Thursday, February 8, 2024

တိမ်တောင်ညို ပြိုမှာစိုး အပိုင်း ( ၃ )

တိမ်တောင်ညို ပြိုမှာစိုး အပိုင်း ( ၃ )

ဇာတ်သိမ်းပိုင်း

ရေးသားသူ - ငွေလမင်း @ အချစ်တက္ကသိုလ်

“ ယုန်လေး နိုးပြီ အန်တီ..” 

ကျမတို့ စကားပြောနေတုန်း ဆရာမလေး ထွက်လာပြောတယ်။ ချက်ချင်းပဲ အခန်းထဲ ပြေးဝင်သွားတာ နေ ပေါ့။ ကျမလည်း နောက်က လိုက်ဝင်သွားဖြစ်တယ်။ ဆရာမလေးက 

“ လိုရင်ခေါ်နော် အန်တီ.. ကျမ ဒီမှာ ထိုင်နေမယ်..” 

ဆိုပြီး ကျန်ခဲ့တယ်။ သမီးလေးက ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးလေးတွေ ခု ပြီး ခပ်လျှောလျှောလေး ထိုင်နေတယ်။ ကြည့်ရတာ ဆရာမလေး ပြင်ဆင်ပေးခဲ့တယ် ထင်ပါရဲ့။ သမီးနား အရင်ဆုံး ရောက်သွားတဲ့ နေ က လက်လေးကို ဆုပ်ကိုင်လိုက်ပြီး

“ ငယ်..”

“ ……….”

“ ငယ်လေး..”

“ ………..”

နေ့ကို မော့ကြည့်နေတဲ့ သမီး မျက်လုံးတွေက ပြူးကျယ် ဝိုင်းစက်လို့။ နှုတ်ခမ်းလေးက ခပ်ဟဟ ပွင့်နေပေမယ့် ဘာမှ ပြန်မပြောဘူး။ “ကိုကိုလေ ငယ့်..” နေ ထပ်ပြောတယ်။ သမီးက နေ့မျက်နှာကို မော့ကြည့်ပြီး ကြောင်ငေး နေတုန်းပဲ။ နေလည်း “ငယ်လေး..” ဆိုပြီး ဆုပ်ကိုင်ထားတဲ့ လက်လေးကို ရင်ဘက်ထဲ ဆွဲယူရင်း ထပ်ခေါ် ပြန်တယ်။ သမီးက ဘာစကားမှ ပြန်မပြောဘဲ မော့ကြည့်နေတုန်းပါပဲ။ ဒါပေမယ့် ဖြူဖျော့ဖျော့ ဖြစ်နေတဲ့ မျက်နှာလေး ပန်းရောင် သန်းလာတယ်။ နှာသီးဖျားလေးတွေ နီရဲလာပြီး နှုတ်ခမ်းလေး တဆတ်ဆတ် တုန်လာရှာတယ်။ ငိုချလိုက်တော့မယ့် ကလေး တစ်ယောက်လို မျက်နှာလေး တစ်ချက် မဲ့ ကနဲ ဖြစ်သွားပြီးမှ နေ ကိုင်ဆုပ်ထားတဲ့ သူ့ လက်ကို ရုန်း ပြီး..

“ ဘယ်.. ဘယ်က ကိုကို လဲ..”

“ ငယ်လေး..”

“ ဘယ်သူလဲ ဟင်.. ကျမ..”

“ ငယ့်.. ကိုကို လေ ငယ်ရယ်..”

“ ခဏ နေနေ..”

သမီး ကြည့်ရတာ အရမ်း မော နေသလိုပဲ။ အသက်ကို ခက်ခက်ခဲခဲ ရှုနေရတာတွေ့လို့ နေ့ ကို ကျမ မျက်ရိပ် ပြလိုက်တယ်။ 

“ သမီး.. စိတ်ထိန်းလေ ယုန်လေး.. သူ့ကို သိတယ်မှတ်လား သမီးရယ်..” 

ကျမ ဝင်ပြောမှ အခြေနေက ပိုဆိုးသွားတယ်။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး ရှိုက်ကြီးတငင် ငိုတော့တာပဲ။ 

“ ဘယ်သူတွေလဲ.. ကျမ နံမည် ငယ် မဟုတ်ဘူး.. ထွက်သွား.. ထွက်သွားပေးကြပါ..”  

သမီးအော်ငိုသံ ကြားတော့ ဆရာမလေး အပြေးဝင်လာတယ်။ နေ့ကို နောက်ဆုတ်ခိုင်းပြီး 

“ ခဏ အပြင်ထွက်ပေးပါ ဦး.. လူနာ ပင်ပန်းသွားမယ်လေ.. သူလက်မခံရင် နဲနဲ စိတ်ရှည်ပေးပါ..” 

နေက ကျမကို အကူညီတောင်းသလို လှည့်ကြည့်တယ်။ ကျမလည်း ခေါင်းငြိမ့်ပြလိုက်တယ်။ ဆရာမလေးက သမီး မျက်ရည်တွေ ချွေးတွေ သုတ်ပေးပြီး ချော့တယ်။ ဒါပေမယ့် ယုန်လေး အသည်းအသန် ငိုနေ တုန်းပါပဲ။ 

“ လိုအပ်ရင် စိတ်ငြိမ်ဆေး ပေးမယ်.. အန်တီနဲ့ ဦး အပြင်ထွက်ပေးပါ..”  

ကျမလည်း နေ့ကို ဆွဲခေါ်ထုတ်လိုက်ရတော့တယ်။ အပြင်ရောက်တော့မှ..

“ တစ်ချက်တစ်ချက် အဲ့လို ဖြစ်တယ် နေ.. ညို့ကိုတောင် အန်တီက ဘယ်သူလဲ ဆိုပြီး မေးတဲ့ နေ့တွေ ရှိတယ်.. ဒါမှမဟုတ်.. ဒီ မုတ်ဆိတ်တွေ နှုတ်ခမ်းမွေးတွေ ကြောင့်များ မမှတ်မိတာလား.. အပြင်မှာလည်း ခုမှ တွေ့ရတာ ဆိုတော့လေ.. လူ နဲ့ ဓာတ်ပုံ မတွဲမိတာမျိုး..”

“ မဟုတ်ဘူး.. မဟုတ်ဘူး ညို.. ကျနော် သိတယ်.. ငယ် ကျနော့်ကို မမေ့ဘူး.. ကျနော်မှန်း မသိရင် သူ ဘယ် ငို မလဲ.. ငိုစရာ အကြောင်းမှ မရှိဘဲ..”

“ ကျနော် ပြောတာ မဟုတ်ဘူးလား.. မမှတ်မိရင် မောင်းထုတ်ရုံပေါ့.. ခုက ကျနော့်ကို ငေးကြည့်နေပြီးမှ.. သေချာ စဉ်းစားပြီးမှ မသိဘူး ပြောလွှတ်တာ..”

သူပြောတာ ဟုတ်နေသား ဆိုတော့ ကျမလည်း ဘာမှ ပြန်မပြောတတ်တော့ဘူး။ အခန်းထဲမှာတော့ ငိုသံ တိတ်သွားပြီ။ ဆရာမလေးပဲ ဆေးထိုးပေးလိုက်လား သမီးလေး မော သွားတာလား။ 

“ ဘာပဲ ဖြစ်ဖြစ် အခြေအနေတော့ ကြည့်ရမယ် ထင်တယ် နေရယ်.. ညို သွားကြည့်လိုက်ဦးမယ်.. ဒီမှာ ခဏ စောင့်နေလေ နော်.. ” 

ဟူးးး ကနဲ လေပူ တစ်ချက် မှုတ်ထုတ်ပြီး ခေါင်းငြိမ့်ပြတယ်။ ကျမ အခန်းထဲ ပြန်ရောက်တော့ ဆရာမလေးက သမီးလေး လက်ကို ကိုင်ထားပြီး နှဖူးက ချွေးတွေ သုတ်ပေးနေတယ်။ 

“ ပြန်သွား ခိုင်းလိုက်ပါ ညို..” 

ငိုမဲ့မဲ့ မျက်နှာလေးနဲ့ ကျမကို လှမ်းပြောတဲ့ သမီးလေး အသံက တိုးသက် တိမ်ဝင်နေတယ်။ 

“ သမီး သူ့ကို မမေ့ဘူး မဟုတ်လား ယုန်လေးရယ်..” 

ကျမ မေးလိုက်တော့ ………

“ ဟင့်အင်း.. ဒါပေမယ့် ပြန်ခိုင်းလိုက်ပါ..”

“ ဘာလို့ လဲ သမီးရယ်..”

“ ဘာလုပ်တော့မှာလဲ.. သမီးကြောင့် လူတစ်ယောက် ပိုပင်ပန်းအောင်.. ညို ဘာလို့ အိုက်လို လုပ်ရတာလဲ.. သူကရော.. ဘာလို့.. ခုမှ ဘာ လို့..”

“ သမီးရယ်..”

“ ခုမှ မဟုတ်ဘူး ငယ်..” နေက အခန်းထဲ ဝင်ချလာရင်း လှမ်းပြောတယ်။

“ ယုန်လေးက Bed rest ယူနေရတဲ့ လူနာပါဦး.. ကျမ ပြောနေတာ နားထောင်ပါ.. လူနာ တစ်ခုခု ဖြစ်သွားရင် ဦး တာဝန် ယူမှာလား..”

“ ယူတယ်..”

ဆရာမလေးကလည်း စိတ်တိုနေပုံ။ သမီးလက်ကို ကိုင်ထားရင်း လှည့်ပြောတယ်။ နေကလည်း ပြောနေတဲ့ ကြားကကိုပဲ ရှေ့တိုးလာတယ်။ သူတို့မျက်နှာတွေ တလှည့်စီ ကြည့်ပြီး ကျမ ဘာဝင်ပြောရမှန်း မသိတော့ဘူး။ သမီးလေးကို ကြည့်လိုက်တော့ မျက်နှာလေး တစ်ဘက်လွှဲရင်း အံကျိတ် ငို နေရှာတယ်။ “ထွက်သွားပေးပါ ဦးလေး..” ဆရာမလေးက ထိုင်နေရာကထရပ်ပြီး နေ့ကို မျက်နှာချင်းဆိုင်ရင်း ပြောလိုက်တယ်။ “ငယ်..” နေက ဆရာမလေးကို ကျော်ပြီး သမီးကို လှမ်းကြည့်ရင်း ထပ်ခေါ်ပြန်တယ်။ ခေါင်းမာနေတဲ့ နေ့ကို ကြည့်ပြီး ကျမလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ တစ်ခုရှိတာ သမီးလေး မျက်ရည်တွေ ကျ နေပေမယ့်၊ နေ ခေါ်တာကို ပြန်မထူးပေမယ့်၊ မျက်နှာ လွှဲထားပေမယ့် ခုဏကလို စိတ်လှုပ်ရှား အော်ငိုနေတာမျိုး မဟုတ်တော့ဘူး။ နေကလည်း တကယ် လက်မလျှော့ဘူး။ သူ့ကြည့်ရတာ နောက်နေ့မှ ထပ်ကြိုးစားမယ်လို့ လုံး၀ တွေးမထားပုံပဲ။ ရှေ့က ဆီး ရပ်နေတဲ့ ဆရာမလေးကို ကွေ့ကျော်ပြီး သမီး မျက်နှာလှည့်နေတဲ့ ဘက်တည့်တည့် ရောက်အောင် လာတယ်။ သူတို့ကို ကြည့်ရင်း ကျမ ရင်တွေ ပူလာမိတယ်။ နေက ကုတင်စွန်းလေးမှာ ဝင်ထိုင်လိုက်ပြီး သမီးလက်လေးကို ကိုင်လိုက်တယ်။ မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့.. တုန်ရီလှိုက်မောမှုကို ထိန်းထားရတဲ့ အသံ နဲ့ …

“ ခုမှ မဟုတ်ဘူး ငယ်ရယ်.. ကိုကို ငယ့်ကို ရှာ နေတာပါ.. ဒါပေမယ့် အဲ့တုန်းက ကိုကို မှားခဲ့တယ်ကွာ နော်..”

“ ခွင့်မလွှတ်နဲ့ကွာ.. ငယ်လေး ကြိုက်တဲ့ အပစ်ပေး..”

“ နော် ငယ် နော်..”

“ အဲ့လိုကြီး တင်းမထားနဲ့ ငယ်ရာ.. ကိုကို့ကို သနားပါကွာ နော်..”

“ အစ်.. အစ်.. ဟင့်.. ဟင့်.. ဟီးးး.. ဟင့်အင်း.. အီး ဟီးး..”

“ ငယ် ရယ်..”

နောက်တစ်ကြိမ် ထပ် ငိုချလိုက်တဲ့ သမီးလေး ပခုံးနှစ်ဘက်ကို နေ လှမ်းကိုင်လိုက်တယ်။ ပြီးတော့ သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်တယ်။ သမီးလေး မရုန်းတော့ပါဘူး။ ရှပ်အင်္ကျီ ရင်ဘတ်ကို ကျစ် နေအောင် ဆုပ်ကိုင်ပြီး တအစ်အစ်နဲ့ ငို ချနေရှာတယ်။ သမီးရဲ့ ခေါင်းလေးကို သူ့လည်ပင်းအောက်မှာ ထိုးထည့် ဖက်ထားရင်း အံကျိတ်ထားတဲ့ နေလည်း မျက်ရည်တွေ ကျ လို့ပေါ့။ ဆရာမလေးလည်း သက်ပြင်း တစ်ချက် ချ ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ ကျမလည်း မှန်တင်ခုံရှေ့က ထိုင်ခုံလေးမှာ သွားထိုင် နေလိုက်တယ်။ သမီးနဲ့ နေ့ ကို မနှောက်ယှက်ချင်ပေမယ့် အရမ်း ငို ထားတဲ့ သမီးလေး တစ်ခုခု ဖြစ်သွားမှာ စိုးတယ်လေ။

“ ရေလေး နည်းနည်း သောက်ရအောင်နော် ငယ်လေး..” 

တည်ငြိမ်စ ပြုသွားတဲ့ သမီးလေးကို ငုံ့ကြည့်ရင်း သူ ပြောတယ်။ ခေါင်းလေးကို ငုံ့နမ်းလိုက်ပြီးမှ

“ ကိုကို တိုက်မယ်လေ နော်.. မောပြေ သွားအောင်..”

“ ခေါင်းကိုက်တယ်..”

“ အွမ်း.. အရမ်း ငိုလိုက်တာကိုး.. တော်ပြီနော် ငယ်လေး.. ကိုကိုတို့ နောက်ထပ် မငိုကြေး..”

ဆရာမလေးက ရေတစ်ခွက်ငှဲ့ပြီး နေ့လက်ထဲ ထည့်ပေးတယ်။ သမီးကတော့ သူ့ရင်ခွင်ထဲမှီထားဆဲပါပဲ။ 

“ ကျမ ပိုက်လေး ပေးမယ် ဦး.. သူ ခေါင်းထူချင်မှာ မဟုတ်ဘူး.. မှီထားရင်းပဲ သောက်ပစေ..” 

တည်ငြိမ်သွားတဲ့ အခြေနေ တစ်ခုကို ဆရာမလေးလည်း လက်ခံသွားပြီ ထင်ပါရဲ့။ ကျမလည်း နာကျင် ဝမ်းနည်းမှုတွေ ကြားကနေ ကြည်နူးစိတ်လေး ဝင်လာမိတယ်။ သမီးအတွက် အလင်းရောင်တစ်ခု ကျမ ဖန်ဆင်းပေးနိုင်ခဲ့ပြီ။ သမီး ဘဝလေး ပြည့်စုံ သွားပြီပဲ။

သမီး အခန်းထဲက ထ ထွက်လာခဲ့ရင်း ကျမ တွေးနေမိတာ နေ တောင်းတဲ့ အခွင့်အရေး။ သူ သမီးလေးကို လက်ထပ်ပါရစေ ဆိုတဲ့ အခွင့်အရေးပေါ့။ ဒါက နေ့အတွက် အခွင့်အရေးလား ဝန်ထုပ်ဝန်ပိုး တစ်ခုလားဆိုတာ ကျမ မတွေးတတ်တော့ဘူး။ ဒီလိုနဲ့ တစ်နေကုန်ပြီး ညနေစောင်းတော့ နေ ပြန် ဘို့ ပြင်တယ်။ ကျမကို နှုတ်ဆက်ရင်း ပြောသွားတာ ကျနော် မနက်ဖြန် မနက်စောစော လာခဲ့မယ် နော် တဲ့။ ခြံဝဆီ လျှောက်သွားတဲ့ နေ့ ကျောပြင်ကို တဝကြီး ငေးကြည့်ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော် နှစ်နှစ်ဆယ်နီးပါး လောက်က လူငယ်လေး တစ်ယောက်ကို ပြန်မြင်ယောင်ရင်းပေါ့လေ။ အဲဒီတုန်းက ကျမနားကနေ သူ ထွက်သွားခဲ့ရတဲ့ ခြေလှမ်းတွေမှာ နာကျင်ခြင်း အပြည့်နဲ့ပါ။ အခု ရော.. သူ့ ခြေလှမ်းတွေ နာကျင် နေရှာမလား..။

အကိုကြီး ပြန်ရောက်လို့ ရေမိုးချိုး ညစာ စားပြီးချိန်မှာ သမီး နဲ့ နေ့ ကိစ္စ ပြောပြဖြစ်တယ်။ 

“ အွမ်းးး.. စံတင်လောက်တဲ့ အချစ်ပေါ့ကွယ်.. ညိုလဲ့ စိတ်ထဲ သူ ဝန်ပိမှာ အားနာရင် ယုန်လေးကိစ္စအ၀၀ နာ့စ် နဲ့ပဲ ထား.. ငွေရေးကြေးရေးက အစပေါ့.. အကိုကြီး ဆိုလိုတာ သဘောပေါက်လား.. ခုချိန်မှာ ယုန်လေး အတွက် သူက အရေးပါတယ် ဆိုရင်.. သူကလည်း လိုလိုလားလား တောင်းဆိုထားတာပဲ.. ဒီတော့ကာ အနားမှာ ရှိနေဘို့ကလွဲပြီး သူ့အတွက် တခြား ဘာဝန် မှ မပိစေနဲ့ပေါ့..” အကိုကြီး စကား အဆုံးမှာ ကျမရင်ထဲ ပြောမပြတတ်တဲ့ ခံစားမှု တစ်ခု စီးဝင်သွားတယ်။ “ကျေးဇူး တင်လိုက်တာ အကိုကြီးရယ်..” 

လို့လည်း နှစ်နှစ်ကာကာ ပြောမိတယ်။ နောက်တစ်ချက်က တော်သေးတာပေါ့ ဆိုတဲ့ အတွေး။ ယုန်လေး အဖေ နဲ့ သူ ကြားမှာ ယောင်္ကျား တစ်ယောက်နဲ့ ပတ်သက်ခဲ့ဖူးတာ သိပေမယ့်၊ အဲ့ဒီလူက ကျမထက် အများကြီးငယ်တဲ့ ချာတိတ်တစ်ယောက် ဆိုတာလောက်ပဲသိပြီး အဲ့ဒီချာတိတ် နံမည် နေသွေး ဆိုတာ အကိုကြီး မသိဘူး။ အခု သမီးလေးကို လက်ထပ်ပါရစေ ဆိုတဲ့ နေသွေးက အဲ့ဒီ ချာတိတ်ပါပဲ ဆိုတာ အကိုကြီး မသိဘူးလေ။

.............................................

“ ဝိုးးး.. လှ လိုက်တာ ငယ်ရယ်..” 

ကိုကို့ စကားအဆုံးမှာ ကြည်ကြည်နူးနူးပြုံးမိရင်း မှန်ချပ်ကြီးထဲ ငေးကြည့်လိုက်တယ်။ မင်္ဂလာဂါဝန်လေးနဲ့ လှချင်တိုင်း လှ နေတဲ့ ကျမလေ..။ ကျမက အဖြူရောင် ဝတ်ချင်ပေမယ့် ကိုကိုက အဖြူရောင် ရိုးတယ်တဲ့။ ကနုကမာပန်းရောင်ပြေး ပိုးစလေး ဟိုမှာကျန်ခဲ့တဲ့ မိတ်ဆွေတွေဆီ သူကိုယ်တိုင် လှမ်းမှာပေးတယ်။ စိတ်ကြိုက်ပုံစံ ရွေးပြီး နံမည်ကြီး ဒီဇိုင်နာလက်ထဲ အပ်လိုက်တော့ အရမ်းလှတဲ့ မင်္ဂလာဂါဝန်လေး ဖြစ်သွားတာပေါ့။ မျက်နှာအလှ ပြင်ဆင်တာတွေ အချောသတ်ပြီးတော့ ကိုကိုက 

“ အထူးလက်ဆောင် ကျန်သေးတယ်..” 

ဆိုပြီး ဗီဒိုထဲက လေးထောင့် ကတ်ထူပုံးလေး ထ ယူတယ်။ ပြီးတော့ ခုံမှာထိုင်နေတဲ့ ကျမရှေ့ ဒူးထောက်ထိုင်ပြီး ….  အိုးး.. အနီရဲရဲ ဖိနပ်လေးပါလား.. လှလိုက်တာ အရမ်းပဲ.. ။

အမှန်ပြောရရင် ကျမ ကိုကို့ရှေ့မှာ ဖိနပ်စီးရမှာ အရမ်း ရှက်တယ်။ ဒါပေမယ့် ခုတော့ ကိုကိုက သူကိုယ်တိုင်ပဲ ကျမကို ဖိနပ်လေး စီးပေးနေလေရဲ့။ ခြေထောက်အစစ်နဲ့ တစ်ဆိုဒ်တည်း လုပ်ထားတဲ့ ခြေတု တစ်ဘက်ကိုလည်း တယုတယလေး ကိုင်တွယ်ရင်းပေါ့။ ကိုကိုက ပြောတယ်။ ကျမနားမှာ သူ ရှိနေသရွေ့ ကျမအတွက် ခြေထောက်တွေ မလိုပါဘူးတဲ့။ တကယ်လည်း အိမ်မှာ ကိုကို စ ရောက်လာ ကတည်းက ကျမ ဝှီးချဲရော ချိုင်းထောက်ရော မသုံးဖြစ်သလောက်ပဲ။ မိုးမရွာတဲ့ ညနေခင်းတွေ ခြံထဲ ဆင်းထိုင်ကြရင်လည်း ခုံတန်းလေး ရှိရာကို ကိုကို ပွေ့ခေါ်သွားပေးတာ။ အဲ့လို အချိန်တိုင်း ကိုကို့ ရင်ခွင်ထဲမှာ ကိုကို့မျက်နှာကို မော့ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူဘူး။

တစ်ခါတစ်ရံ ကျမ ခေါင်းတွေ ပွင့်ထွက်မတတ် ကိုက်ခဲလာရင် ကိုကိုက လက်ဝါးနဲ့ အုပ် ပေးထားတယ်။ ကျမ တစ်ကိုယ်လုံး နာကျင်လာရင် သူ့ရင်ခွင်ထဲ ပွေ့ချီပြီး ဖက်ထားပေးတယ်။ ကိုကို့ ရင်ငွေ့က ဘာနဲ့မှ မတူအောင် နွေးထွေးတယ်။ နာကျင်မှုတွေ လျော့ပါးစေတယ်။ တစ်ခုပဲ၊ ကျမ အိပ်ချင်တယ် ပြောရင် ကိုကို့ မျက်နှာလေး ညှိုးသွားတတ်တယ်။ ကျမ အိပ်မယ် ဆိုတိုင်း ကိုကို အမြဲ ပြောတတ်တာ “အိပ်ရေး ၀ ရင် ပြန်ထလာနော် ငယ်.. ငယ်လေးနိုးတဲ့ထိ ကိုကို ထိုင်စောင့်နေမှာ..” တဲ့။ အဖေ ရောက်နေတာ ပြောပြမိရင်တော့ စိတ်ဆိုးသလိုပဲ။ တစ်ခါဆို အဖေက ကျမ ကုတင်ဘေး ရပ်ပြီး ကျမကို ကြည့်နေတာ။ ကိုကို့ကို ပြောပြမိတော့ “ဘယ်က အဖေလဲ.. ပေါက်ကရတွေ မပြောရဘူး..” တဲ့။ ကိုကို့ ကြည့်ရတာ အဖေ့ကို မတွေ့တာလား မတွေ့ချင်ယောင် ဆောင်တာလား။ အမေနဲ့ ပထွေးကိုကျတော့ ကောင်းကောင်း ဆက်ဆံနေပြီး အဖေ့ကို ဘာလို့ မမြင်ချင်ယောင် ဆောင်နေသလဲ။ သေချာတာတော့ ကိုကို ကျမ အဖေနဲ့ မရင်းနှီးချင်ဘူး ထင်ပါရဲ့။ အဖေ လာခေါ်လို့ ခဏလေး လိုက်သွားပါရစေ ဆိုရင် လုံး၀ မလွှတ်ဘူး။ အဖေရှိတဲ့ဘက်ကိုပါ လုံး၀ ပေးမကြည့်တော့တာ။ အဲလိုပူဆာမိရင် ကျမပခုံး နှစ်ဘက်ကို ဆုပ်ကိုင်ပြီး သူ့မျက်လုံးတွေကို စိုက်ကြည့်ခိုင်းတယ်။ သူနဲ့ပဲ နေရမယ် တဲ့။ ခဏလေးပါ ဆိုတာလည်း မရ၊ တော်တော် လောဘကြီးတဲ့ ကိုကို။

“ ပြုံးလေ ငယ်.. ပါးချိုင့်လေး ပေါ်အောင်ထိ..” 

အလှဓာတ်ပုံ ရိုက်ရတော့မှာမို့ အတွေးတွေနဲ့ မြော နေတဲ့ ကျမကို ကိုကို သတိပေးတာ။ 

“ ဟုတ်..” 

ပြန်ပြောရင်း ကျမ အစွမ်းကုန် ပြုံးလိုက်တယ်။ အရမ်းကြည်နူးပြီး ပျော်မိတာလည်း အရမ်းပဲ။ ကင်မရာမန်းက ကိုကို့ သူငယ်ချင်းလေ။ ဒီဂျစ်တယ် ကင်မရာလေးထဲက ကျမတို့ ပုံကို လာပြတယ်။ ထင်တဲ့အတိုင်း ကျမ အရမ်း လှနေတာပဲ။ နောက်ထပ်ပုံတွေ ထပ်ရိုက် ဖြစ်သေးတယ်။ မင်္ဂလာမောင်နှံတို့ ထုံးစံ ချစ်ကြည်စယ်နေတဲ့ ပုံလေးတွေပေါ့။ ဘယ်လိုမှ မျှော်မထားရဲခဲ့တဲ့ ဒီနေ့လေးက ကျမ ဘဝထဲ တကယ် ရောက်လာတယ်နော်။ ငယ် အရမ်းပျော်တာပဲ ကိုကိုရယ် လို့ ကျမ ခဏခဏ ပြောမိတယ်။ မင်္ဂလာခန်း အဖြစ် ပြင်ဆင်ထားတဲ့ ကျမ အိပ်ခန်းလေးက ကိုကို့ လက်ရာမို့ပဲလား။ ချစ်ဘို့ကောင်းလိုက်တာ အရမ်း။ ပန်းနုရောင် ပန်းပွင့်နုပ်နုပ်လေးတွေနဲ့ လိပ်ပြာ လှလှလေးတွေပါတဲ့ wall paper လေးကလည်း လှမှလှ။ ညမီးနဲ့ဆို အလင်းပြန်လာတဲ့ ပန်းနဲ့ လိပ်ပြာလေးတွေလေ။ ပန်းခင်းထဲ အိပ်နေရသလို ခံစားချက်လေးက တရေးနိုးတိုင်း ကျမစိတ်ကို ကြည်လင် နေစေတယ်။

ဓာတ်ပုံတွေ တဖြပ်ဖြပ်ရိုက်ရင်း ကျမ ခေါင်းတွေ ကိုက်လာပြန်တယ်။ 

“ နားသင့်ပြီနော် ငယ်လေး..” 

ကိုကိုပြောတော့ ကျမလည်း ဟုတ်ကဲ့ ပေါ့။ ဓာတ်ပုံ ရိုက်ရုံလေးတောင် ဒီလောက် ပင်ပန်းတာနော်။ မင်္ဂလာပွဲနေ့ကျ ကျမ အဆင်ပြေပါ့မလားပဲ။ စားပွဲပေါ်တင်ထားတဲ့ မင်္ဂလာဖိတ်စာလေးဆီ အကြည့် ရောက်မိတယ်။ ဝတ်စုံ ပိတ်စနဲ့ ဆင်တူ လုပ်ထားတဲ့ ဖိတ်စာလေးက ထိရက်စရာ မရှိအောင် လှလွန်းလို့လေ။ ကိုကို ပြောတာတော့ ဖိတ်စာတွေ အကုန် ဝေပြီးပြီ တဲ့။ နောက်သုံးရက်ပဲ ကျန်တော့တဲ့ မင်္ဂလာပွဲအတွက် သတို့သမီး ဖြစ်တဲ့ကျမက ဘာမှ လုပ်မပေးနိုင်ဘူး။ သတို့သား ကိုကိုလည်း ကျမနား အချိန်ပြည့်။ ကြည့်ရတာ ကျမတို့ မင်္ဂလာပွဲအတွက် ကိုကို့သူငယ်ချင်းတွေ ကူညီကြတယ် ထင်ပါရဲ့။

“ အဝတ်လဲရအောင် ငယ်..”

“ မလဲလို့ မရဘူးလား ကိုကို..”

“ ပင်ပန်းတာပေါ့.. ဒီအကျီကြီးက..”

“ အာ့မို့ မလဲ ချင်တော့တာလေ…  ဟိုနေ့ကျ တစ်ခါ ထပ်ဝတ်ရမှာရီး.. …. ခုတည်းက ဝတ်ထားလိုက်မယ် ကိုကိုရာ..”

“ သုံးရက်တောင် လိုသေးတာ ငယ်ကလည်း..”

“ သုံးရက် ဆိုတာ တော်တော်ကြာလား ကိုကို..”

“ ငယ် ရယ်..”

“ ခဏ အိပ်ချင်တယ်..”

“ ဟင်းးး..”

“ ဒီတိုင်း အိပ်ချင်တယ် ကိုကို့.. လဲချင်ဘူး အကျီ..”

“ အာ.. ဒီတိုင်းကြီး အိပ်တော့ သက်တောင့်သက်သာ မရှိဘူးလေ ငယ်ရယ်..”

“ ကိုကိုကလည်း ကွာ.. အာ့လို ပြောနေ ခေါင်းကိုက်ပါတယ် ဆိုမှ.. ခဏနေ ပြန်ဝတ်ရဦးမှာ.. အိပ်မှာပဲ ဒီတိုင်း..”

“ ဟင်းး.. အေးပါ.. ကိုကို ဖက်သိပ်မယ်နော်..”

...............................................................

“ မိုးလင်းပြီလား ကိုကို..”

“ ဟင့်အင်း.. ငယ်လေး အိပ်တာ တစ်နာရီပဲ ရှိသေးတယ်..”

“ အော.. .. ဟယ် .. ဒီနေ့က..”

“ အွမ်း..”

“ ငယ် ဝတ်ထားတာ..”

“ အင်းလေ.. ဒီတိုင်း အိပ်မယ် ဆိုလို့..”

“ အကျီလေးက လှ တယ်နော် ကိုကို့..”

“ ငယ် ရယ်..”

“ ကိုကို့..”

“ ဗျ..”

“ ဒါ ငယ်တို့ မင်္ဂလာဦးည လား.. … ငယ်တို့ မင်္ဂလာဆောင် ပြီးပြီပေါ့နော်..”

“ ဟင်းးးးး.. ကလေးလေး.. ရေလေး နဲနဲသောက်မလား..”

“ ဟုတ်..”

“ အွမ်း.. ထ.. ရေသောက်မယ်..”

“ အိုက်ခွက်ရီးနဲ့ သောက်ချင်ဘူး..”

“ အွန်..”

“ ကိုကို ငုံ ပြီး တိုက်..”

ကိုကို့ နှုတ်ခမ်းလေးကနေ ငုံပြီး တိုက်တဲ့ ရေက အရမ်းကြီးလည်း အေး မနေဘူး။ ပူနွေးနွေးကြီးလည်း ဖြစ်မနေဘူး။ “အကျီ ချွတ် ချင်နယ် ကိုကို့..” ကျမ ပြောလိုက်တော့ ကိုကိုက အွမ်း ဆိုပြီး ဂါဝန်နောက်ကျော ဇစ်လေးကို ဆွဲ ချ တယ်။ ပြီးမှ ပခုံးကနေ အသာ ဆွဲချလိုက်တော့ ကျမ ခါးအပေါ်ပိုင်းမှာ ဘရာ လေးပဲ ကျန်တာပေါ့။

“ နေဦး..”

“ အွမ်..”

“ ကိုကိုလည်း ချွတ်..”

ကျမ အကျီကို ခါးတစ်ဝက်အတိုင်း ထားပြီး ကိုကို့ ရှပ်ကြယ်သီးတွေ ချွတ်လိုက်တယ်။ ကျမ လက်တွေ ဘာလို့ ဒီလောက်အားနည်း နေလဲ မသိပါဘူး။ ကြယ်သီးလေး တစ်လုံးတောင် ပြုတ်အောင် မဖြုတ်နိုင်တော့ဘူးပဲ။ တဆတ်ဆတ် တုန်နေတဲ့ ကျမ လက်တွေကို ကိုကို ကိုင်လိုက်တယ်။ ကျမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းနေအောင် ဖက်ထားတယ်။ ကြိုးပျောက် ဘရာလေးနဲ့ ကျမ ကိုယ်လုံးလေးက ကိုကို့ ရင်ခွင်ထဲမှာ။ မင်္ဂလာဦး ည.. ကျမတို့ရဲ့ မင်္ဂလာဦး ည တဲ့။ ကိုကို့ကို တစ်ခုခု ပေးချင်လိုက်တာလေ။ ရှပ်အကျီ ရင်ဘတ်ကို ဆောင့်ဆွဲလိုက်မိတော့ ကိုကိုက အလိုက်တသိပဲ သူ့ဘာသာ ချွတ်ပေးတယ်။ ပြီးတော့ ကျန်နေတဲ့ စွပ်ကျယ်။

ပန်းပွင့်လေးတွေကြား လိပ်ပြာလေးတွေ ပျံဝဲပြီး သိပ်လှနေတဲ့ အခန်းလေးထဲမှာ ကိုကိုရယ် ကျမရယ်။ အဝတ်မဲ့ ကိုယ်နှစ်ခုက အချင်းချင်း သိုင်းဖက်ရင်း အနွေးဓာတ်တွေ ဖလှယ် နေကြတယ်။ မျက်နှာလေး မော့ ပြီး အသံတိတ် တောင်းဆိုလိုက်တဲ့ ကျမ နှုတ်ခမ်းတွေဆီ ကိုကို့ အနမ်းတွေ ကျ လာတယ်။ စိုစွတ်တဲ့ နှုတ်ခမ်းချိုတွေက ဖြည်းဖြည်းချင်းနဲ့ ကိုကို့ ထွက်သက်တွေက ကျမ ပါးပြင်ပေါ် လေညှင်း တစ်ခုလို သွဲ့သွဲ့လေး။ ပျော်လိုက်တာ ကိုကိုရယ်..။ ရောင်စုံလိပ်ပြာလေးတွေ ကြားမှာ ပြေးဆော့ ပစ်ချင်မိတယ်။ စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးပေါ် လှဲချပြီး ပြာလဲ့လဲ့ကောင်းကင်ကြီးကို မော့ ကြည့်။ ကိုကို့လက်ကို ကိုင်ဆုပ်ထားရင်းလေ။ ကျမ အတွေးလေးတွေက ကြည်နူးစရာ ကောင်းသလောက် ရင်ထဲမှာတော့ မောလိုက်တာ။ ကိုကိုက ကျမကို ဖက်ထားရင်း ပါးပြင်ချင်း ပွတ်လိုက်၊ ဖွဖွလေး နမ်းလိုက်နဲ့။

အနမ်းတွေကြားမှာ အမောဖြေနေမိတဲ့ကျမ၊ ပါးမှာ သိသိသာသာကြီး စို လာတာ သတိထားမိတယ်။ မျက်နှာချင်း ခွာပြီး ကိုကို့ကို မော့ကြည့်လိုက်တော့..

“ ကိုကို.. ကိုကို ငိုနေတာလား ဟင်..”

“ အင့်.. ဟင့်အင်း.. …. ..”

“ ညာ တယ်..”

“ မညာပါဘူး ငယ်ရယ်.. ကိုကိုက ဘာလို့ ငိုရမှာတုန်း..”

“ အင်းလေ..ဘာလို့ ငိုရမှာတုန်း.. မင်လာဦးညမှာ မငိုရဘူး ကိုကိုရဲ့.. သားဦးကလေး မျက်လုံး ပြူးတတ်တယ်.. ခိခိ..”

ကျမ ရယ်စရာ ပြောတာ ကိုကိုက ရယ်လည်း မရယ်ဘူး။ ဘာဖြစ်နေတာလဲ ကိုကိုရာ။ ဒီမှာ မောရတဲ့အထဲ။ ကျမလေ အဲ့လို ရယ်စရာပြောရင် ရယ်မှ ကြိုက်တာ။ အလိုက်မသိတဲ့ ကိုကိုက တစ်ချက် ကလေးမှ ရယ်ဖော်မရဘူး။ သူ့မျက်နှာ မော့ကြည့်မယ် ကြံတိုင်း ကျမကို အတင်း ဖက်ပြီး မျက်နှာကို ဖွက်ထားတယ်။ ကိုကို ဘာဖြစ်နေလဲ ကျမ သိတာပေါ့။ အချိန်တိုင်း သတိ မကပ်တော့ပေမယ့် တစ်နေ့ဘာဖြစ်ရမယ် ဆိုတာရယ်.. အဲ့ဒီနေ့ မဝေးတော့ဘူး ဆိုတာရယ်.. ကျမ ကောင်းကောင်း သိတာပေါ့။ သိနေတယ် ဆိုတိုင်းတော့လည်း ထိုင်ကျေကွဲ မနေနိုင်ဘူးလေ။ ကျမအတွက် အချိန်တွေက ဘယ်လောက် တန်ဘိုးရှိသလဲ။ ကျမဘဝက ဒီလို ဖြစ်ဘို့ ဖန်လာပြီ။ ဒါကို သိလို့ ကြောက်နေရမလား.. ကြေကွဲ နေရမလား.. ဒါဆို အချိန်တွေ အလကားပိုဖြစ်ကုန်မှာပေါ့။ သတ္တိ ရှိစမ်းပါ ကိုကိုရာ.. ကျမ ကိုကို ဖြစ်နေပြီး စိတ်ပျော့ မနေစမ်းပါနဲ့။ ကိုကို့မျက်နှာ မသာယာတော့ ကျမလည်း ရင်ထဲက စကားတွေကို မျက်လုံးနဲ့ပဲ ပြောနိုင်တော့တယ်။ 

“ အေးလာမယ်နော် ငယ်လေး.. အကျီ ပြန်ဝတ်ရအောင်..” 

ပြောပြီး ခါးတစ်ဝက် ရောက်နေတဲ့ ကျမ ဂါဝန်ကို အပြီးသတ်ချွတ်ဘို့ ပြင်တယ်။ တခြားတစ်ထည်နဲ့ လဲဝတ်ပေးမလို့ ထင်ပါရဲ့။

“ ဒါပဲ ပြန်ဝတ်မှာ.. ကိုကို့..”

“ အယ်.. တော်သင့်ပြီလေ ငယ်ရယ်..”

“ ဟင့်အင်း.. ခဏလေး ဝတ်ရသေးတာဟာ.. ကိုကိုနော်.. ကောက်ပလိုက်ရမလား..”

“ အေးပါအေးပါ.. ဒါပဲပြန်ဝတ်.. အိုခေ..”

“ အဲ့လို လိမ်မာစမ်းပါ.. ခိခိခိ..”

ကျမအကျီလေး ပြန်ဝတ်အပြီးမှာ အခန်းထောင့်ဆီ ကြည့်မိတော့ အဖေ..။ အဖေ ရောက်နေတာပဲ။ ဟုတ်သားပဲ.. မနေ့က တွေ့တော့ ကိုကို လစ်တုန်း အဖေ့ကို ကျမ ကတိပေးခဲ့တယ်။ မင်္ဂလာပွဲ ပြီးရင် အဖေနဲ့တူတူ တစ်ရက် လျှောက်လည်ပါ့မယ်လို့။ ကိုကို့ဆီ ခွင့်တောင်းရင် ကန့်ကွက်မှာ သိလို့ ပြောမနေတော့ဘူး။ နောက်ယောင်္ကျားနဲ့ အဆင်ပြေနေတဲ့ ဇနီးဟောင်းရယ်.. သူ့ကို မသိချင်ယောင် ဆောင်နေတဲ့ သားမက်ရယ်.. အဖေ ဘယ်လောက် ပင်ပန်းရှာမလဲ။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျမ ကပဲ နှစ်သိမ့် ပေးသင့်တာပေါ့။ ကိုကို့ အခြေအနေကိုလည်း နားလည်ပါတယ်။ ခုချိန်မှာ အဖေ့ထက်စာရင် အမေ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ပထွေးကိုပဲ ပိုရင်းနှီးချင်မှာပေါ့လေ။ ဒီလိုနဲ့ပဲ မင်္ဂလာပွဲ ပြီးရင် အဖေ့နဲ့ တစ်နေကုန် လျှောက်လည်မယ်လို့ ကတိ ပေးလိုက်တယ်။ အခု အဖေက ကျမကို လက်ကမ်း ခေါ်နေပြီ။ သားမက် မကြည်ဖြူတာ သိရှာတဲ့ အဖေ.. အသံတောင် မထွက်ရဲရှာဘူး။ ကိုကို့ကို ကြည့်လိုက်တော့ ထုံးစံအတိုင်းပဲ အဖေ့ကို မမြင်ချင်ယောင် ဆောင်နေတယ်။

“ အိပ်ချင်တယ် ကိုကို..” 

ကိုကို မသိအောင် အဖေနဲ့ လိုက်သွားဘို့က ဒီတစ်နည်းပဲ ရှိတယ်။ အိပ်ချင်ယောင် ဆောင်လိုက်မယ်။ ကျမ အိပ်သွားပြီ ထင်ပြီး ကိုကို ခဏတစ်ဖြုတ် ထ သွားတော့မှ အဖေ့နောက် လိုက်သွားမယ်။ ကိုကို စိတ်ဆိုးလည်း ပြန်လာမှ ရှင်းယုံပေါ့။ 

“ အွမ်း.. ကိုကို ဖက်သိပ်မယ်နော်.. ငယ်လေးနိုးလာတဲ့ထိ ဖက်ထားပေးမယ်..” 

ပြောနေကျ စကားပေမယ့် ဒီနေ့ ကြားရတာ တစ်မျိုးကြီးလိုပဲ။ ကိုကို မသိအောင် ခိုးထွက်ဘို့ ကြံနေမိတော့ ကျမ စိတ်ထဲမှာ ဝမ်းနည်း မိသလိုလိုနဲ့ အပြစ်မကင်းဘူး။

“ ကိုကို..”

“ အွမ်း..”

“ ငယ် ဘာလုပ်လုပ်.. စိတ်မဆိုးရဘူး.. ဘယ်တော့မှ မမုန်းရဘူး.. နော်..”

“ အင်းပါ ငယ်ရယ်..”

မသွားခင် ခေါင်းထဲက ကိုက်လာလိုက်တာ မီးတောက်သလိုပဲ။ တကိုယ်လုံး နာကျင်ပူလောင်ပြီး အရမ်းလည်း မောတယ်။ အာရုံထဲမှာ စူးကနဲ စူးကနဲ ပေါ်လာတာ အလင်းတန်း ရောင်စုံတွေ။ ကိုကို မသိအောင် အပြစ်လုပ်မိတော့မှာမို့ ကျမ စိတ်တွေ ဆောက်တည်ရာ မရ ဖြစ်ကုန်တာ ထင်ပါရဲ့။ တစ်ခါတော့ ဆိုးခွင့်ပြုပါ ကိုကို.. အဖေ စောင့်နေပြီ.. ငယ် ခဏလောက် လိုက်သွားပါရစေ.. ခဏလေးပါ.. ပြန်လာမှာ.. ကိုကို့ဆီ ပြန်လာမှာ နော်.. ။ စိတ်ထဲက ပြောရင်း ကိုကို့ ရင်ခွင်ထဲက ရုန်းထွက် ကြည့်တယ်။ အားမရှိတဲ့ ကျမ ခန္ဓာကိုယ်က တုတ်တုတ်တောင် မလှုပ်ဘူးပဲ။

“ ကိုကို ရှူးလေး ခဏ သွားပေါက်မယ်နော် ငယ်လေး.. မြန်တယ်.. ခဏပဲ.. နော်..” 

ပြောပြီး ကျမကို အသာလေး ချတယ်။ ကံတရားက ကျမဘက် ပါလာပြီပဲ။ ရပါတယ်ကိုကို.. အေးဆေးလုပ်.. ကျမ ပြန်ပြောလိုက်တာ ကိုကို ကြားလား မကြားလား မသိဘူး။ ခပ်လှမ်းလှမ်းက ကြည့်နေတဲ့ အဖေကတော့ ပြုံးပြီး ခေါင်းညိမ့်ပြတယ်။ ကိုကို တွိုင်းလစ်ထဲ ဝင်သွားတုန်း ကျမလည်း ကုတင်ပေါ်က ဆင်းပြီး အဖေ့ဆီ ပြေးသွား လိုက်တယ်။ အဲ.. ကြည့်စမ်း.. ထူးဆန်းလိုက်တာ.. ချိုင်းထောက်မပါဘဲ ထပြေးတာ ကျမ ချော်မလဲဘူးရယ်.. ရုတ်တရက် အံ့သြပြီး ရပ်လိုက်မိတော့ အဖေက ရှေ့တစ်လှမ်း တိုးလာပြီး ကျမလက်ကို လာတွဲတယ်။ အဲ့ဒီအချိန် တွိုင်းလစ်တံခါး ပွင့်လာပြီး ကိုကို ပြန်ထွက်လာပါရော..။

ကိုကို မြင်သွားမလားလို့ ကျမ သိပ်ကြောက်သွားတယ်။ ဒါပေမယ့် ကိုကို့ ခြေလှမ်းတွေက ကုတင်ဆီကိုပဲ။ အဖေ့ကို မမြင်ချင်ယောင် ဆောင်တာ ထားလေ။ ကျမ မတ်တပ်ကြီး ထရပ်နေတာတော့ ကိုကို မမြင်ဘဲ နေမလား။ ဇဝေဇဝါ အတွေးနဲ့ လည်ပြန်လှည့်ကြည့်မိတော့မှ ဟာ.. ကုတင်ပေါ်မှာ.. ကုတင်ပေါ်မှာ မိန်းမ တစ်ယောက်.. ။ ကျမ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက် သွားတယ်။ ကိုကို့ ရင်ခွင်ထဲမှာ ကျမ မသိတဲ့ မိန်းမ တစ်ယောက် အိပ်ပျော်နေပါလား.. သူ ဘယ်သူလဲ.. ဘယ်ကလဲ.. ကိုကိုကရော သူ့ကို ဘာလို့ ဖက်ထား ရတာလဲ.. ရာရာစစ ကျမ မင်္ဂလာဝတ်စုံကို ဝတ်ထားသေးတယ် ကြည့်စမ်း.. ။ ကျမ အရမ်း လန့် သွားတယ်။ ဝမ်းလည်း နည်းမိတယ်။ ကိုကို ကျမကို ရက်စက်ပြီ.. အပြစ်ပေးပြီ.. ။ မျက်စိတွေ ပြာဝေပြီး ဘာမှ မမြင်နိုင် ဖြစ်သွားချိန်မှာ အားကိုးတကြီး ဆုပ်ကိုင်ထားမိတာ အဖေ့ လက်ပဲ။ အဖေ့လက်ကို တွဲရင်း ကိုကို့ဆီ လှည့်ကြီးပြီး.. ……..

ကိုကိုရေ.. ငယ့်ကို အဲ့လိုကြီး အပြစ်မပေးပါနဲ့.. အဲ့လိုကြီး တခြားမိန်းမနဲ့ အရွဲ့မတိုက်ပြပါနဲ့.. ခဏလေးပါ.. ငယ် ပြန်လာမှာ.. ခဏနေ ပြန်လာမှာပါ ကိုကို.. ကျန်သလောက် အားလေးနဲ့ အသံကုန် အော်ပြီး ကတိပေး လိုက်တယ်။ ကျမအသံ ဘယ်လောက် ကျယ်သွားလဲတော့ မသိဘူး။ အလုံ ပိတ်ထားတဲ့ အခန်းထဲက ပြတင်းပေါက် ကန့်လန့်ကာလေး ဖြပ်ဆို လှုပ်သွားတယ်။ အဖေက ကျမကို အဲ့ဒီ အပေါက်ရှိရာဆီ ဆွဲခေါ်သွားတယ်။ ကိုကို ကျမတို့ကို မြင်သွားပြီ။ ပြတင်းပေါက်ကို မျက်မှောင်ကျုံ့ပြီး ကြည့်နေတယ်။ ရင်ခွင်ထဲက မိန်းမကိုတော့ တစ်ယောက်ယောက် လာ လုမှာ စိတ်ပူနေတဲ့ အတိုင်းပဲ ပိုတိုးပြီးတောင် ဖက်ထား လိုက်သေးတယ်။ ကျမ ကို မြင်ရဲ့သားနဲ့ ဟိုမိန်းမကို ဘာလို့ အတင်း ဖက်ထားတာလဲ.. ကျမ တစ်ခုခုကို သိလိုက်သလိုပဲ.. သတိ.. သတိ.. ကိုယ့်စိတ်ကို သတိပေးရင်း ကိုကို့အတွက် နောက်ဆုံး နှုတ်ဆက် စကားတစ်ခု ကျမ ပြောလိုက်တယ်.. ဆုလည်း တောင်းမိတယ်.. ကိုကို ကြားပါစေ.. ကျမ ရင်ထဲက စကားလေးတွေ ကိုကို ကြားနိုင်ပါစေ..

မငိုပါနဲ့ ကိုကို.. တူတူရှိခဲ့တဲ့ အချိန်တွေတိုင်းအတွက် ငယ် အရမ်း ပျော်ပါတယ်.. အရမ်းလည်း ကျေနပ်တယ်.. ငယ့်တွက် ကိုကိုက အရာရာ ပြည့်စုံစေသူပါ.. ဒီနေ့ပြီးရင် နောက် ဘယ်တော့မှ မငိုနဲ့.. ဘယ်တော့မှ မငိုနဲ့နော်.. နော် ကိုကို နော်..

ကိုကို့ကို လှည့်ကြည့် လှည့်ကြည့်နဲ့ပဲ အဖေခေါ်ရာနောက် လိုက်သွားမိရင်း အရမ်း နာကျင် ပင်ပန်း လာတယ်။ ကျမ လဲကျ သွားသလား.. အဖေ ကျမကို ပွေ့လိုက်သလား..။ နောက်ဆုံးမှာ ကျမ တစ်ကိုယ်လုံး တိမ်စိုင် တစ်ခုလို ပေါ့ပါးပြီး လွင့်တက် သွားခဲ့ပါတယ်။

...........................................................................................

ဇာတ်သိမ်း

၂၀၁၇ ခုနှစ်၊ သြဂုတ် လ။

“ ဧည့်သည် ရောက်နေတယ် အကို.. ငွေလမင်း Construction က တဲ့..”

“ အွမ်.. ချိန်းထားလို့လား..”

“ မဟုတ်ဘူး အကို.. ကိုယ်ရေးကိုယ်တာ ကိစ္စ တွေ့ချင်တာတဲ့..”

“ ကိုယ်ရေးကိုယ်တာ ကိစ္စ.. အဆန်းကြီးပါလား..”

“ ဘာပြောလိုက်ရမလဲ အကို..”

“ လွှတ်လိုက်ပါ.. အစည်းဝေး ညနေမှ မဟုတ်လား..”

“ ဟုတ်..”

“ အွမ်း.. သောက်စရာ တစ်ခုခု စီစဉ်လာခဲ့လိုက်ဦး..”

“ ဟုတ်ကဲ့ အကို..” 

ဆိုပြီး ခပ်သွက်သွက်ထွက်သွားတဲ့ ကျနော့် အတွင်းရေးမှုး ချာတိတ်။ ငွေလမင်း Construction တဲ့လား ။ စားပွဲပေါ်တင်ထားတဲ့ ငယ့် ပုံလေးကို တစ်ချက်ကြည့်မိတယ်။ ငယ် မရှိတော့တဲ့ နောက်ပိုင်း လမင်း ဆိုတဲ့နံမည်လေးကို ပြန်ကြားရတာ ဒါပထမဆုံးပဲ။ လ သာတဲ့ ညတိုင်း၊ မိုးသည်းသည်းရွာတဲ့ ညတိုင်း၊ စံပယ်ဖြူတွေ ပွင့်နေတာ မြင်မိတိုင်း.. တကယ်တော့ ကျနော် ငယ့်ကို လွမ်းနေမိတာ နေ့တိုင်း အချိန်တိုင်းပါပဲ။ ဒါပေမယ့် ကျနော့်ဘဝကို အလွမ်းတွေထဲမှာ နစ်မြော မနေမိအောင် ကြိုးစားခဲ့တယ်။ ငယ် ရေးခဲ့တဲ့ စာလေးကြောင့်လေ။ Brain tumor ရဲ့ နောက်ဆုံး အချိန်တွေမှာ ပတ်ဝန်းကျင်ကို သိတစ်ချက် မသိတစ်ချက်၊ သူကိုယ့်သူတောင် မေ့တစ်ချက် မှတ်မိတစ်ချက်နဲ့ စိတ်တွေ ဂယောက်ဂယက် ဖြစ်သွားခဲ့ပေမယ့် အသိစိတ် ကပ်လာတဲ့ အချိန်တိုင်း ကျနော့် အတွက် စာတိုလေးတွေ ရေးပေးခဲ့တဲ့ ငယ်လေ။ ဒီထဲမှာ ကျနော် နှလုံးသားထဲ စွဲကျန်ဆုံး စာလေးတစ်စောင် ရှိခဲ့တယ်။

သေဆုံးခြင်း ဆိုတာ သတ္တဝါတိုင်း ကြုံတွေ့ရတာ ကိုကို.. ဒါပေမယ့် သတ္တဝါတိုင်း ကြိုမသိနိုင်ဘူး.. ကြိုသိနိုင်တဲ့ သူတိုင်းလည်း အကောင်းဆုံး မပြင်ဆင်နိုင်ကြဘူး.. အကောင်းဆုံး ပြင်ဆင်ခဲ့သူတိုင်းလည်း တကယ်တမ်း ရင်မဆိုင် နိုင်ကြဘူး.. ငယ်ကလေ.. ကြိုလည်း သိခဲ့တယ်.. အကောင်းဆုံးလည်း ပြင်ဆင်နေတယ်.. ရင်ဆိုင်နိုင်အောင်လည်း ကြိုးစားနေတယ်.. ကိုကို ပေးနေတဲ့ ဂရုစိုက်မှုတွေက ငယ့် အတွက် ပြီးပြည့်စုံတဲ့ ခွန်အားနဲ့ ချစ်ခြင်းတွေပါ.. ခုချိန်မှာ ဒါတွေ ထားခဲ့ရမှာစိုးတဲ့ စိတ်ထက် ဒါတွေရလိုက်လို့ ကျေးဇူးတင်တဲ့ စိတ်ကိုပဲ မွေးယူတယ်.. ဒါပေမယ့် ကိုကိုရယ်.. တကယ်တမ်း ရင်ဆိုင်ရချိန်ကျရင် ငယ့် အသိစိတ်တွေ ခုလို တည်ငြိမ် နေနိုင်ပါ့မလား.. ဘယ် သေချာမလဲ နော်.. တကယ်လို့များ ငယ် မျှော်လင့် ထားသလောက် မကြံ့ခိုင် နိုင်ခဲ့ရင်လေ.. ငယ့် ဆန္ဒကို ကိုကို ဆက်ကြိုးစား ပေးပါ..

ကျန်ရစ်ခဲ့ရခြင်း ဆိုတာ သတ္တဝါတိုင်း ကြုံတွေ့ရတာ ကိုကို.. ဒါပေမယ့် သတ္တဝါတိုင်း ခံနိုင်ရည် မရှိဘူး.. ခံနိုင်ရည် ရှိဘို့ ကြိုးစားသူတိုင်းလည်း မအောင်မြင်တတ်ဘူး.. ငယ်ကလေ.. ကိုကို့ကို ဘယ်သူနဲ့မှ မတူတဲ့သူ ဖြစ်စေချင်တာ.. ငယ် မရှိတော့တဲ့ တစ်နေ့ ကျရင် အရုပ်ကြိုးပြတ် ကျန်ခဲ့မှာထက် လမ်း ဆက်လျှောက် နေတာ မြင်ချင်တာ.. ငိုင်တွေ ငိုကြွေး နေတာထက် တည်ငြိမ် အေးချမ်း နေစေချင်တာ.. ငယ့်ကို တမ်းတ နေမှာထက် ကိုကို ပေးနိုင်ခဲ့တဲ့ အချစ်တွေ အတွက် ကြည်နူး ကျေနပ်စေချင်တာ.. ဒီ အချစ်တွေကြာင့် ငယ် သိပ်ပျော်ခဲ့ရပါတယ် ဆိုတာ သိစေချင်တာ.. နောက်ဆုံးကျရင် ငယ် အရင်သွားရတဲ့ လမ်းနောက်ကို ကိုကို သတ္တိရှိရှိ နဲ့ တည်တည်ငြိမ်ငြိမ် လိုက်လာစေချင်တာ.. နော်.. ကိုကို နော်..

အချိန်တိုင်း လွမ်းနေမယ့် ကျနော့်အတွက် ငယ့်ရဲ့နောက်ဆုံး ဆန္ဒလေး။ ပြန်တွေးတိုင်း မျက်ရည် ကျတုန်းပေမယ့် ကျနော် ငယ့် ဆန္ဒကို ဖြည့်နိုင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံ လှလှလေးနဲ့ ကျနော့် ရင်ခွင်ထဲ အိပ်ပျော်သွားရှာတဲ့ ငယ်လေးလေ။ ဘာဝေဒနာမှ မခံစားလိုက်ရဘဲ လောကကြီးထဲက ထွက်သွားခဲ့တယ်။ နောက်နေ့ မိုးအလင်းမှာ လုံး၀ နှိုး မရတော့လို့ ဆရာဝန်တွေ ခေါ်၊ စစ်ဆေးလိုက်တော့ ငယ်လေး ဦးဏှောက်က လုံး၀ သေဆုံး သွားခဲ့ပြီ။ အချိန်အတိုင်းတာ တစ်ခုထိ ဆက် ခုန်နေဦးမယ့် နှလုံးသား လေးကတော့ ကျနော့် ရင်ခွင်ထဲမှာပေါ့ဗျာ။ ဆရာဝန်က ခေါင်းခါပြချိန်မှာ ကျနော် ငိုကြွေးရင်း ပြောမိတယ်။ ငယ်လေး နှလုံး ခုန်နေသေးတယ်.. ကိုယ်ငွေ့ လေးတွေ နွေးနေသေးတယ်.. ထားပါရစေဦး ဗျာ.. ကျနော် ရင်ခွင်ထဲမှာ ထားပါရစေဦး.. သူ ဆန္ဒရှိသလောက် အိပ်ပါစေဦး.. လို့ ကျနော် ပြောမိတယ်။ ဒီတော့မှ ကျနော် အပါအဝင် အားလုံး သိခဲ့ရတာ ငယ်က သူ့ ခန္ဓာကိုယ်ကို အများအတွက် လှူဒါန်း ခဲ့ပါတယ်တဲ့။ အခု ငယ့် ကိုယ်ထဲမှာ ရှိနေတဲ့ နှလုံးသားလေး ရပ် မသွားခင်မှာ တခြား လူနာ တစ်ယောက်ရဲ့ အသက်ကို ကယ်ခွင့် ရမှာမို့ပါတဲ့ဗျာ။

မမညို အပါအဝင် အားလုံးက ငယ့် ဆန္ဒအတိုင်း လိုက်နာခဲ့တယ်။ ငယ်လေးကို ချက်ချင်းပဲ ဆေးရုံကို ခေါ်သွားပြီး ခုန်နေဆဲ နှလုံးလေးကို ထုတ်၊ လိုအပ်နေတဲ့ လူနာဆီ လက်ဆင့်ကမ်း။ ခန္ဓာလှူဒါန်းသူ တစ်ဦးအတွက် လုပ်ရိုးလုပ်စဉ် ဆိုပေမယ့်ဗျာ.. ကျနော့် စိတ်ထဲမှာ အသက်ရှိနေသေးတဲ့ ငယ့်ကို အခုမှ အသေသတ်ပြီး ရင်ကိုခွဲ နှလုံးကိုထုတ် ပေးလိုက်ရသလိုကြီး။ ညိုလည်း အဲ့လိုအတွေးနဲ့ ရူးမတတ် ငိုကြွေး ခဲ့ရှာတယ်။ ဒါပေမယ့်လည်း ဒါ ငယ်လေး ဖြစ်စေချင်တဲ့ ဆန္ဒလေ။ အနည်းဆုံးတော့ လူတစ်ယောက်ကို ကယ်တင်ရင်း သူ့ နှလုံးသား ဆက်လက် ရှင်သန်နေဦးမယ် မဟုတ်လား။ ဖြူစံပယ်ရုံ ဆိုတဲ့ ကျနော့် ငွေလမင်းလေး လောက သံသရာကြီးရဲ့ ဖြစ်လေရာ ဘ၀ အဆက်ဆက်မှာ သက်ဆုံးတိုင် ကျန်းမာ ပျော်ရွှင်စေဘို့ ရည်မှန်းရင်း သူ့ဆန္ဒအတိုင်း ဖြစ်စေခဲ့ပါတယ်။ မမညိုကလည်း သမီးလေး ဆန္ဒအတိုင်း လိုက်လျောပြီးရင် တရားရိပ်မှာ အပြီး ခိုလှုံပါရစေတဲ့ သူ့ ခင်ပွန်းကို ခွင့်တောင်းတယ်လေ။ သူတို့ချင်း သဘောတူ ပြေလည်ကြတယ် ထင်ပါရဲ့။ အခု သူ့အမေရှိရာ ရိပ်သာမှာ ရာသက်ပန်ယောဂီ အဖြစ် တရားအားထုတ်နေပြီ။

ငွေလမင်း ဆိုတဲ့ နံမည်လေးကြောင့် ကျနော့် အတွေးတွေ လွန်ခဲ့တဲ့ ခြောက်လလောက်ကို ပြန်ရောက် သွားတာပါ။ ငွေလမင်း Construction.. ။ ငယ့် ကလောင်နံမည်လေးနဲ့ တူလို့ ဆိုတာထက် ဒီနံမည်ကို ရင်းရင်းနှီးနှီး သိနေတယ်။ အော်.. ဟုတ်ပြီ.. ငယ်တို့ အိမ်ကလေးကို ကန်ထရိုက်တိုက် ဆောက်သွားတဲ့ ကုမ္ပဏီပဲ။ ကျနော်တောင် ရုံးခွဲတစ်ခုကို တစ်ခါ ရောက်ခဲ့ဖူးသေးတယ်။ ခဏနေတော့ တံခါးခေါက်သံ နှစ်ချက် ကြားပြီး ကျနော့် အတွင်းရေးမှုး ညီလေး ကော်ဖီဗန်း ကိုင်ပြီး ဝင်လာတယ်။ သူ့ နောက်မှာ ကျနော့် ဧည့်သည်။ ကျနော့်ကို ကိုယ်ရေးကိုယ်တာ ကိစ္စ အရ တွေ့ချင်ပါတယ် ဆိုတဲ့ ကျနော့် ဧည့်သည်။ ဧည့်သည် မျက်နှာကို မြင်လိုက်ချိန်မှာ အံ့သြစိတ်နဲ့ ကျနော် တွေးမိတာ ငါ့ အတွက် လောကကြီးရဲ့ တိုက်ဆိုင်မှုတွေက မရပ်တန့် နိုင်သေးဘူးလား လို့ပါ..။ ထိုင်နေရာက ဖြည်းဖြည်းချင်း ထ ရပ် ပြီး ဝင်လာသူ ဧည့်သည်ကို နှုတ်ဆက် လိုက်တယ်။

...........................................................

“ မေ..”

“ ဟုတ်.. မေ ပါ.. မေသရီကျော်ပါ နေ.. နေ နေကောင်းတယ်နော်..”

“ အွမ်း.. မေ.. မေ တစ်ယောက်တည်းလား..”

“ ဟုတ်..”

“ ငွေလမင်း Construction ဆိုတာ..”

“ ကမ္ဘာကျော် Group ရဲ့ ကုမ္ပဏီခွဲ တစ်ခုပါ နေ..”

“ ကိုယ် မသိခဲ့ဘူး..”

“ အားလုံးကို သားငယ် ဦးဆောင် နေတာလေ..”

“ အော်.. သားငယ်လည်း အိမ်ထောင်တွေဘာတွေ ကျ ရောပေါ့..”

“ ကလေးတွေတောင် ကျောင်းထားနေပြီလေ..”

“ မေ ရော..”

“ ရှင်..”

“ အဆင်ပြေတယ် မဟုတ်လား..”

“ ဟုတ်.. ပြေပါတယ်..”

“ အွမ်း..”

“ သမီးလေး ကိစ္စအတွက် လာခဲ့တာ.. ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ..”

“ အွမ်..”

“ မေ သမီးလေး မွေးတယ်လေ.. သမီးလေးမှာ မွေးရာပါ နှလုံးရောဂါ ပါလာခဲ့တယ် နေ..  ဒီလိုပဲ ဆေးကုရင်း နေလာရင်းနဲ့ အစားထိုးမှ ဖြစ်မယ့် အခြေအနေ ရောက်လာခဲ့တယ်.. နှလုံး အလှူရှင်ဆိုတာ ရနိုင်ခဲတော့လေ.. ဆုတောင်းကောင်းတဲ့ ကိစ္စလည်း မဟုတ်တော့ သမီးနေမကောင်းဖြစ်တိုင်း မေ အရမ်း ပူဆွေး နေခဲ့ရတာပါ..”

“ ဆို တော့..”

“ ဟုတ်ပါတယ် နေ.. ဖြူစံပယ်ရုံလေးရဲ့ နှလုံးနဲ့ သမီး ငွေလမင်း အသက်ဆက်နိုင်ခဲ့တယ်..”

“ အော်….. ………..”

“ သမီးကို စောင့်ကြည့်နေရတုန်းမို့ ဖြူစံပယ်ရုံရဲ့ ကျန်ရစ်သူမိသားစုဆီ ဖုန်းနဲ့ပဲ ကျေးဇူးတင်စကား ပြောနိုင်ခဲ့တယ်.. သမီး ဆေးရုံက ဆင်းပြီးမှ လူချင်း တွေ့ခွင့်တောင်းတော့ မိခင်ဖြစ်သူက (….) ရိပ်သာမှာ ရာသက်ပန် ယောဂီဝတ်သွားပြီ ဆိုတာ သိလိုက်ရတယ်.. မေ သွားတွေ့ရင်း ဖြုစံပယ်ရုံ အတွက် အရေးအကြီးဆုံး လူတစ်ယောက် ထပ်ရှိနေတာ သိလိုက်ရတယ်လေ..”

“ အွမ်းး.. ………..”

“ လာမတွေ့တော့ဘူးလို့ ဆုံးဖြတ်ပေမယ့်လေ.. …… သမီးက မေး နေလို့ပါ.. သူ့အတွက် နှလုံး လှူသွားတဲ့သူကို ဓာတ်ပုံလေး ဖြစ်ဖြစ် မြင်ဖူးပါရစေ တဲ့.. မမညိုကလည်း သံယောဇဉ် အားလုံးကို ဖြတ်ခဲ့သူဆိုတော့ ဖြူစံပယ်ရုံ ဆိုတဲ့ နံမည်လေးက လွဲပြီး ဘာမှ ပြစရာ မရှိခဲ့ဘူး.. အဲ့ဒါ နေ့ ဆီ သွားပါ ဆိုပြီး.. ဒီလိပ်စာ သူ ပေးလိုက်တာ..”

“ အော်..”

“ မေ.. နဲနဲများ အတ္တကြီးသွားလား ဟင်.. နေ စိတ်ထိခိုက်အောင် လုပ်သလိုဖြစ်မလား.. အတန်တန်တော့ တွေးပါသေးတယ်.. ဒါပေမယ့် သမီးက.. သူ့ အသက်သခင်ကို မြင်ဖူးပါရစေ ဆိုပြီး အတင်းလေ..”

“ အင်းပေါ့.. ရပါတယ်.. ခုရော နေကောင်းလား ကလေးက..”

“ ဟုတ်.. တော်တော်လေးတော့ ပင်ပန်းလိုက်တယ် သူလည်း.. အလှူရှင်နဲ့က အသက် လည်း နဲနဲ ကွာနေတယ်လေ.. အဲ့ဒါက ဆိုင်လား မဆိုင်လားတော့ မသိဘူး.. ခွဲစိတ်မှု အပြီးမှာ နှလုံး အသစ်နဲ့ နေသားကျဘို့ တော်တော်လေး ခံရသေးတယ်.. ဒါပေမယ့် မင်းမင်းက အရမ်း ဇွဲကောင်းတယ်..”

“ မင်းမင်း တဲ့လား..”

“ ဟုတ်.. ကျောင်းနံမည်တော့ ငွေလမင်းပေါ့.. အိမ်မှာတော့ မင်းမင်းပဲ ခေါ်ဖြစ်တယ်..”

“ ခု ကျောင်းတွေဘာတွေ ပြန်တက်နိုင်ပြီလား..”

“ ကျောင်းကတော့ တစ်နှစ်လုံး နားထားလိုက်ရတယ်နေ.. ဒါပေမယ့် သမီးက စိတ်မာတယ်.. လာမယ့် စာသင်နှစ်အတွက် သူ အဆင်သင့် ဖြစ်နေပါပြီ..”

“ အွမ်း.. ငယ် အဲ ဖြူစံပယ်ရုံ့ ဓာတ်ပုံ.. ဖုန်းထဲ ကူးပေးလိုက်မယ်လေ.. တကယ်က သမီးမင်းမင်းကို တွေ့တော့ တွေ့ချင်သေးတယ် ကိုယ်လည်း..”

မေ့ သမီးလေးကို တွေ့ချင်တာလား.. သမီးလေး ရင်ထဲက ချစ်သူရဲ့ နှလုံးသားကို တွေ့ချင်တာလား ဆိုတာတော့ နေပဲ သိမှာပေါ့နော်။ ဆွေးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ နေ့ မျက်နှာက ဟိုးတုန်းက အတိုင်း တည်ငြိမ်ဆဲပါပဲ။ သူ သိပ်ချစ်ခဲ့တာတဲ့။ နေ့မှန်း ညမှန်း မသိ၊ တစ်ခါတစ်လေ သူ့ကိုယ်သူတောင် ပြန်မသိ၊ မလှုပ်နိုင်မပြုနိုင်နဲ့ ဝေဒနာ ခံစားသွားရတဲ့ ချစ်သူကို အချိန်ပြည့် ပြုစုတာတဲ့လေ။ မတ်တပ်တောင် မရပ်နိုင်တော့တဲ့ ချစ်သူအတွက် အလှဆုံး လက်ထပ်ပွဲလေး တစ်ခုတောင် နှစ်ယောက်တည်း လုပ်ပေး ခဲ့သေးတယ်တဲ့။ နဂိုလ်ကတည်းက စိတ်ထားနူးညံ့ တည်ငြိမ်သူ တစ်ယောက် ဆိုတာထက် နေ သူ့ကို သိပ်ချစ်ခဲ့ရှာတာပဲ။ သူက ဖြူစံပယ်ရုံ တဲ့..။ စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံလေးကို ကျမ ယူကြည့်မိတယ်။ ဖြူစံပယ်ရုံ ဆိုတဲ့ နံမည်လေးနဲ့ လိုက်အောင်ကိုပဲ သိပ်လှတဲ့ မိန်းကလေးပါ။ နေ့ကို ပြုံးပြလိုက်ရင်း..

“ ဒီပုံလေးပါ ဖုန်းထဲရှိရင် ကူးပေးပါနော်..”

“ အွမ်းး.. ကိုယ် မင်းမင်းကို လိုက်တွေ့ရင်ရော အဆင်ပြေနိုင်မလား..”

“ ပြေတာပေါ့.. နေ အားမယ် ဆိုရင် အချိန်မရွေးပါ..”

“ တစ်ရက် ရအောင် အားမယ်လေ.. သားငယ်ရော.. မေ့ မိသားစုအားလုံးလည်း ကိုယ်တွေ့ချင်တယ်.. ပြောသာပြောတာ သားငယ် ကိုယ့်ကို အမြင် ကြည်ပါ့မလားပဲ..”

ဒီအတွက်တော့ ကျမ ပြုံးယုံပဲ ပြုံးဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက်က ကွာရှင်းစာချုပ် တစ်ခု ထားခဲ့ပြီး ခြေရာ ဖျောက်သွားခဲ့တဲ့ နေ..။ တရားဥပဒေ အရတော့ ကျမ ခင်ပွန်း ပေါ့နော်။ အများ အမြင်မှာ ကိုယ်ဝန်ကြီးနဲ့ မိန်းမကို အကြောင်းမဲ့ ထားပစ်ခဲ့တယ် ဆိုတဲ့ နံမည်ဆိုး ရ သွားရှာတဲ့ နေ။ တပါးသူရဲ့ ကလေးရှိနေတာ သိသိကြီးနဲ့ ကျမဘဝကို သူ့ဘဝနဲ့ ရင်းပြီး ကယ်တင်ခဲ့တဲ့ နေ။ နောက်ဆုံး ကလေးရဲ့ သက်ဆိုင်သူ ပြန်ရောက်လာချိန်မှာ သူ့ကိုယ်သူ လူယုတ်မာ အဖြစ်ခံပြီး ရှောင်ထွက် ပေးသွားတဲ့နေ။ ကျမ အနေနဲ့ နေ့ ဆီက အချစ်ကို မရခဲ့ပေမယ့် ဘဝနဲ့ ရင်းပြီးပေးခဲ့တဲ့ အကာအကွယ်ကို ရခဲ့တာပါ။ ဒီအတွက် ကျမ ရင်ထဲမှာ သူ့ကို လေးနက်စွာ တွယ်တာမိခဲ့တယ်။ သိပ်လည်း ချစ်သွားမိပါတယ်။

နေထွက်သွားပြီးနောက်မှာ ကျမ နှလုံးသားက ပြတ်သားစွာ ဆုံးဖြတ်နိုင်ခဲ့တယ်။ ဗိုက်ထဲက ကလေးက မောင့် သွေးသား မှန်ပေမယ့် ကျမအနေနဲ့ မောင်နဲ့ ပြန်လက်တွဲဘို့ မဖြစ်နိုင်တော့တာ သိလိုက်ပြီလေ။ မောင် နဲ့ မိသားစုဝင် အားလုံးကို ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့တယ်။ ကျမ ခေါင်းမာတာ သိတဲ့ မောင်လည်း ကျမ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲနဲ့ လက်ခံ ပေးခဲ့ရှာပါတယ်။ ထွက်သွားတဲ့သူက ပုန်းသူမို့ ရှာမရခဲ့ပေမယ့် မေ ဆိုတဲ့ ကျမကတော့ နေ့ နေရာလေးကို ဒီအတိုင်း ထားပေးခဲ့ပါတယ်။ သမီးလေး မင်းမင်းကို တစ်ယောက်တည်း မွေးဖွားပြီး နေ့ကိုပဲ ဖခင်အဖြစ်နဲ့ သန်းခေါင်စာရင်း သွင်းခဲ့တယ်။ ကျမဘက်က လက်မှတ် မထိုးဖြစ်ခဲ့တဲ့ ကွာရှင်း စာချုပ်လေးနဲ့အတူ သူ ရေးခဲ့တဲ့ အားလုံး အဆင်ပြေ သွားမှာပါ.. ကျန်းကျန်းမာမာနဲ့ မွေးဖွားပြီး ကလေးကို နှစ်ယောက်အတူ စောင့်ရှောက်ပါ မေ.. ဆိုတဲ့ စာတိုလေး ကျမ ခုထိ သိမ်းထားတယ်။

“ ဖုန်းထဲ ရှိသလောက်တော့ အကုန် ထည့်ပေးလိုက်ပြီ.. အိမ်မှာ ဓာတ်ပုံတွေ ရှိသေးတယ်.. သူ့ တစ်နေ့တာလေးတွေ အပျော် ရိုက်ပေးထားတဲ့ ဗွီဒီယို ဖိုင်လေးရောပဲ.. ကိုယ်လာမှ ကူးခဲ့လိုက်မယ်..”

“ ဟုတ်.. ကျေးဇူးပါ နေ.. ဒါ မေ့ လိပ်စာကဒ်.. အရင်အိမ်က သားငယ်တို့ မိသားစု နေတယ်..”

“ အွမ်း.. လာဖြစ်အောင် လာမယ်.. ဖုန်းကြိုဆက်မယ်လေ နော်..”

“ ဟုတ်.. ဒါဆို မေ ပြန်တော့မယ်နော်..”

“ အွမ်းးး.. အိုခေ..”

ကျမကို ဘာမှ မမေးတော့ဘူး ထင်ပါရဲ့။ အင်းလေ.. သူ့စိတ်ထဲ သူထားခဲ့တဲ့ လမ်းအတိုင်း ကျမ လျှောက်ခဲ့တယ် ထင်နေမှာပေါ့။ စကားစ မဖော်တတ်တော့လို့ ဘာမှ ပြောပြမနေတော့ပါဘူး။ သူ့ရှေ့ ကျမ ရောက်ခဲ့ပြီပဲ။ သူ့လက်ထဲ လိပ်စာကဒ် ပေးခဲ့ပြီပဲ။ နောက်ဆုံး သူ သိပ်ချစ်တဲ့ မိန်းကလေးရဲ့ နှလုံးသားက ကျမ သမီးလေး ကိုယ်ထဲမှာ ကောင်းကောင်း ရှင်သန်နေပါတယ် ဆိုတာ သူ သိသွားပြီပဲ။ ကျမ ပြောပြချင်တဲ့ စကားတွေ ပြောခွင့်ရမယ့် တစ်နေ့ ရှိကောင်း ရှိလာမှာပါ။

နေ့ကို နှုတ်ဆက်ပြီး ရုံးခန်းကနေ ထွက်၊ ကားပေါ် အရောက်မှာ ချက်ချင်း မောင်းမထွက်ဖြစ်သေးဘဲ ဖုန်းထဲက ပုံလေးတွေကို ထိုင်ကြည့်ဖြစ်တယ်။ ပါးချိုင့် ခွက်လေးထင်း နေတဲ့ အပြုံးချိုချိုလေးက ဝေဒနာတွေ အပြည့် ခံစားနေရပေမယ့် တစ်စက်ကလေးမှာ နာကျင်ပုံ မရဘဲ ကြည်လင်နေပါတယ်။ ပင်ပန်းနွမ်းလျ နေတဲ့ မျက်နှာလေးက ချယ်သခြင်း ဘာမှ မရှိဘဲ ပကတိအတိုင်းလေး။ ဝေဒနာဆိုးတွေရဲ့ ဒဏ်ကို အံတင်းပြီး ရင်ဆိုင်သွားတဲ့ သူလေးက နေ သိပ်ချစ်တဲ့ မိန်းကလေး ပေါ့နော်။ အခု သူလေးရဲ့ နှလုံးသားက သမီး ငွေလမင်း ဆီမှာ။ နေ တစ်ယောက် တကယ်ပဲ ကျမတို့ သားအမိဆီ လာလည် မှာလား။ ကျမ ရင်ထဲက နက်ရှိုင်းစွာ ဆုတောင်းမိပါတယ်။

နေရယ်.. ဖြူစံပယ်ရုံ ဆိုတဲ့ မိန်းကလေးရဲ့ နှလုံးသားကို အလွမ်း ဖြေဘို့ပဲ ဖြစ်ဖြစ်.. မေ တို့ သားအမိဆီ တစ်ခါ လောက်တော့ လာ လည် လှည့်ပါ နော်..။



...........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။ 



Print Friendly and PDF

No comments:

Post a Comment