး ကျော်ကိုခေါ်လိုက်ဆို”

တယောက်တပေါက်ဖြေကြသည့် အခါ ဦးအောင်ဘညို ခေါင်းရှုပ်လာသည်။

“ဖေဖေ ခေါ်ခိုင်းတယ်လား”

“ဟုတ်တယ်လေ၊ မနက်က ဖေဖေ ထတာထလို့မရဘူးလေ၊ သမီးလဲမထူနိုင်ဘူး၊ ဦးလေးစိုး တို့ပြေးခေါ်မလို့ လုပ်နေတုန်း ဖေဖေက ကျော်မင်းကိုလာခိုင်းပါ လို့ပြောတယ်၊ ပြောတာတော့အများကြီးပဲ တခုမှမသဲကွဲဘူး၊လေးလေးကျော် ကိုခေါ်ပါ ဆိုတာတခုပဲ သိတယ်”

အဲဒီအချိန်က တော်တော် ဆိုးဆိုးဝါးဝါးခံစားနေရသည် ဆိုတာတခုကလွဲလျှင် ဦးအောင်ဘညို ဘာမှမသိ တော့။ကိုယ့်ကိုယ်ကို မထူ နိုင်သည့် အခြေအနေတွင် မိသားစု နှင့် အလုပ်ကိစ္စတွေ အတွက်ပူပန်ပြီးပြော လိုက်မိတာလည်း ဖြစ်နိုင်သည်။

“ဖူးဖူးက လေးလေးကျော် မြန်မြန်လာပါဆိုပြီး ဘာမှမေးလို့ မရဘူး ငိုနေတာ၊ အဲဒါနဲ့ လာမယ်သမီး ဆိုပြီး၊ သူ့ ဖုန်းချပြီး ရန်ကုန်ရုံးလှမ်းမေးတော့ အကို ရုံးမလာတာသုံးလေးရက်ရှိပြီဆိုတာ နဲ့ စိတ်ပူပြီး ကျွန်တော်လဲချက် ချင်း ဆင်းလာတာ”

“ထားခဲ့လို့ ဖြစ်ရဲ့လား”

“ဖြစ်ပါတယ်၊ စိုးကြီးတို့ ဖိုးကျော် တို့လဲ တော်တော်လုပ်တတ်ကိုင်တတ် ဖြစ်နေပါပြီ၊ အရင်လောက်လဲ ဒီ ကောင် တွေ မဆိုးတော့ဘူး၊ ကျွန်တော် အကို့တပည့်တွေကို ပုံစံပေးထားတယ်”

“ဖေဖေ ဆာလား”

“ဆာသလိုပဲ”

“ဘဘဦးအေးမြင့် က အစားပျော့ပျော့ ကျွေးလို့ရတယ်တဲ့၊ ဖေဖေဘာစားမလဲ ပြီးရင်ဆေးတခါ သောက်ရဦးမယ်”

“သမီး ကျွေးတာစားမယ်လေ”

“အင်း …ဒါဆို ခနစောင့်”

အပြုံးလေး နှင့်ထွက်သွားသော ဖူးဖူး ကိုကြည့်ရင်း ကျော်မင်းက

“အကို ကံကောင်းတယ်၊ ဖူးဖူးက အရမ်းလိမ္မာပြီး သိတတ်တယ်”

“သူ့ အမေလို မဟုတ်ဘူး”

အကြောင်းသိလူရင်း ဖြစ်သော ကျော်မင်းက သဘောကျပြီးရယ်သည်။

“ကျွန်တော် သတင်းကြားပါတယ်၊ အပြည့်အစုံတော့ ခုနမှ သမီးပြောပြလို့သိတာ၊ အမက မန ္တလေးမှာထဲက ဖေါက်နေတာ အကိုရဲ့”

“ဘာဖြစ်တာလဲ”

“ငိုလဲ မငိုဘူး၊ စကားလဲ လုံး၀ မပြောသလောက်ပဲ၊ တနေ့လုံးနေမှ တခွန်းလောက်ပြောတယ်၊ အစားအ သောက် ကို အတင်းကျွေးရင်စားတယ်၊ မကျွေးရင် မစားဘူး၊ ကျွန်တော်နဲ့ တွေ့တွေ့ချင်း သူ့ပိုက်ဆံ အိတ်ကြီးလက်ထဲလာထည့်တယ်၊ နင်ယူထားတဲ့၊ အဲဒီတခွန်းပြောပြီးထဲက ဘာမှသူ့ဆီက မကြားရတော့ဘူး၊ ဦးလေးစိုး မပြောပြဘူးလား”

“ငါ့ကိုမပြောဘူး”

ကျော်မင်း နှင့်တောင် ဒီလိုဆိုလျှင် ကျန်တဲ့သူတွေသာဆို ပိုဆိုးမည်။ မသူဇာက ကျော်မင်းကို မောင်အရင်းလို သဘောထားသည်။ ငယ်စဉ်က စပြီး ကျော်မင်း အိမ်ထောင် မကျမှီအထိ အဝတ်အစားကို ကိုယ်တိုင်ဝယ် ပြီး ဆင်သည်။ထို့ကြောင့် သိင်္ဂ ီ့ဈာပန ကို ကျော်မင်းလိုက်သွားမည် ဆိုသောအခါ ဦးအောင်ဘညို စိတ်ချ ထား လိုက်ခြင်းဖြစ်သည်။

“အမ က နဂိုထဲက ခပ်တည်တည်ပါ။ ဒါပေမယ့် ဒီတခါတည်တာက ကြောက်စရာကြီး။ ရက်လည်ဆွမ်းကျွေး ပြီးတဲ့ ညနေကျတော့ အမကျွန်တော်ပြန်မယ်လို့ သွားနှုတ်ဆက်တော့ ကျွန်တော့်လက်ကိုဆွဲထားတယ်။ အကြာကြီးပဲ၊ ကျွန်တော်က အမဘာလုပ်ချင်တာလဲ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ ဆိုတော့မှ …ဟို …အင်း …အကိုရာ”

ကျော်မင်း တွန့် သွားသဖြင့်

“ပြောပါကွ”

“နင့် အကို အသုံးမကျဘူး၊ အလကားပဲ တဲ့”

မသူဇာ ဘာကြောင့်ဒီလိုပြောသည်ကို နားမလည်နိုင်ပါ။ ညီမအတွက် ဝမ်းနည်းစိတ်ဖြင့် ဂယောင်ခြောက် ခြားတွေပြောမိတာမျိုးလည်းဖြစ်နိုင်ပါသည်။ ဒါမှမဟုတ်၊ တခြားကိစ္စတွေ သိနေလို့ပြောခြင်း ဆိုလျှင်တော့မလွယ်ပါ။ သိင်္ဂီ နှင့် ကိစ္စတွေ တိုက်တိုက် ဆိုင်ဆိုင် သိသွား၍ လက်ထပ်ပေးဖို့ စီစဉ် ခြင်း လည်း ဖြစ်နိုင်ပြန်ရာ ဦးအောင်ဘညို ကျော်မင်း ကို ခွန်းတုံ့ မပြန်နိုင်တော့ဘဲ ငြိမ်သက်နေမိသည်။

“အမ အကို့ကို ဘာမကျေနပ်စရာ ရှိသလဲ၊ ကျွန်တော့်ကိုပြောပါ ဆိုတော့ မပြောတော့ဘူး၊ ပြန်ရင်လဲပြန်တော့ ဆိုပြီး လက်ကိုလွှတ်ပေးလိုက်တယ်၊ ကျွန်တော်လဲ အူကြောင်ကြောင်နဲ့ပြန်ရတာပေါ့၊ နောက် မှ အမ အိမ်က ထွက်သွားတဲ့ သတင်း မန ္တလေး အိမ်က လှမ်းပြောတာကြားရတော့တာပဲ”

“ငါလဲ မင်းအမ ကိုနားမလည်တော့ပါဘူးကွာ”

ကျော်မင်း က တစုံတခုပြောမလို့ ပြင်စဉ် ဖူးဖူး ပြန်ဝင်လာ၏။ ဖိုးသားလည်း နောက်ကပါလာသည့် အခါ ကျော်မင်း ဘာမှမပြောတော့ဘဲစကားဖြတ်လိုက်သည်။

...................................................

{ ဘဝ၏အဓိပ္ပါယ်ဆိုသည်မှာ ဘဝအပေါ်ယုံကြည်မှုပင်ဖြစ်သည်။

ဘဝကို ယုံကြည်မှု မရှိသူသည် အဓိပ္ပါယ်ရှိသောဘ၀ ကိုမရနိုင်ပေ။}

...........................................................................

အခန်း (၃၉)

ရက်အတော်ကြာအိပ်ယာထဲမှာ လဲလျောင်းနေရသည့် အဖြစ်က ဦးအောင်ဘညို အတွက်ထူးဆန်းနေသည်။သောက်တတ်စားတတ်သော်လည်း ကျန်းမာရေးကို ဂရုစိုက်ခဲ့ပြီး အားကစားလုပ်ဖို့လည်း မပျင်းခဲ့သည့် အ တွက် ဒေါင်ဒေါင်မြည် နေခဲ့သောကျန်းမာရေး အခြေအနေဘယ်ဆီကိုရောက်သွားသည်ကို မတွေးတတ်တော့ ပါ။ ကျော်ကျော့် လိုငယ်ရွယ်နုပျိုသည့် မိန်းကလေးကိုတောင် ပုံလဲကျသည် အထိချစ်နိုင်ခဲ့သည့် ခွန်အားတွေ လည်း တမဟုတ်ခြင်း ပျောက်ကွယ်သွားသလို ရှိသည်။

ကျော်မင်း နေပြည်တော် ပြန်မသွားဖြစ်တော့ပါ။ အိပ်ယာထဲမှာ လဲသည်အထိဖြစ်သွားသော ဦးအောင်ဘညို ကို စိတ်မချ သည့် အတွက် မပြန်သေးဘဲ ရန်ကုန်မှာ ရုံးပြန်ထိုင်ပေး၏။

“အကို အားပြည့်တဲ့ အထိနားပါ။ ဟိုမှာကလည်း အရှိန်ရနေပါပြီ။ ကျန်တဲ့သူတွေ လုပ်နိုင်ကြပါတယ်၊ လိုအပ် ရင် ကျွန်တော် နေ့ချင်းပြန်သွားကြည့်လိုက်မယ်”

“မင်း မိန်းမတွေ ကလေးတွေက ဟိုမှာလေ”

“ခနတဖြုတ်ပဲ အကိုရာ”

“ဒါဆိုလဲ မင်းငါ့ စားပွဲပဲ သုံးပါ၊ မင်းအခန်း က သိင်္ဂီ သုံးထားတော့ အဆင်ပြေချင်မှပြေမယ်”

“ဟုတ်ကဲ့ အကို”

သိင်္ဂီ နောက်ဆုံးလာသွားတုန်း ကအတိုင်းထားချင်သည်ဟု ပြောလို့ မဖြစ်ပါ။ အိမ်က အခန်းကိုလည်း ဖူးဖူး က ပိတ်ထားလိုက်၏။ သုံးလေးရက်လောက် နေတော့ ဦးအောင်ဘညိုသွားနိုင်လာနိုင်ဖြစ်လာပါသည်။ သို့သော် ဆရာဝန် က နားနေ စေချင်သလို အိမ်သားတွေလည်း တသဘောထဲပဲ ရှိသည်။

“ဖေဖေ ဘယ်တုန်းက နားဖူးလို့လဲ”

ဖူးဖူး ပြောတာလည်း မမှားပါ။ ရုံးပိတ်ရက် ကလွဲလျှင် ဦးအောင်ဘညို တခါမှရက်ရှည် မနားဖူးပါ။ ဒီလို နားနား နေနေ နေကျင့်မရှိတာကြာပြီဖြစ်၍ အိမ်မှာနေသော အခါ တမျိုးကြီးဖြစ်နေသည်။ ကျန်းမာရေး အခြေအနေ အရ အရက်ကလည်းသောက်လို့မရ။ ဖူးဖူးကလည်း ရှိသမျှပုလင်း အကုန်ရှင်းထုတ်လိုက် ပြီ ဖြစ်သည်။ သောက်ချင်လျှင် အပြင်ထွက်မှရတော့မည်။ ထို့ကြောင့် စာဖတ်လိုက်၊ အိပ်လိုက်၊ ဟိုနားဒီနားအိမ်ထဲမှာ လျှောက်သွားလိုက်နှင့် အချိန်ဖြုန်းနေရ၏။ ညနေခင်း ကျော်မင်း ရုံးက အပြန်ဝင်လာမှ စကား ပြောဖေါ်ရ သည်။ ကျော်မင်း နှင့်ပြောဖြစ်သည်ကလည်း လုပ်ငန်းနှင့် ပတ်သက်သည်များသာ။

ဖူးဖူး ကလည်းစာမေးပွဲ နီးနေလေပြီ။ ဖူးဖူး စိတ်လက်ဖြောင့်ဖြောင့် စာမေးပွဲ ဖြေနိုင်စေရန် သူမ အကြိုက် ကို လိုက်လျောနေပေး ဖို့သင့်သည်ဟု ကျော်မင်း ကထောက်ပြ သည့်အတွက် အိမ်တွင်းပုန်း ဘ၀ ကို ညည်း ငွေ့စွာဖြတ်သန်းနေရသည်။ ဦးအောင်ဘညို၏ မိတ်ဆွေတွေလည်း နေမကောင်းသည့် သတင်းကြောင့် လာ ကြပါသည်။ အားလုံးက အလုပ်များ သူတွေဆိုတော့ တယောက်ထဲနေရချိန်က ပိုများနေသည်။

အိပ်ယာပေါ်မှာ ရှိသည့် အချိန်များဆိုလျှင်တော့ တွေးမိတွေးရာ လျှောက်တွေးခြင်းဖြင့်သာအချိန်ကုန်ရ၏။မိမိဘ၀ ကိုပြန်တွေးမိသည်။ လုပ်ငန်းအကြောင်းတွေပြန်တွေးမိသည်။ ဦးအောင်ဘညို စီးပွားရေး နှင့် ပတ် သက်တာကလွဲလျှင် ကျန်သည့် အကြောင်းအရာတွေကို သေသေချာချာမစဉ်းစားတာ ကြာခဲ့ပြီဖြစ်ကြောင်းကိုပါပြန်တွေ့ရ၏။ မစဉ်းစားဘူးတော့ မဟုတ်စဉ်းစားသည်။ သို့သော်လည်း ခနသာဖြစ်သည်။ အရင်ဆုံးရ သည့် အကြောင်းအရာက အဖြေဖြစ်၏။ ဘက်စုံထောင့်စုံက နှိုင်းချင့်သုံးသပ်ခြင်းတွေမလုပ်တော့။

မနက်ဆိုလျှင် အိပ်ယာကထသည်။ မနက်စာစားပြီး အလုပ်ခွင်ဝင်၏။ တနေကုန် စီးပွားရေးကိစ္စ၊ စီးပွားရေး နှင့် ပတ်သက်သည့် လူမှုရေးကိစ္စ တွေ နှင့် လုံးထွေးနေပြီး နောက် ညနေဆိုလျှင် ဂေါတ်ကွင်းရောက်ချင် ရောက်၊ ဒါမှမဟုတ်လျှင်လည်း တင်းနစ်သွားကစားပြီး နီးစပ်ရာ အပေါင်းအသင်းတွေ နှင့် စားသောက်ပြီး အိမ်ပြန်သည်။ ပြီးတော့ အိပ်သည်။

ဒီလောက်ရိုးစင်းသော လည်ပတ်မှုထဲမှာ ပိတ်မိနေခဲ့သည်မှာ အနည်း ဆုံး ဖူးဖူး တသက်စာလောက်တော့ ရှိပေပြီ။ထိုကာလအတွင်း မှာ ပိုင်ဆိုင်မှုတွေတိုးတက်လာသည်ကလွဲလျှင် မိမိအတွက် ကျန်တာဘာမှ မရှိဟုတွေး မိလာသည်။ မိသားစု နှင့် နီးလျှက် နှင့်ဝေးရသည်။ သားသမီးတွေ နှင့်တနေ့မှ စကားတခွန်းနှစ်ခွန်းလောက် သာပြောဖြစ်ခဲ့သည်။ဒီလိုဖြစ်ရသည့်တိုင် သူတို့လေးတွေ လိမ္မာကြသည့်အတွက်တော့ ဦးအောင်ဘညို ပီတိ ဖြစ်ရပါသည်။ အထိုက်အလျောက်လည်း နားလည်ရင့်ကျက်ကြ၏။ ဖူးဖူး ဆိုလျှင် ခုချိန်မှာ ဦးအောင်ဘညိုကိုတောင် စီမံကွပ်ကဲနေပြီ မဟုတ်ပါလား။

အချစ်ရဆုံး သမီး၏ သြဇာကိုတော့ ဦးအောင်ဘညို မပယ်ရှားဝံ့ပါ။ ဆရာလုပ်နေမှန်း သိသိနှင့် လိုလိုချင်ချင် လိုက်လျောနေပေးမိ၏။ သားအဖ နှစ်ယောက်လည်း အရင်ကထပ်ပိုပြီးနီးကပ်လာ၏။

“ဖေဖေ့ မှာဒီသမီးလေးပဲ ရှိတော့တာ”

ဖူးဖူး ခေါင်းလေးကိုပွတ်ရင်းပြောမိလျှင် သမီးက အဖေ့ခံစားချက်တွေကိုသိနေသလို ပုခုံးကို မှီရင်းငြိမ်နေ တတ်၏။

ခုမှပြန်တွေးကြည့်လျှင် ညည်းငွေ့ဖွယ်ကောင်းသည်ဟု မြင်မိသည့် လူနေမှုစက်ဝိုင်းထဲမှ နေ ဦးအောင်ဘညို ကို လွင့်စင်ထွက်အောင်လုပ်နိုင်ခဲ့သည်မှာ မိန်းမ သုံးယောက်ဖြစ်သည်ဟု တွေးမိသည်။ မသူဇာ၊ သိင်္ဂီ  နှင့် ကျော်ကျော်။ ထူးဆန်းတိုက်ဆိုင်စွာ ထိုသုံးယောက်က ညီအမတွေဖြစ်လို့ နေပြန်၏။ ကံကြမ္မာ၏ ဖန်တီးမှု တွေက မျှော်လင့်ကြည့်လို့ မရနိုင်လောက်အောင် ဆန်းကြယ် တတ်၏ဟု ဦးအောင်ဘညို ထိတ်လန့်တကြား တွေးနေမိသည်။

ထို့ အပြင် မိန်းမသားတွေဖက်ကို ကြည့်ပြန်လျှင်လည်း သူတို့မှာ ဦးအောင်ဘညိုကို ထိခိုက်နစ်နာစေလို သည့် သဘောမရှိကြပါ။ သူ့အတိုင်းအတာ နှင့် သူတော့ ဦးအောင်ဘညို အတွက် အဓိပ္ပါယ် အသီးသီး ရှိခဲ့ ကြပါသည်။

မသူဇာသည် ဖူးစာနတ်ကရွေးခဲ့သည့် ဘဝလက်တွဲဖေါ်ဖြစ်ပါသည်။ ခုချိန်မှာ လည်း နောက်လင်ယူဖို့ စွန့်ခွာ သွားသည်မဟုတ်ပါ။ တရားဓမ္မ ကို သာတစိုက်မတ်မတ် လိုက်စားချင်၍စွန့်ခွာ သွားဖြင်းမျိုးသာ ဖြစ်ပါသည်။ သိင်္ဂ ီကတော့ ဘာကိုမှမတွေးဘဲ ဦးအောင်ဘညို ကိုချစ်သည့်စိတ်တခုကို သာရှေ့တန်းတင် ထားခဲ့ သူဖြစ် သည်။ ကံကြမ္မာ၏ ရက်စက်မှုကြောင့်သာ မမျှော်လင့်သည့် အဖြစ်ဆိုးနှင့် ခွဲခွာသွားရ ရှာသူဖြစ်သည်။ ကျော်ကျော် နှင့် ဆက်ဆံရေး က ရှုပ်ထွေးသော်လည်း ကျော်ကျော်သည် ဦးအောင်ဘညိုကို ဘာမှဝန်ပို၍ ပိစေခဲ့သူမဟုတ်ရှာပါ။ အမဖြစ် သူ မသူဇာ ၏ခင်ပွန်းမှန်း သိသည့် အချိန်မှာ လည်း အသာအယာ နောက် ဆုတ် ရှောင်ဖယ်ပေးသွားသူဖြစ်ပါ သည်။

ဦးအောင်ဘညို စိတ်စနိုးစနှောင့် ဖြစ်ရသည် တခုက ကျော်ကျော့် သူငယ်ချင်းမလေး ပြောသည့် အိမ်ထောင် ကျနေပြီ ဆိုသည့် ကိစ္စဖြစ်သည်။ ရက်ပိုင်းလောက် အတွင်းမှာ ကျော်ကျော် အိမ်ထောင်ကျသွားခြင်း လည်းမဖြစ်နိုင်ပါ။ ကျော်ကျော့် ကို လိုက်နှောက်ယှက်တတ်သည် ဆိုသည့်ကောင်လေး ကိုမျက်စိထဲ ပြေးမြင်မိ သည်။ ဒါလည်း မဖြစ်နိုင်ပါ။

ဒီဥမမယ်စာမမြောက် ချာတိတ်လိုမျိုး ကို ကျော်ကျော်လက်တွဲ မှာမဟုတ်။ ဦးအောင်ဘညို နှင့် ကျော်ကျော် တို့၏ ဆက်ဆံရေး ကို မသိသည့် ဦးလေး စိုးကတော့ တမျိုးတွေးသည်။

“သူလဲ အားကိုးအားထား လိုနေတာဆိုတော့ ဆရာအလုပ်သွင်းပေးပြီးတဲ့ နောက်ပိုင်း အိမ်ထောင်ကျချင် ကျသွားနိုင်တာပဲလေဆရာရဲ့၊ ကလေးမလဲ အိမ်ထောင်ပြု သင့်တဲ့ အရွယ်ရောက်ပြီပဲ”

မဖြစ်နိုင် မဟုတ်နိုင်ဟု ဘယ်အကြောင်းပြချက်နှင့် ငြင်းရမည်နည်။ ဦးအောင်ဘညို ထုတ်ပြနိုင်သည့် သက် သေတွေ က တရားမဝင်ပါ။

“ယောက်ျားက နိုင်ငံခြားမှာ အလုပ်လုပ်တယ် ဆိုတော့ ဝင်ငွေ ဆိုးမှာမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ သူ ကောင်းကောင်း နေရတယ် ဆိုရင်ပြီးတာပါပဲ ဆရာရယ်”

ဦးအောင်ဘညို ကတော့ ဒီကိစ္စ ကိုပြတ်သားစွာသိချင်သည်။ တဖက်မှ လှည့်လို့တွေးပြန်လျှင်လည်း ကျော် ကျော် ဒီလိုလုပ်သွား၍ သာ ဦးအောင်ဘညို စိတ်အပြောင်းအလဲဖြစ်ခဲ့ခြင်း ဖြစ်သည်။ သိင်္ဂ ီကြောင့် ကြေ ကွဲ ခံစားရခြင်းများ၊ မသူဇာကြောင့် ကသိကအောင့်ဖြစ်ရခြင်းများ ကနေ ကျော်ကျော့် ကို ရှာဖွေရင်း၊ အဖြေရှာရင်း အခိုက်အတန့်သက်သာရာရခဲ့ ခြင်းလည်း ဖြစ်သည်။


အပိုင်း (၂၀) ဆက်ရန် >>>>

Print Friendly and PDF

No comments:

Post a Comment