Monday, September 7, 2020

ဆိုင်ကယ်မုန်းသောအညာသူ အပိုင်း ( ၄ )

ဆိုင်ကယ်မုန်းသောအညာသူ အပိုင်း ( ၄ )

ရေးသူ - အမြင့်ကြောက်သော ငှက်

ဆြာတော်လည်း ပြန်ကြွသွားလေသည်။ ကိုသက်ဦးမောင်တို့မိသားစုက ခြံဝအထိ လိုက်ပါပို့ဆောင်ကြလေ၏။ ချစ်ခြင်း မုန်းခြင်း ကင်းသောခံစားချက်ဖြင့် အနှီမြင်ကွင်းကို မိုစက်ဝေ ကြည့်နေမိလေသည်။

" လာ မိုးစက်ဝေ. .ကိုတို့လည်းသွားကြမယ်။ ကားပေါ်ရောက်မှ ကိုသက်ဦးမောင်ရဲ့အကြောင်း ထပ်ပြောကြတာပေါ့.."

ကိုရဲရင့်က ပြန်ဖို့ရန် သူမကိုဆော်သြနေခြေပြီ။ မိုးစက်ဝေလည်း ခေါင်းတစ်ချက်ငြိမ့်ပြကာ ကိုရဲရင့်နှင့်အတူ ကားရှိရာသို့ ထွက်ခွာခဲ့ကြလေတော့၏။

.

" ပြည်က အကို့ရဲ့မိတ်ဆွေဆြာ ဝပ်ရှော့ဆြာကိုရာဇာကို အကြောင်းပြုပြီး ကိုသက်ဦးမောင်နဲ့ အကို ခင်မင်သိကျွမ်းခဲ့ကြတယ်။ ကိုသက်ဦးမောင်ဟာ တကယ်တော့ ညီမထင်သလို ဟော့ဟော့ရမ်းရမ်းသမားမဟုတ်ပါဘူး။ အင်မတန်စည်းစနစ်ကြနပြီး အလုပ်တစ်ခုကို မထိမခိုက်အောင် မလျော့မပါးအောင် သေသေခြာခြာလုပ်ကိုင်တတ်တယ်။ ကိုယ်ခြင်းစာတရားလည်းအင်မတန်ရှိတယ်။

အကိုသိရသလောက်တော့ သူက အထည်ကြီးပျက်မိဘနှစ်ပါးကဆင်းသက်လာတာ။ အကိုနဲ့ သူနဲ့ ခင်မင်တဲ့အချိန်မှာ ဖအေကြီးမရှိတော့ဘူး၊ မအေကြီးပဲကျန်တော့တာ။ ကိုသက်ဦးမောင်က သူဝါသနာပါတဲ့ ဝပ်လျော့ပညာ၊ ဆိုင်ကယ်ဝယ်ရောင်းအလုပ်တွေနဲ့ အဖွားကြီးကို လုပ်ကိုင်ကြွေးမွေးနေတယ်။ သူ့မှာက ခင်ထားဝေ ဆိုတဲ့ ငယ်ချစ်တစ်ယောက်လည်းရှိတယ်။ ခုနက အကိုတို့တွေ့ခဲ့ကြတဲ့ အမျိုးသမီးပေါ့။

ဒါပေမယ့် သူအိမ်ထောင်ပြုမယ်ကြံကော အဖွားကြီးက မခင်ထားဝေကို အရင်သူတို့ဆီမှာလုပ်သွားတဲ့ အလုပ်သမားရဲ့သမီးမို့လို့ ဆိုပြီး တောက်တောက်ခါးခါးကို ငြင်းဆန်တော့တာပဲ။ တကယ်ဆို အဲ့ဒီအချိန် မခင်ထားဝေတို့က သူတို့ထက် အဆများစွာ ပိုရှိနေကြပြီလေ။ သို့သော် အဖွားကြီးကမရဘူး. .ဘာမဟုတ်တဲ့မာနတွေခံပြီး မခင်ထားဝေကို လက်မခံခဲ့ဘူး။

အဲ့လိုလက်မခံတဲ့အပြင် အဖွားကြီးက သူ့သားကို မခင်ထားဝေနဲ့ ငြားသွားမှာစိုးလို့ သူနဲ့ရင်းနီးတဲ့ မင်းမျိုးမင်းနွယ်ထဲက. . သစ်သစ်မင်း ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကိုသက်ဦးမောင်ကို အတင်းစီစဉ်ခဲ့တယ်။ ကိုသက်ဦးမောင်က အတန်တန်ငြင်းပေမယ့် မအေတစ်ခုသားတစ်ခုဖြစ်နေတာကတစ်ကြောင်း၊ အဖွားကြီးမှာ နှလုံးရောဂါရှိတာက တစ်ကြောင်းကြောင့် မိခင်ရဲ့သဘောကို မလွန်ဆန်နိုင်ဘဲ မသစ်သစ်မင်းကို လက်ထပ်လိုက်ရတယ်။ အဲ့ဒီမှာတင် မခင်ထားဝေလည်း အရမ်းကြေကွဲပြီး နိုင်ငံခြားကိုထွက်သွားတော့တာပဲ။

အချစ်မပါဘဲ တည်ဆောက်ခဲ့ကြတဲ့ ကိုသက်ဦးမောင်တို့အိမ်ထောင်ရေးဟာ အေးတိအေးစက်နိုင်ခဲ့ကြတယ်။ ကိုသက်ဦးမောင်က အိမ်ထောင်ဦးစီးတာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်ခဲ့ပေမယ့် မသစ်သစ်မင်းကတော့ အတော်ကို ဘော်ဘော်ကျော့ကျော့နေထိုင်ခဲ့တယ်၊ ဒီလိုနဲ့ နှစ်နှစ်လောက်အကြာမှာ ကိုသက်ဦးမောင်ရဲ့ဘဝထဲကို ချစ်စရာသမီးလေးတစ်ယောက်ဝင်လာခဲ့တယ်။ သမီးလေးရလာပြီဆိုတော့ မသစ်သစ်မင်းအချိုးပြောင်းသွားလိမ့်မယ်လို့ ကိုသက်ဦးမောင်က မျှော်လင့်တာပေါ့။ ဒါပေမယ့် မပြောင်းပါဘူး၊ မသစ်သစ်မင်းရဲ့ အချိုးက အရင်အတိုင်းပဲ။

နောက်ထပ် တစ်နှစ်ခွဲ လောက်အကြာမှာ ကိုသက်ဦးမောင်ရဲ့အမေ ဆုံးတယ်။ မိခင်မရှိတော့တဲ့နောက်ပိုင်း ကိုသက်ဦးမောင်ဟာ မိသားစုကို ပိုဂရုစိုက်လာပြီး ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံလာခဲ့တယ်။ မသစ်သစ်မင်းကတော့ ကိုသက်ဦးမောင်နဲ့ပြောင်းပြန်။ အဖွားကြီးမရှိတော့ လွတ်လပ်ရေးရပြီဆိုတဲ့ အထာနဲ့ ပိုပြီး လျှပ်ပေါ်လော်လီလာတယ်။ သူ့မိဘတွေလည်း သူ့ကို ပြောလို့မနိုင်တော့ဘူး။

ကိုသက်ဦးမောင်ရဲ့အလုပ်သဘာဝကလည်း မြဝတီသွားလိုက်၊ ဆိုင်ကယ်ပွဲတွေသွားလိုက်၊ ဝယ်လက်ဆီ ဆိုင်ကယ်သွားပို့လိုက်. .စသဖြင့် ခရီးမကြာခဏထွက်နေရတယ်ဆိုတော့ မသစ်သစ်မင်းက ပိုဆိုးလို့ကောင်းနေတော့တာပေါ့။ နောက်ပိုင်း သမီးလေးရှိလျှက်နဲ့ကို ဟိုလူနဲ့ သို့သိုးသန့်သန့် ဒီလူနဲ့ဘာလိုလို သတင်းတွေ ကြားလာရတယ်။ အဲ့လိုအခြေအနေတွေရောက်တာတောင် ကိုသက်ဦးမောင်က ကောလဟာလတွေကိုမယုံဘဲ သူ့မိန်းမအပေါ်မှာ ဝတ္တရားမပျက်ခဲ့ဘူး။ ဒါ့အပြင် သမီးလေးရဲ့ကျန်းမာရေးကို အကြောင်းပြုပြီး ကိုသက်ဦးမောင်ခမြာ အလုပ်နဲ့အသွားအလာတွေကို တတ်နိုင်၍ လျော့ချလာတယ်။

သမီးလေးမှာက မကြာခဏဆိုသလို သွေးပေါင်ထိုးကျတတ်တဲ့ မွေးရာပါ ထူးဆန်းတဲ့သွေးအားနည်းရောဂါပါလာတယ်လေ။ ဒီလိုဖြစ်လာရင် သွေးသွင်းပြီးကုသရတယ်။ သွေးသွင်းဖို့ကြပြန်တော့လည်း သမီးလေးနဲ့အဆင်ပြေတဲ့သွေးကအရှားသား၊ အောင်လံတစ်မြို့လုံးလိုက်ရှာတောင် အတော်ရှာလို့မလွယ်ဘူး။ သူ့အမေ သွေးနဲ့လည်းမတူဘူး။ ကိုသက်ဦးမောင်ရဲ့ သွေးတစ်မျိုးတည်းနဲ့ပဲ အဆင်ပြေတယ်။ ဒါ့ကြောင့် ကိုသက်ဦးမောင်က ခရီးတော်ရုံမသွားတော့တာ။

ဒါပေမယ့် . . ပုဂံပွဲကြတော့ ပွဲကြီးသလောက် ဆိုင်ကယ်သမား အတန်းအလွှာအကုန်လာမယ့်ပွဲဖြစ်တာမို့ ဝါသနာအရကော အသက်မွေးဝမ်းကြောင်းအရပါ မသွားမဖြစ်ကို သွားသင့်တဲ့ပွဲ ဖြစ်နေတာကတစ်ကြောင်း၊ ကိုသက်ဦးမောင်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိုရာဇာနဲ့ ကိုဇာနည်တို့ကလည်း အဖော်စပ်ကောင်းတာကတစ်ကြောင်း၊ သမီးလေးရဲ့ ကျန်းမာရေးကလည်း အတော်ကို စိတ်ချရတဲ့အနေအထားကိုရောက်နေတာကတစ်ကြောင်း. . ကြောင့် ကိုရာဇာတို့နဲ့အတူ ကိုသက်ဦးမောင် ပုဂံပွဲကို တက်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာတင် သူ့ရဲ့ ကြမ္မာရဟတ် တစ်ပါတ်လည်ဖို့ အကြောင်းဖန်လာတော့တာပဲ။

ကိုသက်ဦးမောင် အိမ်မှာမရှိတာကို အခွင့်ကောင်းယူလို့ မသစ်သစ်မင်းဟာ ကျန်းမာရေးစိတ်မချရတဲ့ အခါလည်ကျော်သမီးလေးကိုပြစ်ပြီး နောက်လင်နောက်လိုက်သွားပါလေကော။ အဲ့ဒီအချိန်မှာပဲ သမီးလေးကလည်း ကောက်ကာငင်ကာ ရောဂါဖောက်ပါပြန်တယ်၊ သူ့အမေကိုမတွေ့တော့တာလည်း ပါမှာပေါ့လေ။

အိမ်မှာကူလုပ်တဲ့ ဒေါ်ကြီးတင်ဆီကနေ ဒီအကြောင်း ဖုန်းဝင်လာတာမို့ ကိုသက်ဦးမောင်တစ်ယောက် ပုံဂံကနေ အောင်လံကို အမြန်ပြန်ဖို့ဖြစ်လာခဲ့တယ်။ ညပိုင်းစတိတ်ရှိုးပွဲမှာ ကဲထားကြတော့ ကိုရာဇာနဲ့ ကိုဇာနည်တို့က ပွဲပန်းပြီး အိပ်မောကြနေကြပြီလေ။ ဒါကြောင့် ကိုသက်ဦးမောင်က ဘော်ဒါတွေကို မနှိုးတော့ဘဲ တစ်ယောက်တည်း ဒုန်းဆိုင်းခဲ့တော့တာ။ တွေးကြည့်ပေါ့ ညီမရယ်. .အဲ့ဒီအချိန် ကိုသက်ဦးမောင်ရဲ့ရင်ထဲမှာ ဘယ်လောက်မြန်း ပူပန်ဗျာပါဆိုက်နေမလဲ၊ ဗလာင်ဆူနေလိုက်မလဲ ဆိုတာကိုပေါ့။

သူ လင့်ဝတ္တရားကြေကြေနဲ့ မိသားစုကို ကောင်းကောင်းမွန်မွန်ရှာဖွေကြေမွေးနေပါလျှက်နဲ့ ခွေးထက်မိုက်တဲ့မိန်းမက သူမရှိချိန် ရောဂါသည်သမီးလေးကိုစောင့်ရှောက်ရမယ့်အစား၊ ပြစ်ပြီး မြောက်ဇာတ်ခင်းသွားတယ်၊ သမီးလေးကလည်း သွေးအားကတဖြေးဖြေးနည်းလာပြီး သွေးသွင်းဖို့လိုအပ်နေပြီ၊ အဲ့သွေးကလည်း သူ့ကိုယ်ထဲမှာက လွဲရင် အခြားနေရာမှာ ရှာဖို့မလွယ်ဘူး။ ကိုသက်ဦးမောင် အိမ်ကိုအမြန်ပြန်ရောက်ချင်နေတာ လွန်လား၊ မနက်ဗွေလီဗွေလင်း လူခြေတိတ်ချိန် ဆိုင်ကယ်ကိုဒုန်းဆိုင်းမောင်းခဲ့တာ သူ့အပြစ်လား. .

ဒါပေမယ့် သူကော၊ ညီမပါ ကံဆိုးခဲ့ကြတယ်။ ညီမနဲ့ သူနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး သူလည်း အိမ်ပြန်မရောက်ဘဲ ဆေးရုံရောက်. . ပေါင်တစ်ဖက်ဖြတ်လိုက်ရ၊ ညီမလည်း ခုလိုဘဝကိုရောက်ရတော့တာပဲ . . ."

" ဟင်. . ဒါ ဒါဆို သမီးလေးက ဘယ်လို ဆက်ဖြစ်လည်းဟင်၊ အချိန်မှီ သွေးမသွင်းရရင် . . ."

မိုးစက်ဝေက ရဲရင့်သူ ဇာတ်စုံခင်းပြသည့် ကိုသက်ဦးမောင်၏ အတိတ်ဇာတ်လမ်း၌ မြောပါသွားသည့်ဟန်။ ကိုသက်ဦးမောင်အား ယခင်လို စိတ်နာဖို့၊ ရန်ပြုဖို့နေနေသာသာ ၎င်း၏သမီးလေး ရှေ့ဘာဆက်ဖြစ်မည်ပိုပင် သိချင်စိတ်စောနေလေ၏။သူမ မျက်နှာတွင်လည်း ကိုသက်ဦးမောင်အတွက် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်များ ယှက်သန်းနေလေသည်။

" ပြောမှာပေါ့ မိုးစက်ရယ်၊ ပြောပြမှာပေါ့. . သမီးလေးက အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ မရဏတွင်းဝကနေ လက်မတင်လေး လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ဒီလို...

အမေကလည်း ပစ်သွား၊ ကိုသက်ဦးမောင်ကလည်း အချိန်မှီရောက်မရောက် မသေခြာဆိုတော့ ဒေါ်ကြီးတင်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးပေါ့။ ကိုသက်ဦးမောင်တို့အမျိုးတွေဆိုတာလည်း သူတို့ရှိခဲ့တုန်းကသာ ကပ်စားခဲ့ကြတာ၊ တကယ်တမ်းအကူအညီလိုတော့ ဘာမှလောက်လောက်လားလား အဖြစ်မရှိကြဘူးလေ။ နောက်ဆုံး ဒေါ်ကြီးတင်က ကြံရာမရတာနဲ့. . ကိုသက်ဦးမောင်နဲ့ မခင်ထားဝေတို့ရဲ့ ချစ်ဇာတ်လမ်းကို သိထားသူပီပီ. . အရင်နေ့ကမှ နိုင်ငံခြားကပြန်ရောက်လာတဲ့ မခင်ထားဝေ ဆီကို အကူအညီသွားတောင်းခဲ့တယ်။

မခင်ထားဝေက ပင်ကိုယ်စိတ်ထားအရမ်းလှတာ။ သူ့ဆီကိုဒေါ်ကြီးတင်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ကိုသက်ဦးမောင်ကို စိတ်နာနေတာတွေ၊ မသစ်သစ်မင်းအပေါ် နာကြည်းမုန်းတီးနေတာတွေ ဘေးချိတ်ပြီး သမီးလေးဆီကို အရောက်ပြေးတော့တာပဲ။ ချက်ခြင်းဆိုသလို ဆေးရုံကားခေါ်၊ ပြည်အထိ တက်ကုခဲ့ကြတယ်။

သမီးလေးအရမ်းကံကောင်းသွားတယ်။ ပြည်ရောက်လို့ စစ်ဆေးကြည့်လိုက်တော့ မခင်ထားဝေရဲ့သွေးနဲ့ သမီးလေးနဲ့က ကွက်တိကြီးကို အဆင်ပြေနေတော့တာ။ ကိုသက်ဦးမောင်ရဲ့သွေးထက်တောင် ထပ်တူကျသေးတယ်ဆိုပဲ။ ရှေးရေဆက်အကြောင်းကံတွေလို့ပဲ ဆိုကြရမှာပေါ့လေ။ ဒါနဲ့ မခင်ထားဝေ ရဲ့သွေးနဲ့သမီးလေး အသက်ဘေးက လွတ်မြောက်ခဲ့တယ်။

မိဘတွေကလည်း ပိုက်ဆံရှိ၊ သူကိုယ်၌ကလည်း နိုင်ငံခြားမှာ စုမိဆောင်းမိဖြစ်လာပြီမို့ မခင်ထားဝေက ဟိုကိုပြန်မသွားတော့ဘူး။ သမီးလေးကို ပြုစုစောင့်ရှောက်ရင်း ဒီမှာပဲ နေလိုက်တော့တယ်။

သမီးလေးလည်း ပြန်ကျန်းမာလာကော မခင်ထားဝေ အိမ်ကကားနဲ့ သမီးလေးကိုပါခေါ်ပြီး ကိုသက်ဦးမောင်ရှိတဲ့ ညောင်ဦးဆေးရုံကိုလိုက်ခဲ့ကြပြန်တယ်။ ကိုသက်ဦးမောင်ကိုလည်း မခင်ထားဝေကပဲ အစစအရာရာ တာဝန်ယူပြီး ကုရတာပေါ့။

ဒီလိုနဲ့ ကိုသက်ဦးမောင်နဲ့ မမခင်ထားဝေ တို့ ပြန်နီးစပ်သွားကြပြီး နောက်ဆုံး ပြန်လည်ပေါင်းထုတ်သွားကြတယ်လို့ပဲ တိုတိုပြောရတော့မှာပေါ့။ နဂိုလ်ကတည်းကလည်း မုန်းလို့ ကွဲခဲ့ကြတဲ့သူတွေမှ မဟုတ်တာလေ. . ချစ်လျှက်နဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ဝေးခဲ့ကြရတာပဲကိုးး "

ရဲရင့်သူ စကားဆုံးသောအခါမှ မိုးစက်ဝေလည်း သက်ပြင်းချသွားလေ၏။ ထို့အပြင်

" အင်းလေ. . ကိုယ့်ဘက်ကကောင်းပါလျှက်နဲ့ မိန်းမက သစ္စာမဲ့ ဖောက်ပြန်သွားလို့ မခံမရပ်နိုင်အောင် ဒေါသထွက် ခံစားနေရတဲ့ကြားက. . သမီးလေးရဲ့ သေရေးရှင်ရေးမှာပါထပ်ပြီး အသက်လုနေရတဲ့ ဖခင်တစ်ယောက်ရဲ့ စိုးရိမ်သောကကို မိုးစက် ခံစားနိုင် ကိုယ်ချင်းစာနိုင်သွားပါပြီ။ ကိုသက်ဦးမောင်အပေါ်မှာလည်း အငြိုးအမှတ်တွေ မုန်းတီးနာကြည်းမှုတွေ မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူတို့မိသားစုတွေ ခုလို ချစ်ချစ်ခင်ခင်ပျာ်ပျော်ရွှင်ရွှင် ဖြစ်နေကြတာကို တွေ့ရတာကိုကပဲ မိုးစက်အတွက် တန်ရာတန်ကြေးပြန်ရလိုက်သလိုပါပဲရှင်. . ။ "

ဟူ၍ပင် ခွင့်လွှတ် ဝမ်းသာစကား ဆိုပြန်သေးသည်။

" သြော်. .မိုးစက်ဝေရယ်. ."

ရဲရင့်သူလည်း ရုပ်ကလေးချောသလောက် သဘောဖြူသည့် အညာသူလေး၏ မျက်နှာလှလှလေးကို ပီတိအပြုံးဖြင့် ခပ်စူးစူးလေးစိုက်ကြည့်နေမိလေတော့၏။

" . .အကို။ ဒါနဲ့ မိုးစက်မေးရဦးမယ်။ ဆိုင်ကယ်အဖွဲ့တွေ ဆိုင်ကယ်ပွဲတွေဆိုတာ ဘယ်လိုဟာမျိုးတွေလည်းဟင်၊ ဘာရည်ရွယ်ချက်နဲ့ အဖွဲ့တွေဖွဲ့ပြီး၊ ပွဲတွေလည်း လုပ်နေကြရတာလည်း။ မိုးစက်နားမလည်လို့ နဲနဲလောက်ရှင်းပြပါလား "

မိုးစက်ဝေက အမေးရှိလာလေပြီ။ ရဲရင့်သူအနေနှင့် ဤသို့သော မွေးခွန်းမျိုးအားကြိုဆိုလေ၏။ မိုးစက်ဝေ တစ်ယောက် ဆိုင်ကယ်သမားများနှင့် ဆိုင်ကယ်လောကအပေါ် တောက်တောက်ခါးခါး ဖြစ်နေရာမှာ စိတ်ဝင်တစားရှိလာသည့် လက္ခဏာတစ်ရပ်ပင်မဟုတ်ပါလား။ ထို့ကြောင့် ရဲရင့်သူလည်း သူမကိုစိုက်ကြည့်နေရာမှ ဟက်ခနဲတစ်ချက်ပြုံးလိုက်ပြီး

" ဒါကို ညီမနားလည်အောင်ပြောရရင် အကိုတို့တိုင်းပြည်မှာ ဆိုင်ကယ်ဘီးကြီးစီးတဲ့ ယဉ်ကျေးမှု ထွန်းကားလာတာကနေစပြီး ပြောရတော့မှာပဲ "

ဟု စကားပုလ္လင်ခံကာ မိုးစက်ဝေနားလည်အောင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြလိုက်လေတော့၏။

ဆိုင်ကယ်ဘီးကြီးတွေစီးပြီး ခရီးသွားကြတဲ့ ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာမှာထွန်းကားနေပြီဖြစ်သလို နောက်ပိုင်း တဖြေးဖြေးနဲ့ မြန်မာပြည်ကိုလည်း အဲ့ဒီယဉ်ကျေးမှု ရောက်လာခဲ့တယ်။ ခရီးသွားတာပဲ ကားနဲ့သွားပေါ့၊ ဘာလို့ ဆိုင်ကယ်နဲ့သွားလည်း လို့မေးစရာရှိပေမယ့်. .. မတူဘူး. .. လွတ်လပ်တာ၊ စိတ်သွားတိုင်းကိုယ်ပါတာ၊ ရင်ခုန်လှုပ်ရှားရတာ တွေမှာ ကွာတယ်။

အဲ့လို ဆိုင်ကယ်တွေနဲ့ ခရီးသွားကြတဲ့အခါ ဆိုင်ကယ်တစ်စီးတည်း နှစ်စီးတည်းသွားတာထက် အဖွဲ့လိုက် အုပ်လိုက်သွားတာက . .ပိုပြီး ပျော်စရာကောင်းတယ်၊ ပိုပြီး လုံခြုံမှုရှိတယ်၊ လမ်းမှာ ကြုံတွေလာရမယ့် ပြသနာတွေကို ဝိုင်းဝန်းဖြေရှင်းနိုင်တယ်။ ဒါ့ကြောင့် ဆိုင်ကယ်သမားတွေဟာ ဆိုင်ကယ်အဖွဲ့တွေ ဖွဲ့လာကြပြန်တယ်။

ဆိုင်ကယ်အဖွဲ့တွေဖြစ်လာတော့ ဆိုးတဲ့သွမ်းတဲ့ သူတွေစုပြီးရင် ပိုမို ဆိုးသွမ်းကြ၊ ပျော်တတ်ပါးတတ်တဲ့သူတွေ စုမိကြတော့ ပိုပြီးပျော်လိုက်ကြ၊ လှူတဲ့တမ်းတဲ့လူတွေ စုမိကြပြန်တော့ ပိုပြီးလှူလိုက်တန်းလိုက်ကြ အဲ့ဒီလိုတွေကွဲပြားကုန်ကြပြန်ကော. . ဒါက ကမ္ဘာမှာ။ အကိုတို့ မြန်မာနိုင်ငံမှာကြတော့ နဂိုလ်ကတည်းကလည်း သဒ္ဓါတရားကကောင်းတဲ့လူမျိုးဖြစ်ပြန်၊ ဘာသာတရားတွေရဲ့ ဆုံးမအားတွေကလည်း ကောင်းကြပြန်တာကြောင့် ဟော့ရမ်းဆိုးသွမ်းတဲ့ ဆိုင်ကယ်အဖွဲ့ဆိုတာ မရှိသလောက်နည်းပါးကြပြီး၊ အားလုံးလိုလိုဟာ အလှူအတမ်းနဲ့ အပျော်အပါးဘက်ကိုပဲ စိတ်ပါဝင်စားကြတယ်။

မြန်မာပြည်က ဆိုင်ကယ်အဖွဲ့တွေဟာ လိုအပ်တဲ့ မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေ၊ စာသင်ကျောင်းတွေ၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့ ကျေးရွာတွေ. .စတဲ့နေရာတွေကို တတ်စွမ်းသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းကြရင်း ဆိုင်ကယ်စီးတဲ့ အနှစ်သာရကို ရှာဖွေကြတယ်။ အဲ့လို စုပေါင်းပြီးလှူဒါန်းတော့ လှူရတဲ့လူတွေမှာ တစ်ဦးချင်းတစ်ယောက်ချင်း လှူရတာလောက် ဝန်မပိစေဘူး၊ ဝန်မပိတော့ မကြာခဏ လှူနိုင်တာပေါ့။အလှူခံပုဂ္ဂိုလ်တွေအနေနဲ့ကြပြန်တော့လည်း အဖွဲ့လိုက်လှူတဲ့ အလှူကို ရကြတာမို့ ပိုများများရကြတယ်။

ဆိုင်ကယ်ပွဲ ဆိုတာကတော့ အဖွဲ့မရှိ အဖွဲ့မဝင်တဲ့ဆိုင်ကယ်သမားတွေကော၊ ဆိုင်ကယ်အဖွဲ့တွေပါ တွေ့ဆုံကြတဲ့ မိတ်ဆုံပွဲပဲ။ ဆိုင်ကယ်ပွဲမှာ ဆိုင်ကယ်ချစ်သူတွေဟာ တွေ့ကြ ဆုံကြ မိတ်ဆက်ကြတယ်၊ ခင်မင်ချစ်ကြည်မှုတွေ ပိုမိုတိုးပွားလာကြတာ၊ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စက်ပိုင်းဆိုင်ရာ ဗဟုသုတတွေ. .ဈေးကွက်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို တစ်ယောက်တစ်ပြန်လည်ဝေငှကြတယ်၊ စတိတ်ရှိုးပွဲတွေ သွင်းကြ သောက်ကြစားကြပျော်ပါးကြတယ်၊ သို့သော် အချင်းချင်းရန်မဖြစ်ကြဘူး. .ပြသနာမတက်ကြဘူး။ ပြီးရင် . . ပွဲစီစဉ်သူတွေ ကြိုတင်ရှာဖွေထားတဲ့ လိုအပ်တဲ့တစ်နေရာရာကို သွားရောက်လှူဒါန်းဖို့ အလှူငွေတွေ စုပေါင်းထည့်ဝင်ကြတယ်။

ဒါ အကိုတို့မြန်မာပြည်က ဆိုင်ကယ်သမားနဲ့ ဆိုင်ကယ်အဖွဲ့တွေရဲ့အကြောင်းပဲ ညီမရဲ့. . ."

.

.

" ဟင်. .ဒါဆို ဘိုက်ကာဆိုတာ လူသွမ်း လူရမ်းကြီးတွေထင်ရပေမယ့် တကယ်တော့ ဆိုင်ကယ်စီးရင်း ပရဟိတ လုပ်နေကြတဲ့ လူပျော်ကြီးတွေပေါ့နော်. .. "

ရဲရင့်သူရှင်းပြသည်ကို မိုးစက်ဝေ နားလည်ဟန်တူသည်။ အံ့လည်း အံ့သြနေပုံရ၏။ ရဲရင့်သူလည်း အခြေအနေကောင်းလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမအမေးကို ဝမ်းမြောက်ဝမ်းသာ ဆက်လက်ဖြေကြားလိုက်လေသည်။

" ဒါပေါ့ မိုးစက်ရဲ့။ အများစုဟာ တကယ့်စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ လူပျော်ကြီးတွေပါ။ ဒီအထဲ စုန်းပြူးလေးနဲနဲပါးပါးတော့ ပါတာပေါ့ကွယ်။ ဒါကလည်း အချင်းချင်းထိန်းသွားကြတာမို့ အရမ်းကြီး ဆိုးဆိုးဝါးဝါးဆိုတာ ဖြစ်ခဲပါတယ်။ "

မိုးစက်ဝေမှာ ရဲရင့်သူ၏ အဖြေစကားကို နားထောင်ရင်း တစ်စုံတရာကိုစဉ်းစားဟန်ဖြင့် တွေဝေနေလေ၏။ ခေတ္တကြာသောအခါမှ

" အကို.. မိုးစက်တို့ ရွာကအထွက် တွေ့ခဲ့ရတဲ့ ဆိုင်ကယ်အဖွဲ့က ရွာကိုသွားကြတာလားမသိဘူးနော် "

ဟု ဆိုင်းမဆင့်ဗုံမဆင့်ထမေးလေသည်။ အမှန်ပြောရလျှင် ထိုအဖွဲ့ ဘယ်ကိုသွားမည်ကို ရဲရင့်သူလည်းသေခြာမသိ။ ထို့ကြောင့် သူမအား ပြုံးပြလိုက်ပြီး

" ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ညီမရဲ့၊ ဘာဖြစ်လို့လည်း "

ဟု မတင်မကြပင် ပြန်ပြောလိုက်ရလေ၏။

" အင်း ဘာရယ်မဟုတ်ပါဘူးအကိုရယ်၊ သူတို့အဖွဲ့ မိုးစက်တို့ရွာကိုလာပြီး စက်ရေတွင်းတူးပေးတာ ဆိုရင် သိပ်ကောင်းမှာပဲ လို့ တွေးမိလို့ပါ "

သူမ၏ အဖြေစကား၌ အားငယ်ခြင်းနှင့် မျှော်လင့်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေကြောင်း ရဲရင့်သူ ရိပ်စားမိလေသည်။ ထို့ကြောင့် ဆိတ်ဆိတ်နေ၍သာ သူမစကားအဆက်ကို စောင့်နေလိုက်လေ၏။

" ရွာမှာက ရေအရမ်းရှားတယ်လေ။ သောက်ရေသုံးရေအတွက် ရွာပြင်က ကန်ကြီးဆီ နေပူကျဲတဲထဲ အတော်ဝေးဝေးသွားခပ်ကြရတာ။ ပိုက်ဆံရှိတဲ့ နှစ်အိမ်လောက်မှာ ရေတွင်းတွေရှိကြပေမယ့် သူတို့ဖာသာသူတို့ သုံးလောက်အောင်တောင် ရေကမထွက်ချင်ဘူး။ ရွာကိုဝေမျှပေးဖို့ကတော့ မစဉ်းစားနဲ့တော့ပေါ့။

နတ်ကြီးဦးတင်ရှိန်နဲ့ နတ်ပေစိတို့ကလည်း..ဒါ လူတွေရဲ့ ကံအကြောင်းတရားနဲ့ဆိုင်တယ်၊ သူတို့ရဲ့အကြောင်းတရားကို တို့ကဖန်တီးမပေးနိုင်ဘူး သူတို့ကိုယ်တိုင်ဖန်တီးမှ ရမှာ ဆိုပြီး ရေရှားပါးတဲ့ပြသနာမှာ ဝင်မပါကြဘူး။ တစ်ခါတော့ ရွာကလူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်တာနဲ့ နတ်ပေစိကို မိုးစက်အတင်းပူဆာကြည့်တာ. .. ရွာရဲ့ အောက်မှာ ကျောက်ဖျာရှိတယ်၊ အဲ့ကျောက်ဖျာအောက်မှာ ရေတွေမှ အများကြီးပဲ၊ ဒါပေမယ့် ကျောက်ဖျာကို ပေါက်အောင်တူးနိုင်ဖို့က ခေတ်မှီနည်းပညာတွေ ပညာရှင်တွေ လိုတယ်၊ ငွေလည်းအတော်ကုန်မယ်. . လို့ ပြန်ရှင်းပြတယ်လေ။

နတ်ပေစိပြောပြတဲ့ အချက်အလက်တွေအရဆိုရင် ရွာသူရွာသားတွေအနေနဲ့က လုံးဝ မဖြစ်နိုင်တော့မှန်းသိလို့ မိုးစက်လည်း အသာငြိမ်နေလိုက်ရတော့တယ်။ ခု ဆိုင်ကယ်ဖွဲ့က ပညာရှင်တွေခေါ်လာပြီး ကျောက်ဖျာပေါက်သည်အထိ စက်ရေတွင်းတူးပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲရှင်။ အဲ့လို ဖြစ်ပါစေတော်. ."

ရဲရင့်သူလည်း ရုပ်ကလေးချောသလောက် စိတ်ထားမွန်မြတ်လှသည့် သူမအား ချစ်စိတ် သနားစိတ်တို့ဖြင့် အချိန်အတော်ကြာအောင် ရီဝေဝေတွေကြည့်နေမိပြန်သည်။ ထို့နောက်တွင်မှ သူမအား ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်ပြီး

" အဲ့လိုပဲ ဖြစ်မှာပါ မိုးစက်ရယ်. .. ခုနေအခါ မဖြစ်နိုင်သေးရင်တောင် ကိုယ်လူ့ဘဝကိုပြန်ရောက်တာနဲ့ ဘော်ဒါဆိုင်ကယ်သမားတွေကိုစု စက်တွေ အင်ဂျင်နီယာတွေငှါးပြီး ချော့တော်မျက်ပြေ ကို နောက်တစ်ခေါက် အရောက်ပြန်ခဲ့ပါ့မယ်ကွယ်. .. "

ဟု ခပ်တိုးတိုးလေး နှစ်သိမ့်ရေရွတ် လိုက်မိလေတော့၏။

ချော့တော်မျက်ပြေသို့အရောက်. . ရဲရင့်သူတို့ကား ရွာထဲသို့မဝင်ရသေးခင်မှာတင် နတ်ပေစိက ကားရှိရာသို့ ခုန်ကာပေါက်ကာဖြင့် ပြေးလာလေ၏။ တစ်ကိုယ်လုံးတွင်လည်း ရေများတုတ်တုတ်ရွှဲနေလေသည်။ ထို့အပြင် ရွာထဲ၌ အိုးစည်ဒိုးပါတ်သံများ လွင့်ပျံနေသည်ကိုလည်း ကြားရလေ၏။ ရဲရင့်သူတို့လည်း နတ်ပေစိကို အကျိုးအကြောင်းမေးမြန်းဖို့ ကားပေါ်မှဆင်းခဲ့ကြလေရာ .. . .

" ရွာထဲမှာ ရေရပြီမိုးစက်ဝေရေ. .စက်ရေတွင်းဗျ စက်ရေတွင်း. . . ရွာလူကြီး ဦးဘစီတို့အိမ်ရှေ့မှာတူးတာ. . ရေအောင်လိုက်တာမှ မိုးပေါ်ကို တောင်ထောင်ပန်းတယ်. .. ဘယ်လောက်ဝမ်းသားစရာကောင်းလည်း. ."

ဟု ရဲရင့်သူတို့မမေးရခင် ၎င်းက ဦးအောင် ဆီးပြောလေသည်။

" ဘယ် ဘယ်လို. .စက်ရေတွင်းရပြီ ဟုတ်လား. .သေခြာပြောပြစမ်းပါဦး ကိုပေစိရယ် "

ရဲရင့်သူလည်း နတ်ပေစိတို့နှင့် ထပ်တူအမျှ ဝမ်းသာလှ၍ အကြိုးအကြောင်းသေခြာသိရအောင် ထပ်မံမေးမြန်းလိုက်လေရာ နတ်ပေစိက

" ဒီလို ဆြာလေးရဲ့. ."

ဟု စကားစလျှက် ရဲရင့်သူတို့ ခရီးသွားနေကြစဉ် ရွာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အာပေါင်အာရင်းသန်သန်ဖြင့် အောက်ပါအတိုင်း ပြောပြလေတော့၏။

" ကျုပ်တို့ မန်းလေးကိုအသွား မနက်ဗွေလီဗွေလင်းရွာကစထွက်တော့ တွေ့ခဲ့တဲ့ ဆိုင်ကယ်အဖွဲ့လေ။ ရေတွင်းက သူတို့တူးလှူကြတာပေါ့။ သူတို့ကရေတွင်းတူးလှူဖို့ကို နဂိုလ်ကတည်းက သူကြီးဘစီနဲ့ တိုင်ပင်ပြီး ကြံစည်နေကြတာ။ စက်တွေ ဘာတွေလည်း အစောကတည်းကပို့ထားပြီးသား၊ ကျုပ်ကသာ ခုတလော ရွာဘက်ကို သိပ်စိတ်မရောက်လို့ မရိပ်မိတာ။

သူတို့အဖွဲ့ကိုခေါင်းဆောင်တာက ကိုဇာနည်နဲ့ ကိုရာဇာတဲ့၊ နောက်ပြီး ဒီစက်ရေတွင်းဖြစ်မြောက်ဖို့ကို မတည်ပေးတဲ့ အလှူရှင်လည်းရှိသေးတယ်။ သူကတော့ ဟော့ဒီက မိုးစက်ဝေနဲ့ မတော်တဆမှုဖြစ်သွားခဲ့တဲ့ ကိုသက်ဦးမောင်ဆိုတဲ့သူပဲ။ ကိုသက်ဦးမောင်က ခြေထောက်တစ်ဖက်လုံးလုံးဖြတ်လိုက်ရတာကတစ်ကြောင်း သူ့ကြောင့်မိုးစက်ဝေ အသက်ဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်သွားတာကတစ်ကြောင်းကြောင့် သူ့တစ်သက် ဘယ်တော့မှ ဘီးကြီးမစီးတော့ဘူး။ ဒါ့ကြောင့် သူ့ရဲ့သူငယ်ချင်းအရင်းတွေဖြစ်တဲ့ ကိုဇာနည်နဲ့ ကိုရာဇာတို့ ကိုအကူအညီတောင်းပြီး ဒီရွာမှာ ခုလို စက်ရေတွင်းလာလှူပေးတာတဲ့လေ။

သူကိုယ်တိုင်မလိုက်နိုင်တာမို့ စက်ရေတွင်း ရေစက်ချလှူပြီး သူ့အစား မိုးစက်ဝေကို အမျှဝေပေးဖို့ သူ့ဘော်ဒါတွေကို သေခြာမှာလိုက်သတဲ့။ သူကတော့ ခုထက်ထိ မိုးစက်ဝေရဲ့ဝိဉာဉ်ကိုကော မိုးစက်ဝေမိဘတွေကိုပါ မျက်နှာမပြရဲတာကြောင့် အိမ်မှာပဲ ဝမ်းနည်းပက်လက် ကျန်ခဲ့လေရဲ့။

ကျုပ်လည်း မန်းလေးက ပြန်ရောက်ရောက်ချင်း ကျုပ်ကိုတိုင်တည်ပြီး ပွဲထိုးထားတာတွေ့လို့ ဝင်ကြည့်လိုက်တော့ ရေတွင်းတူးနေကြတာ တစ်ဝက်လောက်တောင် ရောက်နေပြီ။ စက်တွေကလည်းကောင်း ၊ သူတို့အဖွဲ့မှာက အင်ဂျီနီယာတွေ၊ ရေအရင်းအမြစ်ပညာရှင်တွေကလည်း ပါဆိုတော့ တူးရတာ အဆင်ပြေချက်ဗျာ။ နှစ်ရက်သုံးရက်ပဲတူးလိုက်ပုံ ရတယ်။ ဆြာလေးတို့ရောက်မလာခင် နာရီဝက်လောက်ကတင် ရေတန်းထွက်တော့တာပဲ။

ရေထွက်လာပြန်တော့လည်း မျက်နှာလွှဲခဲ့ပြစ် မထားခဲ့ပြန်ဘူး။ ရေခုတ်ဖို့ စက်တွေဘာတွေအစ သူတို့တာဝန်ယူပြီး တပ်ကြဆင်ကြပြန်တယ်။ ရွာက မောင်းဆီပဲဆိုက်ပေါ့။ ဒါတောင်သူတို့က ရွာကို မောင်းဆီ တစ်ပေပါလှူလိုက်သေး။ တကယ့်ကို စေတနာသဒ္ဓါတရားထက်သန်တဲ့ လူတွေပါ ဆြာလေးရယ်။

ခုလို ရေရသွားတာကိုတော့ ကျုပ် အရမ်းလည်း ဝမ်းသာသလို သူတို့အဖွဲ့ကိုလည်း အရမ်းကိုကျေးဇူးတင်မိတယ်။ မြေအောက်မှာ ရေကြောရှိပါလျှက်နဲ့ ဒီရွာရေရှားနေတာကို ဒီအတိုင်းထိုင်ကြည့်နေရတာ ကြာလှပြီ။ လူတွေရဲ့ကံကြမ္မာကို နတ်တွေဝင်မစွက်ဖက်ရဆိုတဲ့ နတ်စည်းကမ်းအရ ကျုပ် ဘာမှ လုပ်မပေးသာဘူး။ ခုတော့ လူတွေရဲ့ကံကြမ္မာကို လူထဲက လူတွေဖြစ်တဲ့ ဆိုင်ကယ်သမားတွေကပဲ ဖန်တီးပေးလိုက်ကြတာ အားလုံးစိုပြေအေးချမ်းသွားကြပြီ. . "

နတ်ပေစိ၏ စကားကြောင့် ရဲရင့်သူလည်း လွန်စွာ ဝမ်းမြောက်ပျော်ရွှင်သွားလေသည်။ မိုးစက်ဝေမှာလည်း ရဲရင့်သူထက်ပင် ပိုပျော်နေပုံရလေ၏။

" ဒီလို ကိုပေစိရဲ့၊ ကျတော်တို့ အောင်လံကိုသွားခဲ့ကြတာလည်း မိုးစက်ဝေနဲ့ ကိုသက်ဦးမောင်ရဲ့ကြားထဲက အကျိတ်အခဲကို သွားဖြေရှင်းကြတာ။ ခုတော့ မိုးစက်ဝေကလည်း ကိုသက်ဦးမောင်ရဲ့ စိတ်ရင်းမှန်နဲ့ ဘဝမှန်ကိုသိပြီး အားလုံးကို ခွင့်လွှတ်ကြေအေးပေးလိုက်ပြီ။ အားလုံး ပြေပြေလည်လည် ဖြစ်သွားပြီ။ ဒါကြောင့် ကိုသက်ဦးမောင်ကိုယ်စား သူ့ဘော်ဒါ ဆိုင်ကယ်အဖွဲ့က အမျှဝေပေးမယ်ဆိုရင် မိုးစက်ဝေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပြီပေါ့ဗျာ. . ဟုတ်ဘူးလားမိုးစက်. "

ရဲရင့်သူက နတ်ပေစိကိုရှင်းပြရင်းမှ မိုးစက်ဝေဘက်သို့ လှည့်မေးလိုက်ရာ မိုးစက်ဝေက အသာပြုံး၍ ခေါင်းလေးငြိမ့်ပြလေသည်။ ထို့နောက် ရဲရင့်သူက. .

" ဟိုနေ့က ဗွေလီဗွေလင်း ဘယ်သူတွေမှန်းမသိလိုက်လို့။ တကယ်တော့ ကိုဇာနည်နဲ့ ကိုရာဇာ က ကျတော်နဲ့အရမ်းရင်းနီးတာ။ တကယ့် သဘောကောင်းတဲ့ လူပျော်ကြီးတွေ။

ကဲ. .ပြေနေကြာတယ်. .လာဗျာ။ သူတို့အလှူတော်အတွက် ဒီလူတွေ ဘယ်လောက်ပျော်နေကြလည်း ကျတော်တို့သွားကြည့်ကြရအောင်။ ကျတော်တို့လည်း ရောပျော်ကြရတာပေါ့. ."

ဟု ဆိုင်ကယ်အဖွဲ့ရှိရာ စက်ရေတွင်းသို့သွားရန် လောဆော်လိုက်လေ၏။ ထိုအခါ နတ်ပေစိက လက်နှစ်ဖက်ကိုမြှောက်၍ ၎င်း၏ ခန္ဓာကိုယ် ကပိန်ညှိုးကပိန်ညှောင်ပေါ်ရှိ နတ်ဝတ်နတ်စားများ ရေစိုရွှဲကပ်နေသည်ကိုပြရင်း

" မှန်တာပေါ့ ဆြာလေးရယ်. .ပျော်ကြတာပေါ့။ ကျတော်ဆို သူတို့နဲ့ရောပျော်ပြီး ရေပက်တဲ့အထဲဝင်ကမိလို့ ခုလို စိုရွှဲလာတာသာကြည့်ပေတော့ "

ဟု ရဲရင့်သူကို ထောက်ခံစကားဆိုလေသည်။ ရဲရင့်သူနှင့် မိုးစက်ဝေလည်း နတ်ပေစိ၏ ဖြစ်ပုံကို သဘောကြ၍ တဟားဟားရယ်မောကြလျှက် သုံးယောက်သား ရွာထဲဘက်သို့ ခပ်မြန်မြန် လျှောက်ခဲ့လိုက်ကြလေတော့၏။

မှန်ပေသည်။ ဦးဘစီ၏အိမ်ရှေ့၌ အားလုံးပျော်နေကြလေပြီ။ ပိုက်များ၊ စက်များတပ်ဆင်ပြီးဖြစ်၍ နတ်ပေစိပြောသလို ရေများထောင်ပန်းမနေတော့သော်လည်း ကိုဇာနည်နှင့် ကိုရာဇာတို့က ပိုက်တစ်ယောက်တစ်ချောင်းကိုင်ကာ ပျော်ရွှင်စွာကခုန်နေကြသော လူအုပ်အားရေဖြန်းနေကြလေ၏။ ထိုလူအုပ်ထဲတွင် ဆိုင်ကယ်သမားများလည်း ပါသလို၊ ရွာသူရွာသားများလည်းပါလေသည်။

၎င်းတို့နှင့် မနီးမဝေးတွင်တော့ ဆိုင်ကယ်ဘီးကြီးမျိုးစုံ တန်းစီရပ်ထားကြပြီး ထိုဆိုင်ကယ်များ၏နောက် မကျည်းပင်ရိပ်တွင်နေရာယူကာ ဒိုးပါတ်ဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်နေလေ၏။ သူကြီးဘစီ၏ အိမ်ရှေ့ ကဲလားအတွင်းတွင်တော့ သူကြီးကတော်နှင့်အဖွဲ့မှ ကောက်ညှင်းပေါင်းများဝေနေကြလေသည်။

မိုးစက်ဝေတစ်ယောက် ထိုပျော်စရာမြင်ကွင်းအား ရဲရင့်သူနှင့်အတူရပ်ကြည့်နေရာမှ က နေသော လူအုပ်ထဲသို့ လက်ညှိုးညွှန်ပြီး

" ဟိုမှာမောင်လေး ပါလား "

ကောက်ညှင်းပေါင်းဝေနေသော မိန်းမကြီးများထဲသို့ကြည့်၍

" ဟယ်. .ဟိုမှာ အမေရယ်တော့်.."

စသဖြင့် ရေရွတ်ပြောဆိုကာ မပျော်နိုင်ဘဲ ဝမ်းပမ်းတနည်း ဖြစ်နေရှာလေတော့၏။ ထို့ကြောင့် ရဲရင့်သူလည်း သူမ၏လက်ကိုကိုင်ကာ

" ဝမ်းနည်းစရာတွေ တွေးမနေပါနဲ့တော့ မိုးစက်ရယ်။ မိုးစက်မိဘတွေနဲ့ မိုးစက်က ဘဝခြားသွားပြီလေ။ ဒါအမှန်တရားပဲ။ ဒါကိုလက်ခံနိုင်ရမယ်။ ဖြစ်သမျှ အကြောင်းကို မကောင်း ကောင်းတဲ့ဘက်ကနေ တွေးကြည့်ကြရအောင်လား မိုးစက်ရယ်. .ဟုတ်ဘူးလား . .။ ခုဆို ရေရလို့သူတို့ ပျော်နေကြပြီ။ သူတို့ပျော်ကြတော့၊ အကိုတို့လည်း ပျော်ရတာပေါ့။ ကဲ . လာပါ ၊ စိတ်ညစ်တာတွေ ခဏားထားပြီး ရင်ထဲပေါ့သွားဖို့ ကလိုက်ကြရအောင်။ "

ဟု စိတ်ဖြေစကားဆိုလျှက် လူအုပ်နှင့်အတူ ဝင်ရောက်ကခုန်ဖို့ရန် သူမကို ဆွဲခေါ်ခဲ့လိုက်လေတော့သည်။

ရဲရင့်သူ၊ မိုးစက်ဝေ၊ နတ်ပေစိတို့ သုံးယောက်သား လူအများနှင့်အတူ ပျော်ပျော်ပါးပါး ရောနှောကခုန်လိုက်ကြပြီး ဆယ်မိနစ်ခန့်အကြာတွင် . .အားလုံး ကရခုန်ရသည်ကို ပင်ပမ်းသွားကြဟန်ဖြင့် ရေစက်ပိတ်ကာ ဒိုးပတ်ဝိုင်း သိမ်းလိုက်ကြလေသည်။ ကောက်ညှင်းပေါင်းလည်း ကုန်ပြီဖြစ်၍ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ရန် ပြင်ဆင်ကြစဉ်... ရုတ်တရက် မိုးမှောင်ကြသွားပြီး လေပြင်းများပါ တဝေါဝေါ တိုက်ခတ်လာလေတော့၏။

" ဟာ. .ဘယ်နှယ့်ဟာလည်း. .

မိုးမှောင်ကြီးချက်ခြင်းကျလာပါလား

မုန်တိုင်းတိုက်တော့မယ်ထင်တယ်

အိမ်အမြန်ပြန်ကြဟေ့

အိမ်တွေထဲဝင်ကြ

ဆိုင်ကယ်ဆြာလေးတွေ လာလေ ဒီထဲကိုဝင် "

အထက်ပါအတိုင်း တစ်ယောက်တပေါက် အော်ဟစ်ပြောဆိုကြရင်း ပစ္စည်းပစ္စယများကို ကပြာကယီသိမ်းဆည်းကြပြီး ၎င်းတို့နှင့်ဆိုင်ရာ အိမ်အသီးသီးသို့ လူအများ ဝင်ရောက်သွားကြလေရာ အချိန်တိုအတွင်းမှာပင် ထိုနေရာ၌ ရှင်းလင်းတိတ်ဆိတ်သွားလျှက် ရဲရင့်သူတို့ သုံးယောက်သာ ကျန်ရစ်ခဲ့တော့၏။

" အခြေအနေမကောင်းဘူး. ."

အသံကြားရာသို့ လှည့်ကြည့်လိုက်ကြလေရာ နတ်ကြီးဦးတင်ရှိန်ကို တွေ့လိုက်ကြရလေသည်။

" ဟုတ်တယ် အခြေအနေမကောင်းဘူး "

နတ်ပေစိကပါ နတ်ကြီးဦးတင်ရှိန်၏စကားအား ဤသို့သံယောင်လိုက်၍ ပြောနေပြန်၏။

ရဲရင့်သူလည်း ၎င်းတို့အပြန်အလှန်ပြောဆိုနေကြသည်ကို သိချင်လှသောကြောင့်

" ဘာ ဘာ အခြေအနေမကောင်းတာလည်းဗျာ. .ကျတော့်ကိုလည်း ပြောကြပါဦး. ."

ဟု ကပြာကယီ မေးမြန်းလိုက်လေရာ. . နတ်ပေစိက သက်ပြင်းတစ်ချက် ဟူးခနဲမှုတ်ထုတ်လိုက်ပြီး ရဲရင့်သူ၏အမေးကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားလိုက်လေတော့၏။

" နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော် နဲ့ မင်းနှစ်ပါးတို့ လာနေကြပြီ။ ဒီတစ်ခါတော့ သူတို့မှာရှိသမျှအစွမ်း အကုန်ထုတ်တိုက်ကြမယ့်ပုံပဲ. . ပြသနာအကြီးကြီးတော့ တက်တော့မယ်ဆြာလေးရေ. . "

.....................................................................................

ချက်ခြင်းဆိုသလိုပင် လေပြင်းမုန်တိုင်းများကြားမှ အနက်ရောင်နှင့် အစိမ်းရောင်များ ဖုန်းလွှမ်းသွားပြီး နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါး တို့ စီးတော်ယာဉ်များနှင့်အတူ ရဲရင့်သူတို့ရှေ့သို့ ရောက်လာကြလေသည်။ ထို့အပြင် ၎င်းတို့ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ယခင် လာနေကြပုံစံမျာဖြင့် မတူညီကြပေ။ စစ်ဝတ်တန်ဆာကဲ့သို့သော ကိုယ်ကြပ်တန်ဆာများကိုဝင်ဆင်လာကြပြီး မင်းနှစ်ပါးမှာ ဘီးလူးခေါင်းကဲ့သို့သော ခေါင်းဆောင်းများကိုပင် ဆောင်းထားကြသေး၏။ မျက်နှာများမှာလည်း အတော်ပင် တင်း ထန်နေကြလေသည်။

အထူးသဖြင့် ပုပ္ပါးမယ်တော်ပင်၊ သူမစီးလာသော ကိုးတောင်ကျားကြီးပေါ်မှ နေ၍ ရဲရင့်သူကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေလေ၏။ နတ်ကြီးသိုက်ထွန်းမှာတော့ ၎င်း၏ရထားနက်ကိုစီးနင်းရင်း ရဲ့ရင့်သူနှင့် မိုးစက်ဝေတို့ကို ကြည့်ကာ ကောက်ကျစ်စွာပြုံးလေသည်။ မင်းနှစ်ပါးကတော့ ထုံးစံအတိုင်း မြင်းကိုယ်စီဖြင့်။

အထက်ဖော်ပြပါအတိုင်း အမြင်ထူးခြားလျှက်ရှိသော နတ်ကြီးသိုက်ထွန်းတို့အဖွဲ့အား ရဲရင့်သူ ခေတ္တငေးမော နေမိစဉ်မှာပင် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့သည်လည်း လှံရှည်ကြီးများကို ဆွဲကိုင်ကြလျှက် ချပ်ဝတ်တန်ဆာကိုယ်စီ၊ တိုက်မြင်းကိုယ်စီဖြင့် အသင့်အနေအထား စောင့်ကြိုနေကြလေပြီ။

နှစ်ဖက် အခြေအနေတင်းမာကြတော့မည့်ပုံရှိ၍ ရဲရင့်သူလည်း တတ်နိုင်သမျှ ပွဲထိန်းမည်ဟု ရည်ရွယ်လျှက် ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ပုပ္ပါးမယ်တော်အား စကားဆိုလိုက်လေသည်။

" . . အန်တီကြီးသားတွေကို သေခြာမေးမြန်းစုံစမ်းပြီးပြီလား. . ဖြစ်တဲ့ပြသနာတွေမှာ ကျတော်တို့ဘက်က စလွန်တာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျတော်တို့ ပြသနာမဖြစ်ချင်ဘူး "

ထိုအခါ ပုပ္ပါးမယ်တော်က ရဲရင့်သူကို ရွံမုန်းဟန်ဖြင့်ကြည့်ကာ ဟက်ခနဲ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး

" မင်း ဘာမှ ငါ့ကိုအပိုတွေလာပြောမနေနဲ့။ ငါ့သားတော်တွေကို ငါသေခြာမေးပြီးပြီ။ သားတော်လေးတွေက ငါ့ကိုဆို ဘယ်တော့မှ လိမ်တာညာတာမရှိဘူး၊ ဖြစ်တဲ့ပြသနာတွေအားလုံးက မင်းတို့ဘက်က ကောင်မတွေ အနေအထိုင်မတတ်လို့ စဖြစ်ခဲ့ရတာတွေချည်းပဲ။ နတ်ကြီးသိုက်ထွန်းတစ်ယောက်လုံး သက်သေရှိတယ်။

မင်းက ကုသိုလ်ကံလေးကောင်းတယ်ဆိုပြီး မာန်တက်နေတာလား။ ပြသနာဖြစ်တိုင်းလည်း ငါ့သားတော်တွေကို မရှုမလှဖြစ်အောင် မင်းအနိုင်ကျင့်ခဲ့တာချည်းပဲ။ ဘယ့်နှယ့်တော် မနေ့တနေ့ကမှ ဒီကိုရောက်လာပြီး ဝါးနုက ဝါးရင်ကြိုပါတ်ချင်သး။ ဒီနေ့တော့ မင်းကိုငါကောင်းကောင်းဆုံးမရမယ်။ သေဖို့သာပြင်ပေတော့. . "

ဟု ပြောဆိုကြုံးဝါးလျှက် သူမလက်ထဲရှိဒေါင်းမြီးယပ်ဖြင့် ရဲရင့်သူအား လှမ်းရိုက်လေတော့၏။

သို့သော် မယ်တော်၏ ဒေါင်းမြီးယပ် ရဲရင့်သူထံသို့ရောက်မလာခဲ့။ နတ်ကြီးတင်ရှိန်က ၎င်း၏လှံသွားဖြင့် ဒေါင်းမြီးယပ်အား ဝင်ခံလိုက်၍

" ကျုပ်တို့ရှိနေသ၍ ကျုပ်တို့ဧည့်သည်ကို မှည့်တစ်ပေါက်အစွန်းမခံနိုင်ဘူး "

ဟု ဆိုကာ ပုပ္ပါးမယ်တော်ကို ဝင်ရောက်တိုက်ခိုက်လေတော့သည်။

ထိုအခါ မင်းနှစ်ပါးကပါ မယ်တော်ဘက်က ဝင်ရောက်တိုက်ခိုက်သလို၊ နတ်ပေစိကလည်း နတ်ကြီးတင်ရှိန်ဘက်မှ ပါဝင်တိုက်ခိုက်လေ၏။

နတ်ကြီး သိုက်ထွန်းကတော့ ရန်ပွဲကို ဝင်မပါဘဲ

" ဒီနယ်မှာ စွာကျယ်လုပ်နေတဲ့ အဘိုးကြီးနဲ့ ပိန်ညောင်ရိုး. . မယ်တော့်အစွမ်းကို ဘယ်လို မရှုမလှခံစားရမယ်ဆိုတာ အေးဆေးစောင့်ကြည့်ရတာပေါ့ "

ဟု ဆိုလျှက် လက်ကိုပိုက်ကာ ၎င်း၏ ယာဉ်ပေါ်မှ မိန့်မိန့်ကြီး ကြည့်နေလေသည်။

ရဲရင့်သူလည်း မိုးစက်ဝေ၏လက်ကို ဆွဲကာ ပထမဆုံးအနေဖြင့် မြင်ဖူးရသည်ဖြစ်သော နတ်တို့၏တိုက်ပွဲကို အထူးတဆန်း ကြောင်ကြည့်နေမိလေ၏။

ပုပ္ပါးမယ်တော်၏ အစွမ်းက မသေးလှ၊ သူမကိုင်ဆွဲသော ဒေါင်းမြီးယက်နှစ်လက်မှ ထုတ်လွှတ်နေသော အစိမ်းရောင် စွမ်းအင်တုံးများကို နတ်ကြီးတင်ရှိန်တို့ မနည်းခုခံနေကြရလေသည်။ ထို့အပြင် မင်းနှစ်ပါးကလည်း လစ်ရင်လစ်သလို ဝင်ရောက်တိုက်ခိုက်သေး၏။ ကြာသော် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့ အရေးနိမ့်ကြမည့်ပုံ ပေါ်လာလေ၏။

ရဲရင့်သူလည်း မနေသာတော့။ မိုးစက်ဝေကို နတ်ကြီးသိုက်ထွန်းနှင့်ကော တိုက်ပွဲနှင့်ပါဝေးရာ ထနောင်းပင်တစ်ပင်အောက်သို့ဆွဲခေါ် ထားရစ်ခဲ့ပြီး တိုက်ပွဲသို့ဝင်ပါရန် ဟန်ပြင်လိုက်လေ၏။ ထိုစဉ်. ..

" အကို. .. ဘွဲ့ဖြူလက်နက်. .. "

" ဘောင်းး. .. ."

" အားး အကိုရေ. .. . . "

အဖြစ်အပျက်က မြန်ဆန်လွန်းလှပေ၏။ နတ်ကြီးတင်ရှိန်တို့ကို ရဲရင့်သူကူဖို့လှည့်အထွက်၊ ဝေါယာဉ်ပေါ်ရှိ နတ်ကြီးသိုက်ထွန်းက မိန်းမဉာဏ်သုံးကာ ရဲရင့်သူ၏ နောက်ကျောသို့ ဘွဲ့ဖြူလက်နက်ဖြင့် လှမ်းပစ်လိုက်လေသည်။ သို့သော် နတ်ကြီးသိုက်ထွန်းအား မျက်ခြေမပြတ်စောင့်ကြည့်နေသည့် မိုးစက်ဝေက ကြားမှဝင်ခံသဖြင့် ရဲရင့်သူကို မထိဘဲ မိုးစက်ဝေကိုထိလေတော့၏။

" မိုးစက် မိုးစက်. . "

ရဲရင့်သူလည်း ခွေခနဲလဲကျသွားသည့် မိုးစက်ဝေကို စိုးရိမ်တကြီး ဆွဲပွေ့လိုက်လေသည်။ မိုးစက်ဝေ၏ ဘယ်ဘက်ရင်အုံတစ်ခုလုံးတွင်တော့ အဖြူရောင်မီးခိုးတလူလူဖြင့် စုတ်ပြတ်ဖွာလန်ကျဲလျှက် ရှိလေတော့၏။

ဘွဲ့ဖြူလက်နက်ပေါက်ကွဲသံကြောင့် နတ်ကြီးတင်ရှိန်တို့လည်း တိုက်ပွဲကို ရပ်ကာ ရဲရင့်သူတို့ဘက်သို့ လှည့်ကြည့်ကြလေသည်။ ထို့နောက် နတ်ကြီးတင်ရှိန်နှင့် နတ်ပေစိတို့က မြင်းပေါ်မှ ကိုယ်စီဆင်းကြကာ ရဲရင့်သူတို့ထံသို့ ပြေးလာကြလေ၏။

" ဟာ. .ဘွဲဖြူလက်နက်. ..ခက်ပြီ "

" ရင်ဘတ်ကို မှန်တာပါကောလား. .. သမီးရယ်. .. "

နတ်ပေစိ၏ အထိတ်တလန့်ရည်ရွတ်သံ၊ နတ်ကြီးတင်ရှိန်၏ မချိတင်ကဲ ငြီးတွားသံ။

" ကို. .. မိုး မိုးစက် မနေရတော့ ဘူး. . နောင် နောင်ဘဝ ရှိရင် ကို့ ကို့ဆီ မိုးစက် မရောက် ရောက်အောင် ပြန် ပြန်. .. "

မိုးစက်ဝေ လေသံသဲ့သဲ့ဖြင့် အားယူပြောရင်း ရဲရင့်သူလက်ပေါ်၌ ငြိမ်ကြသွားလေသည်။

" တောက်. .. ခဗျား ဗျာ. .. "

မိုးစက်ဝေ၏ ငြိမ်သက်သွားသော ခန္ဓာကိုယ်လေးအား နတ်ပေစိလက်သို့ လွှဲပြောင်းပေးကာ ရဲရင့်သူ နေရာမှထခဲ့လေ၏။

" ခဗျားဗျာ. . ခဗျားဗျာ... .. .ခဗျားဗျာ. .

. . .ခဗျားဗျာ. ."

ကြေကြေကွဲကွဲ ထပ်ခါထပ်ခါ ရွတ်ဆိုလျှက် ယာဉ်ပေါ်ရှိ နတ်ကြီးသိုက်ထွန်း၏ မျက်နှာအား စူးရှလှသော မျက်လုံးအစုံဖြင့် မီးတောက်လုမတတ် စိုက်ကြည့်ရင်း ၎င်းထံသို့ ရဲရင့်သူ တစ်လှမ်းချင်းလှမ်းသွားနေလေသည်။ နတ်ကြီးသိုက်ထွန်းကတော့ အကြေနပ်ကြီး ကြေနပ်နေဟန်ဖြင့် မိန့်မိန်ကြီးပြုံးလျှက်

" ဟား ဟား ဟား. . သိပ်ချစ်ကြတယ်ပေါ့လေ။ မင်းကောင်မနောက် မင်းပါလိုက်သွား၊ မင်းဘာသာမင်း ဘာကောင်ဖြစ်နေနေ သိကြားမင်းချီးမြှင့်ထားတဲ့ ဘွဲ့ဖြူလက်နက်ကို အံမတုနိုင်ပါဘူး. . သေပေရော့. . "

ဟု ကြိမ်းဝါးကာ ရဲရင့်သူကိုပါ ဘွဲ့ဖြူလက်နက်ဖြင့် ထပ်မံပစ်ခံရန် ဟန်ပြင်လိုက်လေသည်။ ( ဘွဲ့ဖြူလက်နက်ဆိုသည်မှာ အဝတ်ဖြူ အထူစကြီးကို ခေါက်ထားသကဲ့သို့ဖြစ်ပြီး ပစ်ခတ်လိုသူထံသို့ ကြာပွတ်ရှည်တစ်ချောင်းနှယ် ပစ်လွှတ်၍ ပြန်လည် ဆွဲယူရခြင်းဖြစ်သည်ဟု မှတ်သားရပါသည်။ လက်ကိုင်ပုဝါကိုခေါက်၍ ဖြန်းခနဲ ဆွဲရိုက်သည်နှင့် သဏ္ဍန်တူမည်ဟု ယူဆရ၏။ အင်မတန်အားပြင်းကာ လွန်စွာ စူးနက်နစ်ဝင်သော သဘောရှိမည်ဟု ယေဘုရသတ်မှတ်၍ ရနိုင်ပေသည်)

ရဲရင့်သူမှာမူ နတ်ကြီးသိုက်ထွန်း၏ကြုံးဝါးသံကို မကြားနိုင်တော့. . တစ်ကိုယ်လုံး ထူပူ၍နေလေပြီ။ ဒေါသမီးများ တဟုန်းဟုန်းတောက်သဖြင့် ပေါက်ထွက်လုမတတ်လည်း ပူလောင်လာလေ၏။ နောက်ဆုံးတွင် . .

" အေးး မင်းကိုအမှုန့်ခြေပြီး အရည်ဖျော်သောက်ပြမယ်၊ ပြီးရင် မင်းကို ဒီလက်နက်ပေးတဲ့ သိကြားမင်းရဲ့ ဝေဇယန္တာနန်းတော်ကိုပါ ခြေမနဲ့ ဆွဲနှုတ်မယ်ဟေ့ "

လွန်စွာကျယ်လောင်လှသော ကြိမ်းမောင်သံ အက်အက်ကွဲကွဲကြီးနှင့်အတူ ရဲရင့်သူကိုယ်မှ ရွှေရောင် အလင်းတန်းများ ဝုန်းခနဲထတောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်ထိန်သွားလေတော့သည်။

နတ်ကြီးသိုက်ထွန်းအပါအဝင် ရှိသမျှသူ အားလုံးလည်း မျက်လုံးကြိမ်းစပ်လှသဖြင့် မျက်နှာကိုလက်ဖြင့်ကွယ်သူကိုယ်၊ နောက်သို့ မျက်နှာလှည့်သူလှည့် ဖြစ်ကုန်ကြလေ၏။

အလင်းရောင်များငြိမ်သက်သွား၍ ရဲရင့်ရှိရာသို့ ပြန်လှည့်ကြည့်လိုက်ကြသောအခါ ရဲရင့်သူနေရာတွင် ရဲရင့်သူမဟုတ်တော့. .. .. ..

ရွှေရောင်မီးတောက်များ တဟုန်းဟုန်းတောက်နေသည့် ချပ်ဝတ်တန်ဆာအပြည့်ဖြင့် နတ်မင်းကြီးတစ်ပါး။ အရွယ်အစားမှာ သာမန်ထက် ဆယ်ဆမက ကြီးကျယ်မြင့်မားလှပြီး လက်တစ်ဘက်တွင် ရွှေရောင်မီးညွန့်များ တလူလူလွင့်နေသည့် မိုးကြိုးသွားသဏ္ဍာန်ဓားကြီးတစ်လက်ကို ကိုင်ဆွဲထားကာ၊ တဝီဝီလည်လျှက် ရွှေရာင်မီးလျှံများ တလိပ်လိပ်ထနေသည့် စင်္ကြာပုံ အဝိုင်းပြားကြီးတစ်ခုအား ကျန်လက်တစ်ဘက်ပေါ်၌တင်ထားလေ၏။ ထိုစင်္ကြာကြီးသည် လေထုတစ်ခုလုံးအား ဆွဲရမ်းလှုပ်ခါပြစ်နေသဖြင့် ဝန်ကျင်တစ်ခုလုံး လေများတဝုန်းဝုန်းကျဲကာ တသိမ့်သိမ့်တုန်ယီနေလေတော့သည်။

ပုပ္ပါးမယ်တော်တို့ စီးနင်းအပ်သော ကျား၊ မြင်း စသည့်သတ္တဝါများသည်လည်း ကြောက်လန့်တကြားဖြစ်ကြလျှက် ထိန်းမနိုင်သိမ်းမရ ခြေဦးတည့်ရာသို့ ထွက်ပြေးကြလေရာ. . ပုပ္ပါးမယ်တော်တို့သားမိ မြေပေါ်သို့ ပြုတ်ကြ ကြလေတော့၏။ မင်းနှပါးမှာ ဘီလူးခေါင်းများ ပျောက်ကွယ်ကုန်ကြပြီး မြေသို့ကျကျခြင်း နီးစပ်ရာ သစ်ပင်များနောက်သို့ ပြေးဝင်ပုန်းခိုကြလေသည်။ ပုပ္ပါးမယ်တော်မှတော့ မြေတွင်ကျုံ့ကျုံ့လေးထိုင်ကာ နတ်မင်းကြီးအား ကြောင်၍ မော့ကြည့်နေလေ၏။

" ကဲကွာ. .. "

နတ်ကြီးသိုက်ထွန်းက ကြောက်အားလန့်အားဖြင့် နတ်မင်းကြီးကို ဘွဲ့ဖြူလက်နက်ဖြင့် လှမ်းပစ်လေသည်။ သို့သော် နတ်မင်းကြီးထံသို့ မရောက်မှီပင် ဘွဲ့ဖြူလက်နက်မှာ ချက်ခြင်းပြာမှုန်များဖြစ်၍ ကြွေကြသွားလေ၏။

အလွန်တရာ ချောမောခန့်ငြားခြင်း နှင့် တင်းထန်မာကြောခြင်းတို့ ရောယှက်လျှက်ရှိသော မျက်နှာပိုင်ရှင် နတ်မင်းကြီးသည်ကား နတ်ကြီးသိုက်ထွန်း၏ဘဝကို အဆုံးသတ်ပေတော့မည်။

လွန်စွာမာန်မာလှသောကြိမ်းဝါးသံကြီးကို အော်မြည်ဟစ်ကြွေးလျှက်. . ရွှေရောင်မီးတောက်များ တဟုန်းဟုန်းတောက်နေသည့် လက်ထဲမှ မိုးကြိုးဓားကြီးကိုမြှောက်ကာ နတ်ကြီးသိုက်ထွန်းအား ခုတ်ပိုင်းရန် ချိန်ရွယ်လိုက်လေ၏။ ၎င်း၏ ကြုံးဝါးသံကြီးမှာ စာဖြင့်ရေးသားဖော်ပြခြင်းငှါ မစွမ်းသာ။ ကေသရာဇာ ခြင်္သေ့ မင်း၏ ဟိန်းဟောက်သံနှင့်လည်း ဆင်၏၊ နွားလားဥဿဖ တွန်သံနှင့်လည်း ဆင်၏၊ မြောက်မင်း အူသံနှင့်လည်း ဆင်ပြန်၏၊ ဇာမဏီငှက်ဖို၏တွန်ကျူးသံနှင့်လည်း ဆင်၏၊ နဂါးမင်း၏နှာမှုတ်သံနှင့်လည်း ဆင်၏၊ ဆန္ဒန်ဆင်မင်း အော်သံနှင့်လည်း ဆင်တူပြန်၏။

အနှီကြုံးဝါးဟိန်းဟောက်သံကြီးကြောင့် မိုးမြေ သိမ့်သိမ့်တုန်လေသည်။ ပုပ္ပါးမယ်တော် နှင့် သားတော်နှစ်ပါးမှာလည်း မြေတွင်ပြားပြားဝပ်ကာ အသားများတဆတ်ဆတ်တုန်သည်အထိ ကြောက်အားပိုကြလေတော့၏။

ဓားဖြင့်အရွယ်ခံရသူ နတ်ကြီးသိုက်ထွန်းမှာမူ လွန်စွာသွေးပျက်ခြောက်ခြားစွာဖြင့် ဆောက်တည်ရာမရဖြစ်ကာ ယာဉ်ပေါ်မှ ခုံဆင်းလျှက် ဘီးအောက်သို့ဝင်ပုန်းလေတော့သည်။

" ရပ်လော့ ဒကာတော်၊ ရပ်လော့။ ဒေါသရှေ့မထားဖို့ ဘုန်းကြီး မေတ္တာရပ်ခံပါရစေ "

ကြည်လင်အေးမြလှသော အသံတော်။

အသံလာရာသို့ အားလုံးလှည့်ကြည့်လိုက်ကြရာ ရွာဦးကျောင်းဆြာတော်ကြီး ဦးသြဘာသကို ဖူးမြင်လိုက်ကြရလေတော့သည်။ ဆြာတော်ကြီးက စကားဆက်လေ၏။

" အမှန်တော့ ဒကာမလေးမိုးစက်ဝေဟာ အောင်လံမှာ ဒကာလေးသက်ဦးမောင်တို့ရဲ့ ဆွမ်းအလှူကို သာဓုခေါ်လိုက်ကတည်းက ဒီဘဝကနေ မြင့်ရာမြတ်ရာကို ပြောင်းရွှေ့ရဖို့ အချိန်ကြနေပါပြီ။ သူ့ရဲ့မိဘတွေနဲ့ ဒကာလေးမောင်ရဲ့ရင့်ကို စွဲလန်းတဲ့စိတ်နဲ့သာ ဒီအထိဆက်ပါလာတာ။

ပြီးတော့ ဒကာလေးမောင်ရဲရင့်နဲ့ ဒကာမလေးမိုးစက်ဝေဟာ အတိတ်ရေစက်ကောင်းခဲ့ကြသူတွေဖြစ်လို့ နောက်နောင်သံသရာ တကွေ့ကွေ့မှာလည်း ပြန်လည်ဆုံဆည်းကြရဦးမှာပါကွယ်။ ဒီတော့ မသိဆိုးရွား မိုက်မှားခဲ့မိကြတဲ့ ဟောဒီက ဒကာတော်နတ်ကြီးသိုက်ထွန်းတို့ကို ဒကာတော်နတ်မင်းကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ ဘုန်းကြီးက ကြားထဲကနေတောင်းပန်ပါရစေ။

အရာရာဟာ အကြောင်းကြောင့်အကျိုးဖြစ်ကြရတာပါ။ သူတို့လည်း သူတို့အပြစ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို အထက်နက်မင်းကြီးတွေဆီကနေ ခံယူကြရဦးမှာပါလေ။ "

ဆြာတော်ကြီး၏ စကားဆုံးသောအခါ ရွှေရောင်နတ်မင်းကြီးက စိတ်လျော့လိုက်ဟန်ဖြင့် လက်ထက်မှ လက်နက်များကို ဖျောက်ကွယ်ပစ်လိုက်ပြီး ဆြာတော်ကြီးအား လက်အုပ်ချီမိုးရှိခိုးကန်တော့လျှက် အရွယ်အစားမှာလည်း တဖြေးဖြေးပြန်လည်သေးငယ်လာလေသည်။ နောက်ဆုံးတွင် ရွှေရောင် အလင်းတန်းများဝင်းခနဲထွက်ပေါ်သွားကာ ရဲရင့်သူ ပြန်ဖြစ်သွားလေတော့၏။

ထိုအခါမှ နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါးတို့လည်း အသက်ဘေးကြောင့် ကြောက်အားကြီးစွာ ပုန်းအောင်းနေကြရာမှ ဖုတ်ဖက်ခါပြီး အသီးသီးထွက်လာကြပြီး

" တပည့်တော်တို့ မှားပါပြီဘုရား၊ တပည့်တော်တို့ကို ကယ်တော်မူပါ "

စသဖြင့် တောင်းပန်ငိုကြွေးကြလျှက် ဆြာတော်ကြီး၏ ခြေတော်ရင်းသို့ အပြေးဦးခိုက်ကြလေတော့သည်။

ဆြာတော်ကြီးက နတ်ကြီးသိုက်ထွန်းတို့အဖွဲ့ကိုငုံ့ကြည့်ကာ ဆုံးမသြဝါဒပေးလေသည်။

" ကဲ ကဲ. . ခုမှ ငိုမနေကြနဲ့တော့။ အသက်ရန်လည်းအေးပြီ။ သက်သက်သာသာနေကြ။ ဒကာတော်နတ်ကြီးသိုက်ထွန်းက စိတ်ရင်းကောင်းပါလျှက်နဲ့ သေရည်သေရက်ကို အချိန်ပြည့်သောက်သုံးနေတာမို့ စိတ်ဆင်ရိုင်းကို အသိဉာဏ်ချွန်းနဲ့မအုပ်စီးနိုင်ဘူး။ ကုသိုလ်အခံအကောင်းလည်းရှိတယ်၊ အမှန်တာဝတိံသာနတ်လောက်တော့အနည်းဆုံးဖြစ်ရမှာ၊ ဒီအရက်ကြောင့်ခက်နေတာ။ အဲ့တော့ ဒီအရက်ကို ဘုန်းကြီးကိုလှူတော့ "

" တင်ပါဘုရား။ ဘုရားတပည့်တော် ဒီအကျိုးမပေးလှတဲ့ အရက်သေစာကို တစ်သက်လုံးမသောက်စားတော့ပါလို့ ယခုချိန်ကစပြီး အရှင်ဘုရားကို တိုင်တည်လှူဒါန်းပါတယ်ဘုရား "

အမြင်မှန်ရသွားပြီဖြစ်သော နတ်ကြီးသိုက်ထွန်းအတွက် ဆြာတော်ကြီးက ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုတော်မူလေသည်။ ထို့နောက် ပုပ္ပါးမယ်တော်ဘက်သို့လှည့်ကာ

" ဒကာမကြီးကလည်း ကလေးတွေပြောတိုင်းမယုံနဲ့။ ဒီကလေးတွေက ဒကာမကြီးအလိုလိုက်လို့ ဆိုးသွမ်းနေကြတာ။ ခုနေမှ ကြပ်ကြပ်မတ်မတ်မအုပ်စည်းရင် နောင်မှာ ဒီ့ထက်ဒုက္ခရောက်ဖို့ပဲရှိတယ် "

ဟု သတိပေးမိန့်ဆိုပြန်လေရာ ပုပ္ပါးမယ်တော်လည်း မလိမ္မာဆိုးရွားမိုက်မှားသော သားတော်မင်းနှစ်ပါးကို သေခြာကြပ်မတ်ဆုံးမပါ့မည်ဟု ကတိပေးရလေတော့၏။

" အေး သာဓုကွယ် သာဓု သာဓု၊ နေရာတစ်နေရာ ဒေသတစ်ခုမှာ ငါသာအပိုင်စား ငါသာတန်ခိုးအကြီးဆုံး ငါပြီးမှပြီးရမှာ စသဖြင့် မာန်မာန ထောင်လွှားတတ်ကြရင် အဆုံးသပ်မှာ ဇာတ်သိမ်းမလှ ဖြစ်ကြရတတ်တယ်. .ဒါလေးကိုမှတ်ကြ။ ခု ဒကာကြီး ဒကာမကြီးတို့နဲ့ ပြသနာဖြစ်တဲ့ မောင်ရဲရင့်သူဟာ ဂရုကုသိုလ်ကံ အကြီးကြီးရှိတဲ့သူဖြစ်တယ်။ ယာမာနတ်ပြည်မှာ သူ့အတွက်ပေါက်နေတယ်လို့ ကုဝေရနတ်မင်းကြီးအပါအဝင် ဒကာကြီး ဒကာမကြီးတို့ အားလုံးထင်နေကြတဲ့ နန်းတော်ဟာ တကယ်တော့ အကြိုမုဒ်ဦးမျှသာ ရှိသေးတယ်။ တကယ်တမ်းသူရောက်ရှိနေထိုင်ရမည့် နတ်ပြည်က နိမ္မာနရတိ လို့အမည်ရသတဲ့။ နတ်ပြည်ခြောက်ထပ်မှာ ငါးထပ်မြောက်နတ်ပြည်ပေါ့ကွယ်။ တန်ခိုးအရာမှာ ပျော်မွှေ့ကျွမ်းကျင်သော နတ်ပြည်လို့ အဓိပ္ပါယ်ရသကွယ့်။

ခုဏက မောင်ရဲရင့်ဖြစ်သွားတဲ့ နတ်မင်းကြီးပုံသဏ္ဍာန်ဟာ နိမ္မာနရတိနတ်တို့ရဲ့ အရှိန်အစွန်းမျှသာ ရှိသေးတာပါ။ တကယ်တမ်းသာ သူနဲ့တုပြိုင်မိကြရင် ဒကာကြီး ဒကာမကြီးတို့ ကိုယ်ကျိုးနည်းဖို့အကြောင်းသာ ရှိလေတော့ရဲ့။ ဒါ့ကြောင့်ဘုန်းကြီး လာတားရခြင်းဖြစ်ပါတယ်။

ခုတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပြီမို့ ဒကာကြီး ဒကာမကြီးတို့လည်း ကိုယ့်နေရာဌာနကို ကိုပြန်ကြွကြပေရော့။ နောက်နေ့ ဆိုင်ကယ်အဖွဲ့ ရေတွင်းအလှူရေစက်ချပွဲမှာ အားလုံးပြန်လာခဲ့ကြ။ အဲ့ဒီအခါကြမှ ဒကာတော်နတ်ကြီးသိုက်ထွန်းနဲ့ ဟောဟိုက ဒကာလေးရဲရင့်သူတို့ရဲ့ ကုသိုလ်ကံမတူကြပုံတွေကို သေခြာချဲ့ဟောပြီး အားလုံးအတွက် မေတ္တာပို့ အမျှဝေပေးမယ်။ ကဲ ကဲ. . အားလုံးပြန်ကြတော့ "

ဆြာတော်ကြီးက အထက်ပါအတိုင်းအရှည်သဝေးမိန့်ကြားပြီး နောက်တစ်နေ့အလှူတွင် ပြန်လည်ချိန်းဆိုလိုက်လေရာ နတ်ကြီးသိုက်ထွန်းတို့အဖွဲ့လည်း ဆြာတော်ကြီးကို ဝတ်ပြု၍ အသီးသီးပျောက်ကွယ်သွားကြလေတော့၏။ ဆြာတော်ကြီးလည်း ပြန်လည်ကြွချီသွားလေသည်။

ရဲရင့်သူတစ်ယောက် ဆြာတော်ကြီးအား ကပြာကယီဝတ်ပြုပြီး မိုးစက်ဝေထံသို့ ပြေးရလေတော့၏။ မိုးစက်ဝေမှာ နတ်ပေစိ၏လက်ပေါ်၌ တစ်ဆထက်တစ်ဆ ရွှေရောင်အမှုန်အမွှားများအဖြစ် ပျောက်ကွယ်လို့လာချေပြီ။

ရဲရင့်သူ နတ်ပေစိထံမှ မိုးစက်ဝေ၏ ခန္ဓာကိုယ်အား လက်ပြောင်းရယူ၍ ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။

" မိုးစက် မိုးစက် မိုးစက်ရေ. .. "

သို့သော် ရဲရင့်သူ မျက်ရည်များတတောက်တောက်ကြလျှက် ပါးစပ်မှ အဆက်မပြတ် မချိတင်ကဲရေရွတ်နေဆဲမှာပင် မိုးစက်ဝေ၏ ခန္ဓာကိုယ်သည် ၎င်း၏ရင်ခွင်အတွင်းမှ အပျောက်ကြီး ပျောက်ကွယ်လို့သွားလေတော့၏။

" သွားလေဦးတော့မိုးစက်ရယ်. . သွားလေဦးတော့. .. "

နောက်နေ့မနက်. . ရွာဦးကြောင်းဓမ္မာရုံကြီးအတွင်းတွင် လူပရိတ်သတ်များစုံလင်စွာ ရောက်ရှိနေကြလေ၏။

၎င်းတို့သည်. . မနေ့က ရေတွင်းအောင်သွားပြီးနောက် မိုးသက်လေပြင်းများကျကာ မိုးကြိုးများပြစ် လျှပ်စီးများလက်ကြောင်း၊ လက်သောလျှပ်စီးများမှာလည်း ပုံမှန်နှင့်မတူဘဲ အရောင်အမျိုးအစားစုံလင်လှကြောင်း၊ မိုးခြိမ်းသံကြီးများမှာလည်း မြေကိုတသိမ့်သိမ့်တုန်ဟီးစေလျှက် ကမ္ဘာပျက်တော့မည်ဟုပင်ထင်မှတ်ရကြောင်း၊ ထူးဆန်းသည်မှာ မိုးထဲလေထဲတွင် ဆြာတော်ကြီးကြွလာပြီး ထိုနေရာ၌ စကားအနည်းငယ်ပြောပြီးနောက် အရာအားလုံးပြန်လည်ငြိမ်သက်သွားကြကြောင်း၊ ဆြာတော်ကြီးမှာ လွန်စွာတန်ခိုးကြီးလှ၍ ရဟန္တာပင်ဖြစ်နိုင်ကြောင်း. .. စသည့် အကြောင်းအရာများကို အထူးတဆန်းပြောဆိုနေကြလေသည်။

ခေတ္တကြာသော် ဆြာတောကြီးကြွလာပြီဖြစ်၍ အသံဗလံများ တိတ်ဆိတ်ငြိမ်သက်သွားပြီး ဆြာတော်ကြီးက ၎င်းတို့အား သရဏဂုံနှင့် ငါးပါးသီလဆောက်တည်စေကာ စက်ရေတွင်းအလှူအတွက် အနုမောဓနာတရားဟောကြားလေ၏။ တရားဆုံးသော် ဆြာတော်ကြီးက. . ဗဟုသုတအနေဖြင့် လဟုကံနဲ့ ဂရုကံအကြောင်းကို ပြောပြမိန့်ဆိုမည့်အကြောင်း စကားစလိုက်ကာ. .

လဟုကံဆိုမှာ ပုံမှန်လုပ်ရိုးလုပ်စဉ် ကုသိုလ်၊ အကုသိုလ်ကံများဖြစ်ကြ၍ အကျိုးပေးမသန်ဘဲ သံသရာတလျှောက် ဖြေးဖြေးချင်းသာ အကျိုးပေးနိုင်ကြောင်း

ဂရုကံဆိုသည်မှာတော့ လွန်စွာအရှိန်အဟုန်ကြီးမားသောကံဖြစ်၍ လတ်တလောချက်ခြင်းလက်ငင်း ဝုန်းခနဲဒိုင်းခနဲ အကျိုးပေးနိုင်ကြောင်း၊ အကုသိုလ်အရာ၌ ပဉ္စာနန္ဒိယကံတို့သည် ဂရုအကုသိုလ်ကံမြောက်၍ ကုသိုလ်အရာ၌ ဓျာန်သမာပတ်ဝင်စားရာမှထသော ဘုရား ရဟန္တာ စသည်တို့ကို ဆွမ်းခဲဘွယ်ဘောဇဉ် များလောင်းလှူရခြင်းသည် ဂရုကုသိုလ်ကံမြောက်သော အကြောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊

အဘယ်ကြောင့်ဆိုသော် ရဟန္တာမထေရ်မြတ်ကြီးများ. . ဖလ္လသမ္မာပတ် သို့မဟုတ် နိရောဓသမာပတ် စသည့် သမာပတ်တစ်မျိုးမျိုးဝင်စားကြလျှင် ခုနှစ်ရက်တိတိကြာလေ့ရှိလေရာ သမာပတ်မှထသည်ရှိသော် ဆွမ်းတစ်မျိုးမျိုးအလှူခံရရှိမှသာ ဆက်လက်အသက်ရှင်နိုင်မည်ဖြစ်ပြီး မရရှိခဲ့ပါမူ ပရိနိဗ္ဗာန်စံဝင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရဟန္တာကြီးများ၏ သက်တော်ကိုဆက်သော ထိုဆွမ်းအကျိုးသည် ဂရုကံမြောက်၍ ရွှေမိုးငွေမိုးရွာသွန်းဖြိုးသည်အထိပင် အကျိုးပေးသန်ကြောင်း

ဘုရားလက်ထက်တော်၌ ရဟန္တာမထေရ်မြတ်ကြီးများသည် ဈာန်သမာပတ်ဝင်စားပြီးနောက် သာသနာတော်ကိုကြည်ညို၍ စိတ်ထားမွန်မြတ်လှသော သူဆင်းရဲများထံသို့ ဆွမ်းခံကြွကာ ချီးမြှောက်လေ့ရှိလေရာ ထိုသူတို့မှာ ချက်ခြင်းပင်ကောင်းစာသွားကြကြောင်း၊

တခါသော် အဂ္ဂသာဝကမထေရ်မြတ်ကြီးတစ်ပါး( အမှတ်မသေခြာ၍ အမည်တော်မရေးတော့ပါ) သမာပတ်မှထစဉ် သိကြားမင်းက သူဆင်းရဲဟန်ဆောင်လျှက် ဆွမ်းခိုးလောင်းခဲ့သဖြင့် မထေရ်မြတ်ကြီးက .. သင်သည် နတ်စည်းစိမ်ကို အပြည့်အဝ ရရှိခံစားခွင့်ကြုံနေသည့် သိကြားမင်းဖြစ်ပါလျှက် သာသနာကိုကြည်ညိုကြသည့် ဆင်းရဲသားများအား မစာမနာပြု၍ အဘယ်ကြောင့် ဆွမ်းလုလောင်းခဲ့သနည်း. . ဟု အပြစ်တင်ပြောဆိုခဲ့ကြောင်း၊

ထိုအခါ သိကြားမင်းက. .. ၎င်းသည် နတ်တို့သနင်းသိကြားမင်းဖြစ်သော်လည်း ဂရုကံမရှိခဲ့သည်မို့ ကိုယ်ရောင်ကိုယ်ဝါပုံမှန်သာထွန်းလင်းနိုင်၍. . ဂရုကံရှိဖူးသော အခြားနတ်ကြီးများ၏ကိုယ်ရောင်နှင့်ယှဉ်လျှင် ပိုးစုန်းကြူးနှင့် မီးတောက်ကဲ့သို့ ကွာခြားလှသောကြောင့် လမ်းသွားလမ်းလာ ထိုနတ်ကြီးများနှင့်ဆုံတွေပါက ၎င်းမှာ ကွယ်ရာသို့ ပြေးလွှားပုန်းအောင်းနေရသည်မို့ ဤသို့ ဆွမ်းခိုးလောင်းမိခဲ့ပါသည်ဟု ဝန်ခံခဲ့ရကြောင်း. .

စသဖြင့် တရားနာပရိတ်သတ်ကို အစဉ်သနားခြင်းကိုအကြောင်းပြုလျှက် အပိုအဆစ် ဟောပြောမိန့်ကြားဆိုဆုံးမတော်မူလေသည်။

ထို့နောက် ဆြာတော်ကြီးက မေတ္တာပို့အမျှဝေတိုင်ပေးလေရာ. . ပုပ္ပါးမယ်တော် မင်းနှစ်ပါးနှင့် ရွာစောင့်နတ် နယ်စောင့်နတ်တို့၏ အမည်များကိုပါရွတ်ဆို တိုင်တည်ပေးသဖြင့် အားလုံး တအံတသြလိုက်လံ ရွတ်ဆိုအမျှဝေကြရပြန်လေသည်။ အမျှဝေပြီးသော် ဆြာတော်ကြီးမှာ ၎င်း၏ကျောင်းဆောင်သို့ ပြန်လည်ကြွချီ သွားလေ၏။ ဗြောတီးပြီဖြစ်၍ ပရိတ်သတ်များ လည်း ကျောင်းမှ အသီးသီးထွက်ခွာသွားကြလေတော့သည်။ ကိုဇာနည်၊ ကိုရာဇာ တို့ဦးဆောင်ကြသော အလှူရှင် ဆိုင်ကယ်ချစ်သူများ၏ ရင်ထဲတွင်တော့ ဗြောသံနှင့်အတူ လှိုက်တက်လာသည့် အလှူတော်အတွက် ပီတိအဟုန်များက တလိပ်လိပ်ထလျှက်. . . ။

ဆြာတော်ကြီး၏ ကျောင်းဆောင်အတွင်းသို့ ရဲရင့်သူ၊ နတ်ပေစိ၊ နတ်ကြီးတင်ရှိန်၊ နတ်ကြီးသိုက်ထွန်း၊ ပုပ္ပါးမယ်တော်နှင့် မင်းနှစ်ပါး၊ နတ်သမီး မစန်းမြင့် တို့ စုံညီစွာ ရောက်ရှိနေကြလေ၏။ ရဲရင့်သူမှအပ ကျန် နတ်များမှာ ဆိုင်ကယ်အဖွဲ့၏ ရေတွင်းအလှူကိုအကြောင်းပြုကာ သာဓုခေါ်ဆိုလိုက်ကြရ၍ တန်ခိုးအဆင့်အတန်းများ ကိုယ်စီကိုယ်ငှ တိုးပွားခြင်းအဖြစ်သို့ရောက်ရှိကြရာ လွန်စွာဝမ်းမြောက်လျှက် ရှိကြလေသည်။

" ကဲ. . ကဲ. .ခုဆိုရင် ရဟန္တာကြီးတစ်ပါးတည်းကို ဆွမ်းအတူတူကပ်လှူကြရပါလျှက်နဲ့ ဒကာလေးရဲရင့်သူနဲ့ ဒကာတော်နတ်ကြီးသိုက်ထွန်းတို့ ဘာလို့အကျိုးပေးပုံချင်းမတူကြလဲဆိုတာ သဘောပေါက်ကြပြီမဟုတ်လား။ တကယ်တော့ ဒကာတို့ ဆွမ်းလှူခဲ့ကြတဲ့ မထေရ်မြတ်ကြီးဟာ ဘုန်းကြီးနဲ့ တရားကျင့်ဖော်ကျင့်ဖက် နောင်တော် ဦးစန္ဒိမာဆိုတဲ့ မထေရ်မြတ်ကြီးပဲ။

ဒကာတော်နတ်ကြီးသိုက်ထွန်းက သူအနိစ္စမရောက်ခင် ကံအားလျှောက်စွာ နောင်တော်ကြီးနဲ့တွေ့. .ဆွမ်းလောင်းလှူခွင့်ရခဲ့ပြီး ခုလိုနတ်ကြီးဘဝကို ရရှိခဲ့တယ်. . ဒကာလေးရဲရင့်သူကြတော့ ဒကာကြီးထက်ကံကောင်းပြီး နောင်တော်ကြီး သမာပတ်ကထလာစဉ်မှာ သူ့မှာရှိတဲ့ ဆွမ်းဘောဇဉ်တွေကို ဆပ်ကပ်လှူဒါန်းခွင့်ရခဲ့တယ်. . ဒီလိုတွေကွာခြားသွားတာပါ။

ခုဆိုရင် အားလုံးလည်း ကုသိုလ်ကံတွေရဲ့ အကျိုးပေးမှုသန်ပုံတွေကို ကောင်းကောင်းသဘောပေါက်ပြီး မကောင်းမှု အကုသိုလ်ကံတွေကိုရှောင်ကျဉ်လို့ ကုသိုလ်တရားတွေကို ရှေ့ဆက်ပွားများကြလိမ့်မယ်လို့ ဘုန်းကြီး ယုံကြည်ပါတယ်။ "

ဆြာတော်ကြီးက အထက်ပါအတိုင်း ဂဏနဃရှင်းလင်းမိန့်ကြားသဖြင့်. . ရဲရင့်သူတို့အားလုံးလည်း ရှေ့ဆက်၍ မကောင်းမှုအကုသိုလ်အမှုတို့ကို တတ်စွမ်းသမျှရှောင်ကျဉ်ကာ ကောင်းမှုကုသိုလ်တရားတို့ကို ဆထက်တပိုးကျိုးစားသယ်ပိုးပါမည်အကြောင်း ကတိပေးလိုက်ကြရလေ၏။ ထို့နောက် ဆြာတော်ကြီးက ရဲရင့်သူကို သီးသန့်မိန့်ကြားပြန်သည်။

" ဒကာလေး. .. ဒကာလေးက ခန္ဓာကိုယ်ထဲကိုပြန်ဝင်ဖို့ အချိန်ကျနေပြီ။ ဒီတော့ ခု ဘုန်းကြီးရဲ့ကျောင်းကထွက်တာနဲ့ ဒကာလေးရဲ့ ခန္ဓာကိုယ်ရှိရာ မန္တလေးမြို့ကိုသွားပြီး လူ့ဘဝကိုပြန်ယူလို့ ဘာသာသာသနာအကျိုး၊ လောကအကျိုး တွေကို ဆထက်တမ်းပိုးသယ်ပိုးပေရော့. .. ။ ဒကာမလေးမိုးစက်ဝေအတွက်လည်း ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့တော့. . .ဒကာလေးနဲ့သူနဲ့က ရှေးဘဝအဆက်ဆက်က ရေစက်ကြီးခဲ့ကြတဲ့သူတွေမို့ ကံမကုန်ရင်တာ့ တစ်နေ့ပြန်ဆုံကြရမှာပေါ့ကွယ် "

" တင်ပါ့ဘုရား. .. "

ရဲရင့်သူလည်း ဆြာတော်ကြီးမိန့်မှာသည့်အတိုင်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ပါတော့မည်အကြောင်း ဝန်ခံလျှောက်ထားကာ ဆြာတော်ကြီးအား ရိုသေစွာဦးသုံးကြိမ်ချလိုက်လေ၏။

" အေးး သာဓု ကွယ် သာဓု သာဓု. .. "

ထိုအချိန်တွင် နတ်ကြီးတင်ရှိန်က

" ဆြာတော့်ကို တပည့်တော်မေးလျှောက်စရာတစ်ခုရှိပါတယ်ဘုရား "

ဟုစကားပုလ္လင်ခံလိုက်ပြီး

" နတ်ကြီးသိုက်ထွန်းနဲ့ မောင်ရဲရင့်တို့ ဆွမ်းလောင်းခွင့်ရခဲ့ကြတဲ့ ဆြာတော်ဦးစန္ဒီမာ ဟာ ရဟန္တာမထေရ်မြတ်ကြီးဖြစ်တယ်ဆိုရင် တရားကျင့်ဖက်ဖြစ်တဲ့ ဆြာတော်ကြီးကကော. . ."

ဟုဆိုကာ စကားမဆက်တော့ဘဲ ဆြာတော်ကြီး၏ မျက်နှာတော်ကိုသာ မော်ဖူးလျှက်ရှိလေရာ ဆြာတော်ကြီးက ခပ်မိန့်မိန့်ပြုံးရင်း ဆိတ်ဆိတ်နေကာ ဝန်ခံတော်မူလေသည်။

အားလုံးလည်း လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြရ၍ ဆြာတော်ကြီး၏ ခြေဖမိုးတော်ကို ပီတိများစွာဖြင့် အသီးသီးဦးတင်ရှိခိုးလိုက်ကြလေတော့၏။


အပိုင်း ( ၅ ) ဆက်ရန် >>>>>



Print Friendly and PDF

No comments:

Post a Comment