Monday, September 7, 2020

ဆိုင်ကယ်မုန်းသောအညာသူ အပိုင်း ( ၅ )

ဆိုင်ကယ်မုန်းသောအညာသူ အပိုင်း ( ၅ )

ဇာတ်သိမ်း

ရေးသူ - အမြင့်ကြောက်သော ငှက်

နတ်ကြီးတင်ရှိန်နှင့် နတ်ကြီးပေစိတို့လင်မယားတို့ကိုနှုတ်ဆက်၍ ရဲရင့်သူမန်းလေးသို့ထွက်ခွာရန် ပြင်ဆင်ရလေပြီ။ သံယောဇဉ်ဖြစ်နေကြပြီမို့ အားလုံးစိတ်ထဲတွင် မကောင်းလှ။ သို့သော် ကြုံရဆုံရ ခွဲရခွာရသည်မှာ လောကသဘာဝပင်မဟုတ်ပါလား။

အရေးကြီးပြီမို့ ရဲရင့်သူ အချိန်မဆွဲတော့ဘဲ တန်ခိုးဖြင့်ပင်မန်းလေးသို့ ထွက်ခဲ့လိုက်လေ၏။ မန်းလေးရောက်သော် ခန္ဓာကိုယ်ရှိသည့် x x အထူးကုဆေးရုံကိုတန်းသွားကာ ဆေးရုံစောင့်နတ်ဖြင့် ခေတ္တစကားပြောလေသည်။ ထို့နောက် ဗွီအိုင်ပီခန်းထဲရှိ ကုတင်ပေါ်၌ ပက်လက်လှဲလျှောင်းလျှက်ရှိသော ခန္ဓာကိုယ်ရုပ်ကောင်ကြီးပေါ်သို့ ဖြေးဖြေးခြင်းအိပ်ချလိုက်လေတော့၏။

မြရည်နွယ် ကော သူမနှင့်ဖြစ်နေသည့် သူနာပြုကောင်ပါ မရှိသည့် အခြားသူနာပြုတာဝန်ကျသောအချိန်ကိုရွေးကာ ရဲရင့်သူနိုးထခဲ့ခြင်းဖြစ်သည်။ နိုးနိုးခြင်း သူနာပြုအား တစုံတရာတီးတိုးမှာကြားလိုက်ပြီး. . . စိတ်ပူနေရှာသောမိခင်ကြီးထံသို့ ဖုန်းဆက်အကြောင်းကြားစေ၏။ ထို့နောက်တွင်မှ တာဝန်ကျဆေးရုံဆြာဝန်ကြီးများကိုခေါ်ကာ ကျန်းမာရေးစစ်ဆေးမှုခံယူ၍ အေးအေးဆေးဆေးပြန်လည်အနားယူရင်း လူယုတ်မာမ မြရည်နွယ်တို့အလာကို စောင့်နေလိုက်လေတော့သည်။

မြရည်နွယ်မှာ ဟန်ဆောင်ကောင်းသူပီပီ မျက်နှာပျက်သည်ကိုထိန်းကာ ရဲရင့်သူ ပြန်သတိရလာ၍ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သည့်ဟန် ပြုနေလေ၏။ ရဲရင့်သူနှင့်ပက်ပင်းမိခဲ့သည့် သူမ၏ ဖောက်ပြန်မှုအတွက်ကိုလည်း တောင်းပန်စကားဆိုရန် ကြိုးပမ်းလေသည်။ လူယုတ်မာသူနာပြုကောင်ကတော့ အတော်ပင်ဟန်မလုပ်နိုင်ဘဲ ရှူးရှူးရှဲရှဲဖြစ်နေလေ၏။

ရဲရင့်သူလည်း

" မလောပါနဲ့ နွယ်ရယ်. . ကိုယ်သတိရလာပြီပဲ။ ခု မေမေ့တို့ကို ကိုယ်ခေါ်ထားတယ်။ မေမေနဲ့ နွယ်လည်းအတော်ကို ရင်းနီးနေကြပြီမဟုတ်လား။ လူကြီးတွေရောက်တော့မှ ကိုယ်တို့ဆက်ပြီပြောကြဆိုကြတာပေါ့ကွာ. .။ စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာ. .။ လောလောဆယ်တော့ ကိုယ်နားချင်သေးတယ် "

ဟု ခပ်ပြုံးပြုံး ခပ်အေးအေးပင် မြရည်နွယ်ကိုတားထားလိုက်ပြီး လူကြီးတွေအရောက်ကို စောင့်ခိုင်းလိုက်လေတော့သည်။

..............................

အားလုံးစားဖို့ မုန့်သွားဝယ်ဦးမည် ဆိုကာ မြရည်နွယ် အပြင်သို့ခေတ္တထွက်သွားလေသည်။ ရဲရင့်သူလည်း ကုတင်ပေါ်တွင် အသာသာမှိန်းနေလိုက်ရာ

" ကဲ လူနာ. . အားဆေးထိုးရအောင်. ."

ဟုဆို၍ သူနာပြုကောင်မှာ ဆေးထိုးအပ်ကိုင်လျှက်သား အနားသို့ရောက်လာလေတော့၏။

" ဆေးထိုးတာက ထိုးတာပေါ့ဗျာ. . မလောပါနဲ့ဦး။ ခု ဟောဟိုက ထိုင်ခုံမှာ ခဏထိုင်ပါဦး၊ စကားလေးနဲနဲပါးပါးပြောရအောင်ပါ "

ရဲရင့်သူက ခပ်ပြုံးပြုံးအမူအရာဖြင့် သူနာပြုကောင်အား ကုတင်ရှေ့ရှိထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ခိုင်းလိုက်ရာ. . သူနာပြုကောင်လည်း မအီမလည်ဖြင့် ဝင်ထိုင်လေသည်။ ထို့နောက်တွင်မှ ရဲရင့်သူက အောက်ပါအတိုင်းစကားဆက်လေ၏။

" ဒီမှာ ဆြာကြီး. . မြရည်နွယ်ကဘယ်လို၊ ခဗျားကဘယ်လို ဆိုတာ ကျုပ်မသိဘူးမြန်းထင်နေလို့လား။ ခဗျားတို့နှစ်ယောက်ရဲ့ဇာတ်လမ်း၊ ခဗျားတို့ရဲ့အကြံတွေအားလုံးကို ကျုပ်သိတယ်။ ခု ကျုပ်ပြန်သတိရလာလို့ ခဗျားတို့အကြံတွေ အားလုံးပျက်တာနဲ့ပဲ မထူးဇာတ်ခင်းပြီးကျုပ်ကိုဆေးထိုးသတ်တော့မယ်ပေါ့လေ. . ဟုတ်လား။

ဟက် ဟက် ခဗျားဟာလေ ဉာဏ်နည်းသလောက် လောဘစရိုက်၊ ဒေါသစရိုက်တွေလည်း အတော်ကြီးတာပါလား။ ခဗျားဆေးထိုးသတ်လို့ ကျုပ်သေသွားပါပြီရဲ့. . မြရည်နွယ်လိုမိန်းမမျိုးက ခဗျားကိုထောင်ဝင်စာလာတွေ့မယ်မြန်းထင်နေတာလား။ သူ့ဘာသာသူမွေးစားခံပြီး ကျုပ်ရမယ့်အမွေတွေပိုက် အေးအေးဆေးဆေးနောက်လင်လေးနဲ့နှပ်မှာပေါ့. . တောသားရဲ့။

ပြီးတော့ ခဗျားဆေးထိုးသတ်လိုက်ရုံနဲ့ကော ကျုပ်ကသေမယ်ထင်လို့လား. . ကျုပ်ကို ဘယ်လိုကောင်မှတ်လည်း . .။ အင်းလေ. .ဒါတွေထားပါ၊ ခုလောလောဆယ်တော့ အဖမ်းခံလိုက်ဦး. . ဟုတ်ပြီလား "

ရဲရင့်သူစကားဆုံးသည်နှင့် တွဲဖက်တာဝန်ကျသော သူနာပြုမျိုးသားဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ ဆေးရုံလုံခြုံရေးဝန်ထမ်းများ အခန်းထဲသို့ ဝင်လာကြလေသည်။

လူယုတ်မာသူနာပြုကောင်လည်း ရဲရင့်သူအား လွန်စွာထူးဆန်းအံ့သြဟန်ဖြင့်ကြည့်ကာ

" မင်း ဘယ်လိုကောင်လည်း၊ မင်းက ဘာလို့ အားလုံးကိုသိနေရတာလည်း၊ မင်းက ဘာကြီးလည်း. ..မင်းက ဘာကောင်ကြီးလဲ. . "

ဟု သွေးပျက်ခြောက်ခြားစွာ အော်ဟစ်ရေရွတ်ရင်း တာဝန်ရှိသူများဆွဲခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်နှင့် ပါသွားရှာလေတော့၏။

မြရည်နွယ်ပြန်ရောက်သော် သူနာပြုကောင် နေသိပ်မကောင်း၍ ပြန်သွားသည်ဟုဆိုကာ သူမကိုထိန်းထားလိုက်ပြီး လူကြီးများအလာကို ဆက်လက်စောင့်ဆိုင်းနေကြလေရာ ညကိုးနာရီခန့်၌ ရဲရင့်သူ၏ မိဘနှစ်ပါး ရောက်ရှိလာကြလေ၏။ မြရည်နွယ်၏ မိဘများလည်း လိုက်ပါလာကြလေသည်။

အကောင်းပကတိ ကျန်းမာချမ်းသာစွာ ရှိနေနှင့်သော ရဲရင့်သူကိုမြင်ရသော် မိခင်ကြီးမှာ ဝမ်းသားလွန်းသဖြင့် မျက်ရည်တစမ်းစမ်းဖြင့် ရင်ခွင်ထဲမှ မလွှတ်နိုင်အောင်ရှိလေတော့၏။ ဖခင်ဖြစ်သူမှာလည်း ပျော်တပြုံးပြုံးမော်မဆုံးဘဲ ရှိလေသည်။ ရဲရင့်သူလည်း မိသားစု ပြန်လည်ဆုံတွေ့ကြ၍ အားရအောင် ပျော်ရွှင်ပြီးသောအခါမှ မြရည်နွယ်အပါအဝင် အားလုံးကို ဆေးရုံ၏အုပ်ချုပ်ရေးအခန်းအတွင်းသို့ ခေါ်ဆောင်ခဲ့လိုက်လေတော့၏။

အုပ်ချုပ်ရေးအခန်းရှိ စီစီတီဗီ၌. . အခန်းအတွင်း မြရည်နွယ်နှင့် သူနာပြုကောင်တို့ ပြောဆိုနေထိုင်ကြပုံ၊ တိုင်ပင်ကြံစီကြပုံ၊ သူနာပြုကောင်က အောက်စီဂျင်ပိုက်အား မကြာခဏ ဖြုတ်ထားပုံ၊ သတိလစ်နေသော ရဲရင့်သူကို ဘေးထား၍ သူနာပြုကောင်နှင့် မြရည်နွယ်တို့ ချစ်တင်းနှီးနှော ဆက်ဆံကြပုံ. .စသည့် မြင်ကွင်းများအား အားလုံးမျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရလေ၏။

" ဒါ ဒါ ဘယ် ဘယ် လိုဖြစ်တာလည်း ၊ အခန်းထဲမှာ စီ စီ စီစီတီဗီကင်မရာ မရှိပါဘူး. .. "

မြရည်နွယ်၏ အထိန်တလန့် ရေရွတ်လိုက်သော ကတုန်ကယင်အသံ။

" ကောင်မ. . ငါကတော့ နင့်ကို သမီးလေးတစ်ယောက်လို ချစ်လိုက်ရတာ. . နင်ကတော့. .. "

ရဲရင့်သူ၏မိခင် သူဌေးမကြီး ဒေါ်ခင်ခင်ကြီးက မြရည်နွယ်အား ပါးဆွဲချရန် ပြင်လေ၏။

" နေ. .နေ ပါဦးမေမေ၊ သားပြောပြတာကို သေခြာနားထောင်ပါဦး၊ သားမှာ မေမေတို့အားလုံးကို ပြောပြစရာတွေရှိတယ်၊ တကယ်တော့ အရာရာဟာ အကြောင်းကြောင့်အကျိုးတွေဖြစ်နေရတာပါ. . "

ရဲရင့်သူက မိခင်ဖြစ်သူ၏ဒေါသကို အထက်ပါအတိုင်း ဝင်ရောက်ဟန့်တားလိုက်ပြီး မြရည်နွယ်ဘက်သို့လှည့်ကာ.

" အခန်းထဲမှာ စီစီတီဗွီမရှိပေမယ့် ဒီမှတ်တမ်းတွေ တွေ့နေရလို့ သိပ်အံ့သြနေတယ်ပေါ့. . ဟုတ်လား မြရည်နွယ်။ ဒီမှတ်တမ်းတွေကို စီစီတီဗွီထဲ ဘယ်သူထည့်ပေးတယ်ထင်လည်း. . ဆေးရုံစောင့်နတ်ကထည့်ပေးထားတာ. . ဟုတ်တယ် ဆေးရုံစောင့်နတ်က။ မင်းသိချင်ရင် ငါပြောပြမယ်.. "

ဟုအစချီလျှက် မြရည်နွယ်ဖောက်ပြန်နေသည်ကို တွေ့ရှိရ၍ မိမိ ထွက်လာခဲ့သည်မှအစပြုလျှက် ယခုအထိဖြစ်ပျက်ခဲ့ကြသော အဖြစ်အပျက်များကို အားလုံးသိအောင် စီကာပတ်လုံး ပြန်လည်ပြောပြလိုက်လေတော့၏။

ရဲရင့်သူ၏ စကားအဆုံး၌ မြရည်နွယ်လည်း

" ကျမမှားပါပြီ "

ဟု ချုံးပွဲချငိုလေသည်။ သူမ၏ မိဘများသည်လည်း မျက်နှာငြိုးငယ်စွာရှိကြလေ၏။

ထိုအခါမှ ရဲရင့်သူက လဟုကံ ဂရုကံများအကြောင်း၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးပုံ စသည်တို့ကို ဂဃနဏ ထပ်မံရှင်းပြ၍ တည့်မှန်မွန်မြတ်သည့် စိတ်ထားကောင်းမွေး၍ ကောင်းမှု ကုသိုလ်ကံတို့ကိုသာ ပြုလုပ်ကြဖို့ရန် မြရည်နွယ်တို့မိသားစုအား ပြောဆိုတိုက်တွန်းဆုံးမလေရာ လူယုတ်မာမိသားစုလည်း နောင်တကြီးစွာရလျှက် လမ်းမှန်သို့ရောက်ကြလေတော့၏။

ထို့နောက်တွင်မှ မြရည်နွယ်တို့မိသားစု၏အပြစ်များအား ခွင့်လွှတ်ပေးပါရန် ဖခင်ဦးဘောဂနှင့် မိခင်ဒေါ်ခင်ခင်ကြီးထံသို့ ရဲရင့်သူ တောင်းပန်ပေးပြန်ရာ ခွင့်လွှတ်ကြသည်ဖြစ်၍ အားလုံး ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျန်းမာချမ်းသာစွာ ဇာတ်သိမ်းသွားကြသည် ဟွန္တု ဘဝန္တု စင်စစ်မသွေ အဖြစ်ကြီးဖြစ်ကြ လေကုန်တော့သတည်း။

( စာကြွင်း။. .။ ဤအချိန်မှစ၍ မြရည်နွယ်နှင့် သူမမိသားစုမှာ ရဲရင့်သူ၏ ကုသိုလ်ကံစွမ်းပကားကို သိရှိခန့်ငြားလေးစားကြောက်ရွံ့သည်ဖြစ်ရာကား ၎င်းတို့နှင့် ဆိုင်ရာဆိုင်ရာ လုပ်ငန်းနေရာများ၌ စေတနာထားကာ ရိုးသားကြိုးစားစွာ လုပ်ကိုင်ကြလေ၏။ ရဲရင့်သူကလည်း ပေးကောင်းပေးရာတို့ကို ပေးကမ်းချီးမြှောက်လေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် မြရည်နွယ်သည် ဖင်ဆော့သောအကျင့်ကို မဖျောက်နိုင်သည်မှလွဲ၍ ရဲရင့်သူအတွက်တွင်မူ လွန်စွာယုံကြည်အားကိုးရသော လူယုံလူရင်းတစ်ဦး ဖြစ်လာခဲ့လေတော့၏။ )

ဆက်ရန်

စတာနော် 😁😁😁

ဇာတ်လမ်း မပြီးသေးပါဘူး

အောက်မှာ ဆက်လက်ရှူစားကြပါအုံး

အမြင့်ကြောက်သော ငှက်

နိမ္မာနရတီ လုပ်ငန်းစု ဆိုပါက မြန်မာပြည်တွင်မဆိုထားနှင့် ကမ္ဘာကပင်လေးစားခန့်ငြားရလေသည်။ လုပ်ကိုင်သော လုပ်ငန်းအမျိုးအစားလည်း စုံလင်လှသလို အကျိုးအမြတ်မှာလည်း နှစ်စဉ်တိုးပွားလျှက်။ ထို့အတူ မြန်မာပြည်တွင်အဓိကထား၍ ကမ္ဘာနှင့်အဝှမ်းအလှူအတမ်းအရာ၌လည်း နိမ္မာနရတီ က ရှေ့မှဦးဆောင်စမြဲ။

ဤသို့ အဖက်ဖက်မှ သာလွန်ပေါကြွယ်လွန်းလှသော နိမ္မာနရတီ လုပ်ငန်းစုကြီး၏ ပိုင်ရှင်မှာ အသက် လေးဆယ်ကျော်ခန့်သာရှိသေးသော မြန်မာနိုင်ငံသားစစ်စစ်။ အမည်မှာ ဒေါက်တာရဲရင့်သူ။ ထို့ထက် ပိုပြောရလျှင် ဒေါက်တာရဲရင့်သူသည် ၎င်း၏လုပ်ငန်းကိုမဦးစီးဘဲ မဆိုင်သလိုပင် ပေါ့ပေါ့ပါးပါးသာနေလေသည်။ ကမ္ဘာအရပ်ရပ်ရှိ လူယုံများ မာန်နေဂျာများ စီအီးအိုများကသာ လုပ်ငန်းကြီးများကို ဝိုင်းဝန်းလုပ်ဆောင်လည်ပတ်ပေးနေကြပြီး နှစ်စဉ် အကျိုးအမြတ်ထွန်းကားနေခြင်း ဖြစ်လေ၏။

ဒေါက်တာရဲရင့်သူ ဆောင်ရွက်သည်ဟူ၍ ကိစ္စနှစ်ခုသာရှိလေသည်။ ပထမတစ်ခုမှာ အလှူအတန်းများတွင် တတ်အားသမျှ ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ ၎င်းလေးစားရသော ကိုဇာနည်နှင့် ကိုရာဇာတို့ ဦးဆောင်ဖွဲ့စည်းထားသည့် မော်တော်ဆိုင်ကယ်ကလပ်၌ ဘဏ္ဍာရေးတာဝန် ယူပေးထားခြင်းဖြစ်လေ၏။

နေဝင်ရီသရောအချိန် မန္တလေး ၆၆ လမ်းမပေါ်မှ မြောက်ဘက်မျှော်ကြည့်လျှင် မီးတထိန်ထိန်လင်းလျှက်ရှိသော မန္တလေးတောင်တော်ကြီးကို တွေ့ရှိရပေမည်။ လမ်း၏ အနောက်ဘက်ခြမ်းရှိ နန်းတော်ရာနှင့် ကျုံးတို့မှာလည်း နေညိုညိုတွင် ရွှေအိုရောင်သမ်းနေကြလေ၏။

ဒေါက်တာရဲရင့်သူတစ်ယောက် ၎င်းစိတ်ကြိုက်ရွေးချယ်ထားသော ကော်ဖီဘားတစ်ခုတွင်ထိုင်ကာ မန္တလေးမြို့၏ နေဝင်ဆည်းဆာအလှကို ကော်ဖီသောက်ရင်း ခပ်ဆွေးဆွေးလေး ကြည့်ရှုခံစားနေမိလေသည်။ ထိုအချိန်၌ အချိန်ကိုက်ဆိုသလို ဘယ်ဆီဘယ်ဝယ်ကမှန်းမသိဘဲ တွန်ကျူးလိုက်သော ဥသြငှက်သံ ခပ်ချွဲချွဲလေးက ဒေါက်တာရဲရင့်သူ၏ အလွမ်းတို့ကို မီးရှိန်မြှင့်ပေးသကဲ့သို့ ရှိလေတော့၏။ အလိုက်ကမ်းဆိုးမသိလှသော ကော်ဖီဘားပိုင်ရှင်ကလည်း အိမ်မက်စေတမာန်သီချင်းကို ကောက်ကာငင်ကာ ထဖွင့်ပြန်သည်။

" အိမ်မက်စေတမာန်. . ညှင်းသွဲ့ဝန်းရံလေသွေးပြန်

ဥသြတွန်သံ. .. ကြားရတော့မှ နိုးထလာခဲ့ပြန်

သြော် သင်္ကြန်.. အဖော်ကင်းပြန်

တီးကြ ဆိုကြ ကကြရလေဦးတော့..

နှစ်ကူး. .ရွှင်မြူးလေတဲ့ဟန်. ..

.

.

. . . . "

မှန်ပေသည်။ သင်္ကြန်ရောက်ပေတော့မည်။ သင်္ကြန်ရောက်ပြီမို့ ရင်ထဲမှ အလွမ်းအဆွေးတို့ကို မျိုသိပ်လျှက် ရွှင်မြူးပျော်ပါးနေသည့်ဟန်ဖြင့် သင်္ကြန်ပွဲတွင် ပါဝင် ဆင်နွဲရပေဦးတော့မည်။ ဤကဲ့သို့အခြေအနေမှာ . .ယနေ့ထိတိုင် လူပျိုကြီးဘဝဖြင့်ရှိနေသည့် ဒေါက်တာရဲရင့်သူအတွက် နှစ်စဉ်ကြုံတွေ့နေရစမြဲမို့ ရိုး၍ပင်နေခဲ့လေပြီ။ လမ်းလျှောက်သင်္ကြန်၌ ဆိုင်ကယ်အဖွဲ့အနေဖြင့် စတုဒီသာကြွေးမွေးရေးအတွက် တိုင်စည်းဝေးကြဖို့ရန် မကြာမှီတွင် ကိုဇာနည်နှင့် ကိုရာဇာတို့ ရောက်ရှိလာကြတော့မည်မဟုတ်ပါလား။

" သြော်.. မိုးစက်ရယ်.. မင်းနဲ့ကိုယ် ခွဲခွာခဲ့ကြရတာ ဘာလိုလိုနဲ့ နှစ်နှစ်ဆယ်တောင် ကျော်ခဲ့ပြီပေါ့.. "

ချစ်သူကို ရင်ခွင်ထဲ၌ ထွေးပွေ့ထားခဲ့ဖူးသည့် မန္တလေးတောင်တော်ကြီးဘက်သို့ ရီဝေဝေငေးကြည့်ရင်း ဒေါက်တာရဲရင့်သူ သက်ပြင်းမောကြီးတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်လေသည်။

ထိုစဉ် ကော်ဖီဘားရှေ့တွင်ရပ်ထားသည့် ၎င်း၏ 2018 မော်ဒယ် Yamaha XV 950 ဆိုင်ကယ်နဘေးသို့ Harley Road King အမျိုးအစားဆိုင်ကယ်တစ်စီး၊ BMW R9T အမျိုးအစားဆိုင်ကယ်တစ်စီး၊ နှင့် Kawasaki W 650 အမျိုးအစား ဆိုင်ကယ်တစ်စီး. .စုစုပေါင်း ဆိုင်ကယ်သုံးစီးထိုးရပ်လလာကြလေ၏။

R9T နှင့် Road King ကို မြင်ကတည်းက ကိုဇာနည်နှင့် ကိုရာဇာတို့မှန်း ဒေါက်တာရဲရင့်သူ အတတ်သိလိုက်လေသည်။W 650 သမားကိုမူ ရဲရင့်သူ မသိ။ ထို့အပြင် ကိုဇာနည်နှင့် ကိုရာဇာတို့က ဆိုင်ကယ်ဦးထုပ်များကို ဆိုင်ကယ်တွင် ချွတ်ထားခဲ့သော်လည်း W 650 သမားမှာ ဦးထုပ်ကို မှန်မဖွင့်ဘဲ ရဲရင့်သူထံသို့ လျှောက်လှမ်းလာကြလေ၏။ ထို့ကြောင့် ၎င်း မည်သူမည်ဝါဖြစ်ကြောင်းခန့်မှန်းဖို့ရန် ရဲရင့်သူအတွက် လွန်စွာခက်ခဲလေသည်။ သေခြာသည်မှာ အနှီသူသည် ယောကျ်ားလေးမဟုတ်၊ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပလှသော မိန်းကလေးတစ်ဦးသာ ဖြစ်လေ၏။

" အောင်လံက ကိုသက်ဦးမောင်ကို သိတဲ့မဟုတ်လား ငါ့ညီ "

ကိုဇာနည်က ရဲရင့်သူနဘေးတွင် ဝင်ထိုင်လိုက်ရင်း စကားစလိုက်လေသည်။ ကိုရာဇာလည်း ဝင်ထိုင်လေ၏။ ဆိုင်ကယ်ဦးထုပ်နှင့် မိန်းကလေးမှာမူ မထိုင်သေးဘဲ မတ်တပ်သာရပ်နေလေသည်။

" ဟုတ်ကဲ့. . သိတယ်အကို "

ရဲရင့်သူလည်း သိကြောင်းပြန်ဖြေလိုက်လေရာ ကိုဇာနည်က

" အေးကွာ. . ဒါနိုင်ငံခြားမှာ ကျောင်းသွားတက်နေတဲ့. . သူတို့သမီးအငယ်မလေး။ ခုမြန်မာပြည်ကိုအပြီးပြန်လာပြီး တို့ဆိုင်ကယ်အဖွဲ့ထဲ ဝင်မယ်အတင်းလုပ်နေလို့ကွာ။ တကယ်ဆို မိန်းကလေးဖြစ်နေတာကတစ်ကြောင်း၊ အသက်ကလည်း ၂၀ တောင်မပြည့်ချင်သေးတော့ အရမ်းငယ်နေသေးတာကတစ်ကြောင်းကြောင့် အကို့အနေနဲ့ သိပ်ပြီး ပေးမဝင်ချင်သေးဘူး။ ဒါပေမယ့် သူ့အဖေမျက်နှာကရှိနေတော့ တာဝန်ယူပေးမယ့်သူတစ်ယောက်ရှိရင် ပေးဝင်မယ်လို့ ပြောထားရတယ်။ အဲ့တာ အသင်းဝင်ကြေးတွေ လစဉ်ကြေးတွေ ဘယ်၍ဘယ်မျှဆိုတာ အသိပေးရအောင် မင်းဆီကိုပါခေါ်လာခဲ့တာပဲ။ ပြီးမှ တာဝန်ယူမယ့်သူတစ်ယောက်ယောက် ရှာပေးရတော့မှာပေါ့ "

ဟု သူမအား ခေါ်လာခြင်းအကြောင်းကို စီကာပတ်ကုံးရှင်းပြလေသည်။ ထို့နောက်တွင်မှ ကိုဇာနည်က သူမဘက်သို့လှည့်၍ စကားဆိုလိုက်ပြန်၏။

" ကဲ. ထိုင်ပါသမီးရဲ့။ ဦးထုပ်ကြီချွတ်ပြီး ဒီက ဘဏ္ဍာရေးမှူးဦးကြီးကို မိတ်ဆက်လိုက်ပါဦး "

သူမက ခေါင်းပြန်ငြိမ့်ပြ၍ ဦးထုပ်ကို ဆွဲချွတ်လိုက်လေသည်။

" ကို. . ခုလိုပြန်ဆုံကြရတာ မင်္ဂလာပါ။ ကျမနာမည် မိုးစက်ဝေပါရှင့် "

" ဟင်. . မိုး မိုး မိုး စက်. . "

" ဦးလေးလေသမီးရဲ့ ဘယ်က ကိုရမှာလဲ..စလာကတည်းက မထော်မနန်း. . "

" ကို ကို ဇာနည် ခဏ ခဏ..ဒါ ဒါ အကိုတို့မသိဘူး၊

ကျ ကျတော် နောက် နောက် မှ ရှင်းပြမယ်။

ခု လောလောဆယ်တော့ . ဒီခလေးမ အဖွဲ့ထဲဝင်ဖို့ ကျတော် အစစအရာရာ တာဝန်ခံပါတယ်. . "

ပြီးပါပြီ။

ကျေးဇူးအထူးတင်ရှိလျှက်

သဗ္ဗေသင်္ခါရ အနိစ္စာ

အမြင့်ကြောက်သော ငှက်





Print Friendly and PDF

No comments:

Post a Comment