Thursday, April 9, 2015

ရွာက သာဂိ အပိုင်း ( ၅ )

ရွာက သာဂိ အပိုင်း ( ၅ )

ဇာတ်သိမ်းပိုင်း

ရေးသားသူ - ဗညားပိကျိ

သာဂိ ပြူတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်သည်။ တိမ်မျှင်စတွေကြားက ကလေးမြို့လေးသည် မှုန်ပျပျသာ မြင်ရတော့သည်။ အက်စ်စတာ ရှိသည့် တမူးကိုကား မြင်ပင်မမြင်ရတော့။ သာဂိ ရင်ထဲက လေပူကြီးကို “ဖူး” ကနဲ မှုတ်ထုတ်လိုက်သည်။ သို့ရာတွင် ပေါ့မသွားချေ။ လေယာဉ်ထဲက အဲကွန်းသည် သာဂိ ရင်ကို အေးအောင် မတတ်နိုင်။ သာဂိ လေယာဉ်စီး၍ ရန်ကုန်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်မှာ နေချင်စိတ်လည်း မရှိတော့။ ဒေါ်လေး ကို ဝင်တွေ့ပြီးသည်နှင့် ရွာကို ပြန်မယ် စိတ်ကူးသည်။ ပြည်က လက်ကျန် ပစ္စည်းတွေကို ကိုထွန်းနိုင်နှင့် လွှဲလိုက်သည်။ သူက ဈေးဖြတ်ပြီး ရိုးမဘဏ်ကို လွှဲပေးလိုက်မည်ဆိုသည်။

သာဂိ နည်းနည်းတော့ အတွေ့ကြုံရှီလာပြီ ဆိုရမည်။ အက်စ်စတာကို သတိရသည်မှ လွဲ၍ မိဖြူနှင့် တုန်းကလောက်၊ ငြိမ်းငြိမ်းနှင့် တုန်းကလောက် ခံစားရခြင်း မရှိတော့။ ဒါပေမယ့် သက်ပြင်းချရင်း ကိုယ့်လက်ဖဝါးကို ပြန်ကြည့်မိသည်။

(ဦး)စိုင်းထီးဆိုင် သီချင်းထဲကလို နှလုံးလမ်းကြောင်းမှာ ကျွန်းများ ပါနေသလားဟု ရှာနေမိခြင်းဖြစ်သည်။ ကျွန်းတော့ မတွေ့ သူ့နှလုံးလမ်းကြောင်းသည် အနားစတွေ ဖွာနေသော အုန်းဆံကြိုးကဲ့သို့ ဖွာလန်ကျဲ နေသည်မှာ ကပ်ကျေးနှင့်သာ ညှပ်ပစ်ချင်စရာ ဖြစ်၏။ 

သာဂိ ရန်ကုန်ရောက်သောအခါ ဒေါ်လေးရှိရာသို့ လိုက်သွားသည်။ ဒေါ်လေးသည် အရင်အတိုင်းပင် သာဂိကိုဆီးကြိုသည်။ ဒေါ်လေးသည် ဝဝဖိုင့်ကြီး ဖြစ်လာ၏။ ဆီဦးထောပတ်တွေ အစားများသွားသည် ထင်သည်။သူ့ ဗိုက်ကြီးနှင့် လက်မောင်းလုံးလုံးကြီးတွေသည် ဦးလေးတစ်ကိုယ်စာလောက် ရှိသည် ထင်ရသည်။ ဦးလေးကတော့ သက်ပြည့်ပင်စင်နှင့် အငြိမ်းစားယူပြီး ဒေါ်လေးအခန်းမှာ ကပ်နေနေသည်။

သူ့ ဘာသာသူဆိုလျှင် သူ့ ပင်စင်လစာလေးကို လက်ဘက်ရည်ဆိုင် ထိုင်မှ သုံးစွဲတတ်သော်လည်း သာဂိရောက်လာသည့် ညနေက ဦးလေးသည် ဝီစကီ တစ်လုံးထောင်ပေး၏။ သာဂိ ဦးလေးကို အရမ်း ချစ်သွားမိသည်။ 

သူ နှစ်သက်သည့် လက်ဘက်ရည်ဆိုင် ထိုင်ခြင်း ကိစ္စအား တူဖြစ်သူကို ဧည့်ဝတ်ပြုခြင်းနှင့် လဲလှယ်လိုက်ပေပြီ။ အဲဒိနေ့ ညက တူဝရီး နှစ်ယောက်သား သာဂိအဒေါ်၊ ဦးလေးမိန်းမ ဆရာမကြီးအကြောင်း နှစ်ယောက်သား အတင်းတုပ်ရင်း အချိန်ဖြုန်းခဲ့ မိကြသည်။ 

နောက်တစ်နေ့ သာဂိ ဗိုက်ထဲက နည်းနည်းနာသည်။ ဘယ်နေရာရယ်လို့တော့ မပြောတတ်။ နာတာတော့ နာသည်။ဒါပေမယ့်လည်း သိပ်အဆိုးဝါးကြီးတော့ မဟုတ်။ နေလို့ထိုင်လို့တော့ရသည်။သွားသွားလာလာ စားလိုက်သောက်လိုက်ဖြင့် ပျောက်သွားမည် ထင်မိသည်။ ထိုအထင်မှားသည်။ မပျောက်။ ခဏခဏနှင့် နာနေသည်။

ညနေစောင်းလောက်တွင် ထိုးပြီး နာသည်မှာ အထဲကနေ ဆွဲဆုပ်ထားသလို ဖြစ်၏။ သာဂိ ဗိုက်ကိုနှိပ် ဒူးထောက်ပြီး ခွေကျသွားကာ ညည်းငြူနေရသည်။ သို့ရာတွင် ခဏ အကြာ ပျောက်သွားပြန်သည်။ ဦးလေးက အူလိပ်တာများလား ဟု ဆိုသည်။ သာဂိလဲ မသိ။ 

ဟုတ်ချင်လဲ ဟုတ်မည်။ အားကစား လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တာ နှစ်တွေ တော်တော် ကြာခဲ့ပြီဖြစ်၍ခန္ဓာကိုယ်က နုနေခြင်း ဖြစ်မည်ဟုသာ ထင်မိသည်။ ဤသို့ဖြင့် သုံးရက်လောက် နာလိုက် ပျောက်သွားလိုက် ဖြစ်နေကာ ဗိုက်ထဲက ဝေဒနာသည် သာဂိကို မျက်လှည့်ပြနေသည်။သုံးရက်မြောက်သောနေ့ ၊ ထိုနေ့က ဒေါ်လေးက အစည်းဝေးသွားသည်။ ဦးလေးက သာဂိဖို့ ကြက်သားဆန်ပြုတ် ပြုတ်ပေးသည်။ အစားသရမ်းသော သာဂိ ဇလုံကြီးနှင့် နှစ်ပွဲ တီးသည်။ 

ညနေစောင်း ရောက်တော့ ဗိုက်ထဲက နာလိုက်သည်မှာ ပြောဖွယ်ရာ မရှိဟု ထင်ရသည်၊ သာဂိ ဆီးတွေပါ ထွက်ကျသည်။ ကြမ်းပြင်တွင် အလူးလူး အလဲလဲ။ ဦးလေး ခမျာ ကယောင်ချောက်ချားနှင့် တက္ကစီ တစ်စင်းငှားပြီး ဆေးရုံသို့ ထမ်းပို့သည်။ ဦးလေးသည် သာဂိ အတွက် အရမ်း စိုးရိမ်နေသည်။ 

သာဂိ မြင်နေရသည်။ သို့သော် ဘာမျှ မပြောနိုင်။ သူသည် ဗိုက်ကိုနှိပ်၍ ခါးကို ကုန်းထားရသည်။ သက်သာလို သက်သာငြား လုပ်မိ လုပ်ရာ လုပ်ခြင်းဖြစ်သည်။ အမှန်တော့ ဘာမှ မထူး။ နာတာက နာတာပဲ ဖြစ်သည်။ဆေးရုံ ရောက်၍ စစ်ကြဆေးကြ မေးကြရင်း သာဂိကို ပုလင်းကြီး တစ်လုံး ချိတ်ပေးသည်။ အကြောဆေး တစ်လုံး ထိုးသည်။ ထိုအခါမှ ဝေဒနာက လျှော့ပါး သွားသည်။ ဆေးတွေထဲတွင် ဘာတွေပါသည် မသိ။ သာဂိအရက်မူးနေသလိုလို ဖြစ်နေသည်။ 

အဲ .. ခုနကလည်း နပ်စ်မလေးတွေက မေးသေးသည်။ အရက် သောက်တတ်လား.. မူးယစ်ဆေးဝါး သုံးစွဲသလားဟု.. ..ခုနမှ ရောက်လာသော အန်တီ့ မျက်နှာကို တစ်ချက်ကြည့်ရင်း မူးယစ်ဆေး မသုံးစွဲပါ။ အရက်တော့ ရံဖန်ရံခါ သောက်ဖြစ်ပါသည် ဟု ဖြေလိုက်သည်။

နေ့တိုင်းသောက်သည်ဟု ဖြေမိလျှင် အန်တီစိတ်မကောင်း ဖြစ်သွားမည် စိုးသည်လေ။ နောက်တော့ သာဂိ ဆီးခုံက အမွှေးတွေကို နပ်စ်တစ်ယောက်က ရိတ်ပစ်သည်။ တော်သေးသည်။ ထိူလူက ယောက်ကျားလေး ဖြစ်၍ သာဂိ ရင်ခုန်ခွင့် မကြုံလိုက်။

နောက် ည ၁၂ နာရီခန့်လောက်တွင် ဆရာဝန်ကြီး ဆိုသူ ရောက်လာကာ နာနေပါသည် ဆိုသော ဗိုက်ကို လက်နှင့် ဖိလိုက် ပြန်လွှတ်လိုက် လုပ်သည်။ ပြီးတော့ နာလား ဟုမေးသည်။ သာဂိ ဝေဒနာသာ ခံစားနေရတာ မဟုတ်လျှင် ထထိုးပစ်လိုက်ချင်သည်။

ခုတော့ အားမရှိ၍ နာတယ် ဟုသာ ခပ်ပျော့ပျော့လေး ပြန်ဖြေရသည်။ မကြာခင် သာဂိကို ခွဲခန်းထဲ ပို့သည်။ ဝတ်ထားသော အဝတ်တွေကို ချွတ်သူက ချွတ်သည်။ နောက် ဘာကြီးမှန်း မသိသည့် ဝတ်ရုံကြီး ခြုံပေးသည်။ပြီးတော့ တွန်းလှည်းလေးနှင့် မီးမောင်းတွေ အောက်က ခုတင်တစ်လုံးပေါ် တင်လိုက်ကြသည်။ ဘေးတစ်ဘက်ကို ကွေးကွေးလေး စောင်းခိုင်းကာ မြီးညှောင့်ရိုးကို ဆေးထိုးကြပြန်သည်။

ဘေးတွင် နပ်စ်မလေးတွေ၊ ဆရာဝန်မလေးတွေ၊ နပ်စ်မကြီးတွေ၊ အများကြီး ရှိနေသည်။ သာဂိသည် အားလုံးကို သိနေ၍ တော်တော် ရှက်နေမိသည်။ထိုစဉ် သူ့မျက်လုံးတွေ ပေါ်သို့ တစ်စုံတစ်ခုနှင့် အုပ်လိုက်ကြသည်။ သာဂိ ဘာမျှ မမြင်ရတော့။ သို့သော် အောက်ပိုင်းက သူ့လိင်တံကို တစ်ယောက်ယောက်က လာထိနေသည်ကို သူသိသည်။

ဒီလောက်လူတွေ အများကြီးထဲက ဘယ်ကောင်မလေးက ရွတတနှင့် လာကိုင်ရသနည်းဟု ရုတ်တရက် စဉ်းစားမိသည်။ သို့သော် မဟုတ်။ ခါတိုင်း လာမထိနှင့် ထိသည်နှင့် ထန်ကနဲ ဖြစ်နေသာ သာဂိ လိင်တံသည် ဒီတစ်ခါတော့ ပျော့ခွေခွေ ကြီး ဖြစ်နေသည်။ ဘာအာရုံ ခံစားမူမျှ မရှိ။ ထုံထုံ ထိုင်းထိုင်းကြီး။ 

ထိုစဉ် လက်ဖျောက်တီးသံ တစ်ချက်နှင့် လူတွေ ရုတ်ရုတ်ရက်ရက် လှုပ်ရှားသံများကိုပါ ကြားရသည်။ ပြီးတော့ သူ့ဗိုက်ကို တစ်ထုတ်ထုတ်နှင့် လာထိသည်။ သြော်.. သိပြီ။ သူ့ ဗိုက်ကို ခွဲနေကြပြီ။ ခုမှ သာဂိ လန့်လာသည်။ ကြည့်စမ်း… သူများ ဗိုက်ကို ခွဲနေကြတာ ကြက်ကလေး၊ ငှက်ကလေးများ အောင့်မေ့နေကြသလား မသိ၊ စကားတစ်ပြောပြောနှင့်၊ အံမယ် ..တစ်ချက်တစ်ချက် စာသင်ပေးနေသော ဆရာကြီး စကားသံ နှင့် မရှင်း၍ ပြန်မေးသော ဆရာဝန်ပေါက်စမလေးတွေ အသံကိုပါ ကြားရသည်။

အင်း.. ဒီလိုဆိုတော့လဲ၊ ငါ့ဗိုက်ကြီး အရင်းတည်ပြီး သူတို့လေးတွေ ပညာရတာပေါ့ဟု တွေးကာ သာဂိ ပျော်ချင်လာသည်။ မနက်ဖြန် မနက်ရောက် လျှင် ဒင်းတို့လေးတွေ မျက်နှာ ဘယ်သို့ ကြည့်ရမည်နည်း။ သူတို့ လေးတွေက ခန္ဓာကိုယ် တစ်ပြင်လုံးသာမက အထဲပါ မြင်ပြီးကြလေပြီ။

တွေးရင်း တွေးရင်း သာဂိ ရှက်လာသည်။ ကြည်နူးသလိုလိုလဲ ဖြစ်လာ၏။ ထိုစဉ် နာကျင်မူ ဝေဒနာသည် ရင်ခေါင်းလောက်မှ စတင်လာသည်။ ဘယ်လို နာသည် ဆိုတာ ပြောပြဖို့ ဘယ်လိုမျှ မဖြစ်နိုင်ချေ။ သာဂိ ဘဝတွင် သည်းမခံနိုင်ဆုံးသော နာကျင်မူ ၊ တစ်သက်နှင့် တစ်ကိုယ် ဒီလို နာကျင်မူမျိုး တစ်ခါမျှ မကြုံခဲ့ စဖူး။ သာဂိ မေးငေါ့၍ ညဉ်း ငြူလိုက်မိသည်။ ထိုစဉ် သူ့နှာခေါင်း ပေါ်သို့ တစ်စုံတစ်ရာသည် အုပ်ကျလာသည်။ သာဂိ ဘာမျှ မသိတော့။

သာဂိ နိုးလာသောအခါ ကုတင်တစ်လုံးပေါ်တွင် ရောက်နေသည်ကို တွေ့ရသည်။ ဗိုက်ထဲက နာကျင်မူသည် စတင်လာပြန်သည်။ တော်တော် အခံရ ခက်သော ဝေဒနာဖြစ်သည်။ အထဲတွင် အပ်အစင်းပေါင်း များစွာနှင့် ထိုးနေသကဲ့သို့ တစ်ဆစ်ဆစ်နှင့် နာနေသည်။

နာ၍ လူးလွန့်မိလျှင်ကား ဓားနှင့် အခွဲခံရသလို ပိုနာသည်။ ထို့ကြောင့် သာဂိသည် ပါးစပ်က လျှောက်အော်နေခြင်းသာ တတ်နိုင်သည်။ ကြာကြာအော်တော့ မောလာကာ ရေဆာလာပြန်သည်။ ဘေးက အန်တီကို ရေတောင်းတော့ ချစ်လှစွာသော တူလေးကို ရေလုံးဝ မတိုက်။ 

သာဂိ ဒေါသနှင့် နာတာ ပေါင်းပြီး မစင်တွေပါ ထွက်ကုန်သည်။ အန်တီက မရွံမရှာ သန့်စင်ပေးသည်။ သာဂိသည် တစ်ညလုံး ထိုဒဏ်ကို ကောင်းကောင်းခံစားလိုက်ရသည်။မနက် မိုးလင်းတော့ ငှားထားသော နပ်စ်ရောက်လာပြီး ပြောသည်။

“ အစ်ကို .. အရက်သောက်တတ်တယ် ဆို ဟုတ်လား”

“ ဟုတ်ပါတယ်”

“ နေ့တိုင်းသောက်သလား”

သာဂိ ဘေးက အန်တီ့မျက်နှာ တစ်ချက် ကြည့်လိုက်ရင်း ..

“ မသောက်ပါဘူး”

“ အစ်ကို.. မလိမ်နှင့်နော်.. ဆေးစစ်တာ အကုန်ပေါ်တယ်၊ သိလား။ တစ်ကယ်လို့ အစ်ကိုက လိမ်တဲ့ အခါ ကျွန်မတို့က ဆေး ပေးရတာလဲ ခက်တယ်။ တော်ကြာ ဆေးမှားပေးရင် ညကလို.. နာနေအုံးမယ်”

“ အင်း.. ဟုတ်ကဲ့၊ သောက်ဖြစ်ပါတယ်”

“ ဘယ်လောက်လောက် သောက်လဲ”

သာဂိ နည်းနည်း လျှော့ပြောလိုက်သည်။

“ တစ်ရက် တစ်ပြားလောက်ပါ”

“ ပုံမှန်လား၊ ဘယ်လောက်လောက် ကြာပြီလဲ”

“ အင်း..သုံးနှစ်လောက်တော့ ရှိပြီ။ နေ့တိုင်းလိုလိုပါပဲ”

ထိုအခါကျမှ သာဂိ ဇာတ်ရည်လည်သည်။ သာဂိသည် အူအတက်ရောင်ခြင်းဖြစ်သည်။ ရောင်နေသော အူအတက်ကို ဗိုက်ခွဲပြီး ဖြတ်ထုတ်ရာ ထုံဆေး ပြယ်သွားခြင်းဖြစ်သည်။ 

ပြယ်ရခြင်း အကြောင်းက သာဂိ ကြိုက်နှစ်သက်သော အရက်က အစွမ်းပြခြင်းဖြစ်သည်။ ထုံဆေးနှင့် မေ့ဆေးတို့သည် အရက်လို အာနိသင်နှင့် အတူတူပင် ဖြစ်သည် ဟုဆိုသည်။ နည်းတာနှင့် များတာပဲကွာမည်။ သဘောကတော့ အတူတူပင်။ သာမန်လူကို ပေးနေကျ ထုံဆေးရည် ပမာဏသည် သာဂိလို အရက်သမားကို မတိုးချေ။ ထိုအခါ ဗိုက်ခွဲနေရင်း တန်းလန်း ဆေးပြယ်ပြီး သေလုအောင် ခံလိုက်ရသည်။ သာဂိသည် ဆရာမလေး

ဆက်လက်ဟောကြားသော အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကြီးခြင်းတွေကိုပါ နားထောင်နေရသည်။ အံမယ် ..သူမက ဥပမာ တစ်ခုပင် ပေးသွားသေးသည်။ ဝေးဝေးမကြည့်နှင့် နိုင်ငံကျော် ရုပ်ရှင် အဆိုတော် စာရေးဆရာ ဦးသုမောင်ကို နမူနာ ယူပါ ဟုဆိုသည်။ သာဂိ နည်းနည်း နောင်တရသည်။ အင်း.. လျှော့မှ ရမည်။သာဂိသည် ဆေးရုံပေါ်တွင် တစ်လကျော်လောက် နေခဲ့လိုက်ရသည်။ ကံကောင်းသည်ဟုတော့ ဆိုရမည်။ ယခင်အားကစား လုပ်ခဲ့ဖူးသည့် အကျိုးများကြောင့် ထင်သည်။

ဗိုက်က ဒဏ်ရာသည် အသားတက်မြန်သည်။ သို့သော် လုံးလုံးကြီး အသားပြည့်သေးသည်တော့ မဟုတ်ချေ။ ယူဇော ဟုခေါ်သည့် ပတ်တီးစနှင့် ဆေးထည့်တိုင်း သာဂိအော်ရမြဲဖြစ်သည်။ သို့သော် ဆေးရုံက ဆင်းပြီးသည့် နောက်ပိုင်း သိပ်တော့ မအော်တော့ချေ။

အဘယ့်ကြောင့် ဆိုသော် အိမ်မှာ ဆေးလာလာ ထည့်ပေးသော နပ်စ်မလေး မိစိုးက ရီသောကြောင့် ဖြစ်သည်။ သူမသည် အမေတို့ရွာက ဆွေမျိုးနီးစပ် တော်သူလေး ဖြစ်ကာ လမ်းမတော်က သူနာပြု တက္ကသိုလ်တွင် တက်နေသူလေး ဖြစ်သည်။နာမည် အပြည်အစုံကိုတော့ သာဂိ မမှတ်မိတော့ ။ သာဂိရွာက ထွက်လာစဉ် ခြောက်တန်းလောက်က သူမက နှပ်ချေးတွဲလောင်းနှင့်သာရှိသေးသည်။

သာဂိသည် မိစိုးကို ညနေစောင်းတိုင်း မျှော်တတ်လာသည်။ သူမျှော်နေသည်မှာ ဆေးထည့်ခံဖို့ မဟုတ်သလို အမျိုးတော်သော မိစိုးကိုလည်း မဟုတ်ပါ။ မိစိုး နှင့် အဖော်လိုက်လိုက်လာတတ်သော မိစိုး သူငယ်ချင်း လှသွေးကို ဖြစ်သည်။ 

လှသွေးသည် နာမည်နှင့် လိုက်အောင် အလှသွေးတွေ စုနေသော ကောင်မလေး ဖြစ်သည်။ လှိုင်သာယာ ဘက်တွင် နေသည်ဟု ဆိုသည်။ဘယ်မှာနေသည် ဘာတွေ လုပ်သည် ဆိုတာ သာဂိ အတွက် အရေးမကြီး။ သာဂိ ရောဂါဟောင်း ပြန်ထလာပြီ ဖြစ်သည်။ 

သူမသည် မိဖြူနှင့် အလွန်တူသည်။ သူမ မျက်နှာလေးကို ကြည့်ရသည်မှာ မိဖြူ ကို ကြည့်ရသလို ဖြစ်သည်။ မတူတာ နှစ်ခုပဲ ရှိသည်။ မိဖြူက အသားဝင်းပြီး သူမက ဖြူခြင်းဖြစ်ကာ နောက်တစ်ခုက မိဖြူသူ့ကို ကြည့်နေတတ်သော ရွှန်းလဲ့ရီဝေ နေတတ်သော မျက်ဝန်းများ သူမမှာ မရှိခြင်း ဖြစ်သည်။သို့ရာတွင် သူမ၌ သူနာပြုက လူနာအပေါ်ကြည့်တတ်သော ကြင်နာသည့် အကြည့်လေးတော့ ရှိတတ်သည်။ ကိစ္စမရှိပါ။ သူမ မျက်ဝန်းလေးတွေ ရွှန်းလဲ့ သွားအောင် လုပ်ဖို့ ကိစ္စသည် သာဂိ တာဝန်သာ ဖြစ်သည်။

သို့ရာတွင် သာဂိသည် ဇာတ်လမ်းကို ချက်ချင်းကြီး မစဝံ့သေး။ အဘယ့်ကြောင့် ဆိုသော် သူမတို့က နာမည်ကျော် ပိတောက်ဆောင်သူများ ဖြစ်နေ၍ ဖြစ်သည်။ သူမတို့ အဆောင်ရာဇဝင်ကလဲ ခပ်သေးသေးတော့ မဟုတ်။မိစိုး ပြောပြသည့် အတိုင်း သာဂိ ကြားရသည်က ဤသို့ ဖြစ်သည်။ မနှစ်က သူမတို့ စာမေးပွဲ ဖြေဆိုချိန် နီးကပ်လာချိန်တွင် အားလုံးလိုလို ဝရံတာထွက် စာကျက်ကြသည် ဆိုသည်။ 

အခန်းထဲတွင် စာမေးပွဲဖြေပြီးသည်နှင့် ပြန်ရန် အထုပ်အပိုး များ ထုပ်ပိုး ချည်နှောင်ထားသည်က တစ်ကြောင်း၊ အိမ်အပြန် လက်ဆောင်များနှင့် ရှုပ်ယှက်ခတ်နေသည်က တစ်ကြောင်း တို့ကြောင့် လွတ်လွတ်လပ်လပ် ဝရံတာပေါ်ထွက် စာကျက်ကြခြင်း ဖြစ်သည်။

လှသွေးကတော့ ထုပ်သိမ်းစရာ များများ မရှိသလို၊ လက်ဆောင်လဲ ဝယ်စရာ မလို၍ အခန်းထဲတွင်ပင် စာကြည့် နေသည် ဆိုသည်။ စာကြည့်ရင်း တန်းလန်း အိပ်ပျော်သွားရာမှ သူမ ဘေးက ခြင်ထောင်ကို တစ်ယောက်ယောက်က ပြူတင်းပေါက်ကနေ ဆွဲနေကြောင်း သတိထားလိုက်မိသည်။

သူမလဲ ရုတ်တရက် သရဲ၊ တစ္ဆေများလားဟု အထင်မှားမိသော်လည်း သေချာကြည့်သောအခါ အပြင်ကလူသည် ခြင်ထောင်အစွန်းတွင် ချိတ်ထားသော လက်ကိုင်အိတ်ကို ဆွဲနေခြင်း ဖြစ်ကြောင်း တွေ့ရသော အခါ 

“ သူခိုး ၊ သူခိုး” 

ဟု အော်ဟစ် အကူညီ တောင်းတော့သည်။သူခိုးသည် အပေါ်ဆုံးထပ်သို့ အိမ်သာ ပိုက်လုံးမှ တစ်ဆင့် တွယ်တက်လာကာ လှသွေးအခန်း ပြတင်းပေါက် ပွင့်နေသည်ကို တွေ့၍ အပြင်မှ လှမ်းဆွဲခြင်း ဖြစ်သည်။ ကျောင်းသူတစ်ဦး ရှိနေတာ တွေ့သော်လည်း မိန်းမငယ်လေးမို့ မှုလောက်စရာ မရှိဟု သဘောထားပုံလည်း ရသည်။ 

သို့သော် လှသွေးက ကြောက်ကြောက်နှင့် ငယ်သံပါအောင် အော်သောအခါ စာကျက်နေကြသော ကျောင်းသူ အပေါင်းသည် ရရာ တံမြက်စည်း၊ အဝတ်လျှော်တုတ်၊ ပေါက်တူးနှင့် ခက်ရင်းတို့ကိုကိုင်ကာ ပြူတင်းပေါက် အပြင်မှ သူခိုးကို လှမ်း ထိုးခုတ်ကြ၏။ 

သူခိုးဆင်းမည့် ပိုက်လုံးအောက်ခြေတွင် လည်း ကျောင်းသူ ငါးဆယ်ခန့်သည် အုတ်ခဲကျိုး၊ တုတ်ချောင်းတို့နှင့် အဆင်သင့် ရှိနေသော အခါ သူခိုးသည် အထက်လည်း ဆက်မတက်နိုင်၊ အောက်လည်း ပြန်မဆင်းရဲ၊ အခန်းထဲလည်း ဝင်မရနှင့် ပိုက်လုံးတစ်လျှာက် ဗျာများနေသည် ဟူသတည်း။သို့ရာတွင် သူခိုးကား မိန်းမပျိုတို့၏ အားနည်းချက်ကို လျှပ်တစ်ပျက်အတွင်း စဉ်းစားမိပုံရသည်။ သူ့အတွက် အချိန်က အရေးကြီးလေပြီ။ 

သိပ်မကြာခင် ယောက်ကျားသားများ ရောက်လာပါက သူ့အဖို့ လွယ်မည် မဟုတ်တော့။ ရဲစခန်း မရောက်ခင် သူရဲကောင်းများ လက်ချက်နှင့် သူ အသက်ထွက်သွားနိုင်သည်။ သူနာပြု သင်တန်းကျောင်း ဆိုသည်ကား အိမ်ထောင်မရှိသူ အပျိုများချည်း ရှိသည့်နေရာ မဟုတ်ပါလော.. ဒီလို နေရာမျိုးတွင် လူစွမ်းပြချင်သူ အမြောက်အများ ရှိနိုင်လေသည်။ သူခိုးသည် ပိုက်လုံးအလယ်တွင် ကြံရာမရ ဖြစ်နေရင်းမှ ပုဆိုးကို ဖြေချလိုက်သည်။ အောက်က ဝိုက်လုံး အောက်ခြေကို ဝိုင်းထားသော ကျောင်းသူ အုပ်ကြီးသည် 

“ ဟင်” ကနဲ၊ “ ဟာ” ကနဲ ဖြစ်ကာ

 “ ###.. သူခိုး၊ ရိုင်းစိုင်းသူကောင်”

ဟုသာ အော်ဟစ်ကာ ဘေးကိုရှဲသွားကြသည်။ သူခိုးသည် ပုဆိုးအောက်တွင် ဘာမျှ ဝတ်မထားချေ။ ထိုအခါ အောက်ခြေရှင်းသွားပြီ ဖြစ်သော လမ်းကြောင်း အတိုင်း သူခိုးသည် ဘုရင် မင်းတရားကြီး ကြွချီတော်မူသည့် အလား တွဲလောင်း တွဲလောင်း၊ တန်းလန်း တန်းလန်း ဖြင့် အေးအေးဆေးဆေး ထွက်သွားသည် ဟူသတည်း။ 

ကျောင်းသူများကား ရိုက်ဖို့နှက်ဖို့ မဆိုထားနှင့် မျက်နှာကို လက်ဝါးနှင့်အုပ်ထားမိ၍ ဘယ်သူမှန်းပင် မမှတ်မိလိုက်ကြတော့။ထိုကိစ္စကို အခဲမကျေသော ကျောင်းသူကြီးများက အဆောင် နံရံပေါ်တွင် အောက်ပါအတိုင်း သတိပေးစာ ကပ်ထားသည် ဟူသတည်း..

“ ကျေးဇူးပြုရ၍ မည်သည့် သူခိုးမဆို လေးစားလိုက်နာရမည်(သတ္တိရှိခဲ့ပါလျှင်) အတွင်းခံဘောင်းဘီ ပါမှသာ အဆောင်ပေါ် တက်ခိုးခွင့် ရှိသည်”

ပုံ

ပိတောက်ဆောင်

ရန်ကုန်သူနာပြု တက္ကသိုလ်

သာဂိအိပ်ယာထဲ လှဲနေစဉ်အတွင်း ပြူးကျယ်လည်း ရောက်လာတတ်သည်။ သူလည်း ဥမ္မာနှင့် ပြန်အဆင်ပြေနေသည်ဟု ပြောသည်။ သာဂိက သူသိချင်သော အိမ်ထောင်ရေးအကြောင်းကို မေးသောအခါ ပြုးကျယ်က မြန်မာစာရေးဆရာကျော်ကြီး နှစ်ဦး၏ စကားဖြင့် ပြန်လည်ဖြေကြားသည်မှာ ဤကဲ့သို့ ဖြစ်သည်။

“ ဆရာသော်တာဆွေက ပြောတယ်ကွ.. စင်စစ်တော့ အိမ်ထောင်ရေးမှာ သုခဆိုတာ လုံးဝမရှိ၊ အမှန်အားဖြင့် မိမိစိတ်ကို လှည့်စားနေခြင်းဖြင့် ဒုက္ခကို ဖုံးကွယ် ထားတတ်ကြသည်။ သို့ရာတွင် ရံဖန်ရံခါ ရရှိတတ်သော စိတ်ကြည်နူးမူ သုခလေးဖြင့် ကျေနပ်ကြရသည်သာ ဖြစ်သည် တဲ့။

နောက်ပြီး ဆရာကြီး ဒဂုန်တာရာကလဲ ဒီလိုပြောသေးတယ်ကွ … ကိုယ်တိုင် အိမ်ထောင်ရေးကို မကြုံဖူးသော်လည်း အောင်မြင်နေသော သူများ အိမ်ထောင်ရေးများကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ခွင့်လွှတ်နိုင်ခြင်း ဟာ အိမ်ထောင်ရေး အောင်မြင်မူရဲ့ အဓိက အချက်ပဲလို့ မြင်မိတယ်၊

ခွင့်လွှတ်နိုင်လေ အိမ်ထောင်ရေးမှာ အောင်မြင်လေ လို့ဆိုလိုချင်တာပဲ၊ မှန်၊ မမှန်တော့ မပြောတတ်လို့ ဆရာကြီးက ဆက်ပြောသေးတယ်။ ငါတော့ မှန်တယ် ထင်တာပဲ။ ငါ့ကတော့ သူတို့နှစ်ယောက် ပေါင်းပြောတဲ့ ရံဖန်ရံခါ သုခလေးကြုံရဖို့ အမြဲတမ်း ခွင့်လွှတ်ထားတယ်ကွာ”

“ ဟေ…”

သာဂိ ခမျာ ဟေ ကနဲ တစ်ခွန်းသာရွတ်နိုင်ပြီး ပြူးကျယ်၏ အယူဆသစ်ကို စဉ်းစားနေမိသည်။ ဟုတ်ချင်လဲ ဟုတ်ပေမည်။ ဘာလုပ်လုပ်၊ ဘာပြောပြော ခွင့် လွှတ်ထားမှတော့ ဘာပြဿနာနှင့် ကြုံတော့မည်နည်း။သာဂိသည် ပြူးကျယ်နှင့် မိစိုးတို့ မလာသည့် ရက်များဆိုလျှင် စာအုပ်တွေသာ လှိမ့်ဖတ်နေမိသည်။ သူ မြန်မာပြည် တစ်လွှား ဒိုးကလေးလို လိမ့်နေစဉ် အတွင်း ဦးလေးနှင့် အဒေါ် ဝယ်ထားသော စာအုပ်တွေသည် ဘီရိုကြီး တစ်လုံးစာလောက် ရှိနေသည်။ ထို့ကြောင့် သာဂိ စာအုပ်များများ ဖတ်ဖြစ်သည်။

အဲ.. မိစိုးတို့ လာသော နေ့များဆိုလျှင်တော့ သာဂိ စာမဖတ်ဖြစ်။ သူ့အကြည့်တွေကို မိစိုးရော၊ လှသွေးပါ ရိပ်မိနေကြပြီ ထင်သည်။ မိစိုးသည် စပ်ဖြဲဖြဲနှင့် သူ့ကို စနောက်ချင်သည်။ သူက လှသွေး ရှက်ပြီး နောက်မလာတော့မှာ စိုးသဖြင့်သာ နည်းနည်း ဟန့်တားသလို မျက်နှာ တင်းပြထားရသည်။ အမှန်တော့ စစေချင်ပါသည်။

လှသွေးကတော့ ဘာမျှမဖြစ်သလို မျက်နှာအမူအယာလေးနှင့် ရှိနေတတ်သည်။ သာဂိ ခန့်မှန်း တတ်ပါပြီ။ သူတို့ မိန်းကလေးတွေသည် ဒီလို ကိစ္စမျိုးတွင် ဟန်ဆောင် ကောင်းကြသည်။သိပ်မကြာခင်တွင် သာဂိ ဗိုက်က ချူပ်ရိုးဖြေသည်။ ခွဲထားသောနေရာက အသားတက်ဖို့တော့ နည်းနည်း ကျန်သေးသည်။ သို့သော် စိုးရိမ်စရာတော့ မရှိတော့ ဟုဆိုသည်။ 

သာဂိ ဆေးရုံတက်ကတည်းက အစားကောင်းကောင်းမစားရ၊ အစောပိုင်းကဆို ဂလူးကို့စ်ပိုက်နှင့်သာ နေရသည်။ နောက် အရည်လေးနည်းနည်း၊ နောက် အစာပျော့၊ ခုတော့ ထမင်းအနည်းငယ်တောင် စားနိုင်နေပြီ ဖြစ်သည်။ သို့ရာတွင် လူကတော့ တော်တော် ပိန်ကျသွားသည်။ 

ပေါင် ၁၆၀ ကျော်ရှိသော သာဂိ ခန္ဒာကိုယ်သည် ၁၂၀ လောက်သာ ကျန်သည်။ သာဂိသည် ကိုယ့်ကိုကိုယ် မနည်း ပြန်လည်ထူထောင်ရသည်။ ဖြေးဖြေးချင်း လမ်းလျှောက်ခြင်းနှင့် စရသည်။စလျှောက်စက ခြေလှမ်း ၁၀ လှမ်းလောက်ဆို သာဂိ မလှမ်းနိုင်တော့။ လူက နှုံးချိသွားသည်။ သို့သော် နောက်ပိုင်း တစ်ဖြည်းဖြည်းနှင့် ၁မိုင်၊ လောက်ထိ လျှောက်နိုင်လာသလို၊ အနာကလဲ လုံးဝ ပျောက်သလောက် ဖြစ်သွားသည်။

အနာဖေးသည် ကြောင်တစ်ကောင် ကုတ်ရာလောက်သာ ဗိုက်ပေါ်တွင် ကျန်သည်။ သို့သော် အောက်က အမာရွတ်ကတော့ ကင်းခြေများကြီး တစ်ကောင် တင်ထားသကဲ့သို့ ရှိသည်။ 

ထို့အတူ လှသွေးတို့လည်း အလာကျဲသွားသည်။ သို့သော် သာဂိက ခဏခဏ သွားတွေ့နေသည်။ အကြောင်းပြချက်ကလဲ ကောင်းပါသည်။ မိစိုးဖို့ ဟင်းစားပို့ပေးခြင်း ဖြစ်သည်။ သို့ရာတွင် သူပို့သမျှသည် မိစိုးကြိုက်တတ်သော ဟင်းတွေ မဟုတ်ပါ။လှသွေး ကြိုက်သော ဟင်းတွေသာ ဖြစ်သည်။ လှသွေးသည် အိမ်မှာတွေ့စဉ်တုန်းကနှင့် အဆောင်မှာ တွေ့ရတာ သိပ်တော့ မတူချေ။ အိမ်မှာတုန်းက ရှက်နေတာလား မသိ။ 

စကား သိပ်မပြော၊ အဆောင်မှာတွေ့သော အခါတွင် ဆိုလျှင်မူ သူ့အားကိုးတွေ ရှိ၍ ရဲတင်းသလား မဆိုနိုင်။ တော်တော် သွက်သွက်လက်လက် ရှိသည်။

သာဂိ ရွာပြန်ဖို့ စိတ်ကူးမရှိတော့။ ရန်ကုန်မှာ တစ်ခုခု လုပ်မည် စိတ်ကူးထားသည်။ သူ့မှာရှိသမျှနှင့် နိုင်သလောက် ခွင်လေးတွေအတွင်း စနည်းနာကြည့်သောအခါ အသက်သာဆုံးသည် ဘောပွဲ လုပ်ဖို့ ဖြစ်လာတော့သည်။သိပ်များများလဲ ရင်းစရာမလို၊ ဒိုင်ကြီးထံတွင် စပေါ်တင်ထားပြီး သူက ချပေးသည့် ကြေးအတိုင်းဖွင့်ကာ လာထိုးသမျှကို ဖုန်းနှင့် လှမ်းတင်ပေးခြင်း ဖြစ်သည်။ 

လူလဲ သက်သာသလို နှစ်ဖက်ခွလဲ ရသည်။ ထိုးသားတစ်ယောက်က ငွေတစ်ရာ ထိုး၍ သူက ဒိုင်ကိုလှမ်းတင်တိုင်း ထိုတစ်ရာ အတွက် ကော်မရှင် တစ်ဆယ်ရသည်။ 

ထိုးသားကနိုင်၍ ဒိုင်က ပြန်လျော်ပြန်လျှင်လဲ အကောက်ဟု ဆိုကာ ထိုးသားထံမှ တစ်ရာကို တစ်ဆယ် ကောက်သည်။ ထို့ကြောင့် သာဂိသည် အဝင်တစ်ဆယ်၊ အထွက် တစ်ဆယ်နှင့် အလုပ်ဖြစ်နေပြန်သည်။ သာဂိ က ဆရာမကြီး တူဖြစ်၍ ယုံကြည်ကြသောကြောင့်လား မပြောတတ်။ သာဂိသည် ဘောပွဲရှိသည့် နေ့များဆိုလျှင် တစ်ရက် သောင်းဂဏန်းလောက်တော့ အောက်ထစ်ရသည်။

ဒါတောင် သာဂိ ရံဖန်ရံခါ လုပ်တတ်သည့် ကြေးဟတာ မပါသေးချေ။ဘာပဲ ပြောပြောသာဂိသည် အဆင်ပြေနေပြန်သည်။ ဖုန်းတစ်လုံး ငှားကိုင်ပြီး ခါးချိတ်ထားကာ ပိုက်ဆံအိပ်ခါးပတ်ကြိုးကြီးပတ်၍ အင်းစိန်လမ်းမပေါ်တွင် ဘောင်ချာ ဖွင့်နေတတ်သည်။ 

သို့ရာတွင် သာဂိတွင် အခက်ခဲ တစ်ခုရှိသည်။ လှသွေးက သူ့ချစ်ခြင်းတွေကို မသိဘူး၊ မပြောတတ်ဘူးနှင့် ကျောင်းပြီးမှ စဉ်းစားမယ် လုပ်နေခြင်းပင်။ မိစိုးကလည်း အားကိုးရပါသည်။ 

အချိန်ရတိုင်း ဝင်ဝင်လှော်ပေးတတ်သည်။ ထိုအတွက်တော့ ဒင်းအဆောင်ကို တစ်ပတ် တစ်ခါလောက် ရွှေဘဲက ဘဲကင် တစ်ခြမ်း ဆက်သနေရသည်။ သာဂိ အရင်းနှီးမြုပ်နှံသည့် သဘော မဟုတ်သော်လည်း ထိုကောင်မလေးကို ဝယ်ကျွေးရ ကျိုးတော့ နပ်ပါသည်။ ဝါဆို လပြည့်နေ့ သူမတို့ ကျောင်းပိတ်ရက်တွင် သာဂိသည် ဘုရားလိုက်ပို့ခွင့်ရခဲ့သည်။ထိုနေ့က သာဂိသည် တက္ကဆီ တစ်စီးငှားကာ သူမတို့ကို အဆောင်ရှေ့သို့ သွားခေါ်သည်။ လှသွေးသည် ပန်းနုရောင် အင်္ကျီလက်ရှည်လေးနှင့် ချောကလက်ရောင် ထမီလေးကို ဆင်မြန်းကာ လှချင်တိုင်းလှနေသည်။သာဂိသည် သူမကို ငေးနေမိသည်။ မိစိုးက ကားထဲ ဝင်ထိုင်ရင်း

“ မျက်လုံးတွေ ကျွတ်ပြီး သွားမှန်နေဦးမယ်” 

ဆိုမှ သာဂိ ရှေ့ပြန်လှည့်ရသည်။ ဘေးက တက္ကစီ သမား အစ်ကိုကြီးတောင် ပြုံးစိစိ ဖြစ်နေရာ သာဂိ နည်းနည်း ရှက်သွားသည်။ဒီနေ့က လပြည့်နေ့မို့ထင်သည်။ လိုင်းကားတွေ အားလုံးပြည့်ကျပ်နေသည်။ ဘုရားသွားသည့် သုံးကားဆိုလျှင် တော်ရုံ မိန်းကလေး မတိုးနိုင်လောက်အောင် ပြည့်နေတတ်သည်။

သို့ရာတွင် ဤအထင်သည် သာဂိ အထင်သာ ဖြစ်၍ ရန်ကုန်သူတို့ကမူ ငါးရှဉ့်တစ်ကောင် ရွံ့ထဲ ဝင်သွားသလို လျှောကနဲ၊ လျှောကနဲ တိုးဝင် တက်သွားတတ်ကြသည်။ သာဂိ မျက်စိရှုပ်စရာတွေကို ဆက်မကြည့်တော့ပဲ အာရုံတွေကို နောက်ကြည့်မှန်ဆီ ပို့လိုက်သည်။ 

တိုက်တိုက် ဆိုင်ဆိုင် လှသွေးသည် ဘယ်အချိန်ကတည်းက သူ့ကို ကြည့်နေသည် မသိ။ နောက်ကြည့်မှန် သေးသေးလေးထဲတွင် သူမ၏ မျက်ဝန်းလေးတွေနှင့် ဖျပ်ကနဲ ဆုံမိကြသည်။သူမ ချက်ချင်း တစ်ဘက်သို့ မျက်နှာလွှဲသွားသည်။ သူမ ပြုံးလိုက်သလား.. သိပ်တော့ မရေရာ။ သာဂိ ချက်ချင်းပင် စိတ်ထဲတွင် ကြည်နူး သွားမိသလို လွမ်းသလိုလိုလည်း ဖြစ်သွားသည်။

ထိုအပြုမူလေးမျိုးကို တစ်ချိန်တုန်းက မိဖြူလည်း လုပ်ခဲ့ဖူးသည် မဟုတ်ပါလား။ သာဂိ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ လှသွေးကို မိဖြူလိုတော့ ဘယ်နည်းနှင့်မျှ အဖြစ်မခံတော့။ဘုရားပေါ်က အပြန်တွင် လှည်းတန်းလမ်းဆုံက အပေါ်ထပ်က ဘာဂါဆိုင်လေးထဲတွင် သူတို့ အအေးသောက်ကြသည်။ ဆိုင်အပြင်ဘက် ဝရံတာဘက်က ထောင့်စားပွဲတစ်လုံးတွင် ထိုင်ကာ လှည်းတန်းလမ်းဆုံကို ငေးမောရင်း တိတ်ဆိတ်စွာ ထိုင်နေမိကြသည်။ 

သာဂိက မိစိုးရှေ့တွင် လှသွေးကို ဘယ်လို ပြောရပါ့မလဲ ဟု စဉ်းစားနေခိုက် မိစိုးက အလိုက်တသိ အိမ်သာ သွားဦးမည် ဆိုသည်။ လှသွေးသည် ခေါင်းလေးငုံ့ရင်း အအေးခွက်က ပလတ်စတစ်ပိုက်တံလေးကို ဖြေးဖြေးချင်း စုပ်နေရာမှ အလန့်တကြားကြည့်ကာ သူမပါ လိုက်မည် ဆိုကာ အတင်း ထလိုက်သွားသည်။ 

သာဂိ စိတ်နည်းနည်း ညစ်သွားသလို ရယ်လဲ ရယ်ချင်သွားသည်။ သူမ ကြောက်နေတာ ဖြစ်မည်။ ခဏကြာတော့ နှစ်ယောက်သား ပြန်ရောက်လာသည်။မိစိုးက ဘာတွေ သွန်သင် ပြုပြင်ပေးလိုက်သည် မသိ။ သူမ နှုတ်ခမ်းလေးတွေ ပိုပြီး စိုလာကာ၊ ပါးမို့လေးတွေ ရဲလာသည်။ထိုင်ခုံတွင် ထိုင်ကြရုံမျှ မကြာသေး မိစိုးက

“ ဟယ်တော့ ၊ အိမ်သာထဲမှာ လက်ကိုင် ပဝါ ကျန်ခဲ့ပြီ” 

ပြောပြောဆိုဆို ထထွက်သွားရာ လှသွေးက လှမ်းဆွဲလိုက်သော်လည်း မမိလိုက်တော့။ သူမသည် အသားစားတတ်သည့် ကျားရဲတစ်ကောင်ရှေ့ ရောက်နေသာ သမင်ငယ်လေးနှင့် တူနေသည်။ ခေါင်းကို မဖော်တမ်း ငုံ့ထားရင်း လက်နှစ်ဘက်ကို တင်းတင်းဆုပ်ထားသည်။ သာဂိ ငြိမ်းငြိမ်းကို သတိရမိပြန်သည်။ ငြိမ်းငြိမ်းလဲ ရှက်လာလျှင် ဤသို့ ပြုမူတတ်သည် မဟုတ်ပါလား။ 

သာဂိ ဆုံးဖြတ်မိပြန်သည်။ လှသွေးကို ငြိမ်းငြိမ်းလို လုံးဝ မဖြစ်စေရ ဟု။ သူမသည် ခေါင်းလေးငုံ့ကာ လက်လေးနှစ်ဘက်ကို တင်းတင်း ဆုပ်နယ်ရင်း အသက်ကို ခပ်ပြင်းပြင်းလေး ခိုးရှုနေသည်။ သာဂိ သူမ ဘယ်လက်လေး၏ လက်သန်းဖျားလေးကို ဖြေးဖြေးချင်း ဆွဲယူလိုက်သည်။ သူမ မရုန်းပါ၊ တောင့်လဲ မထားပါ၊ သို့ရာတွင် သူမ ရင်တွေ အရမ်းခုန်နေသည် ဆိုတာကို လှိုင်းထ မတတ်လှုပ်ရှားနေသော ရင်အုံလေးကို ကြည့်၍ ခန့်မှန်းနိုင်ပါသည်။ သာဂိက ထိုလက်သန်းလေးကို လက်ဝါးပေါ်တင်ကာ ဖွဖွလေး နမ်းလိုက်ရင်း…

“ လှသွေး..” 

ဟုခေါ်လိုက်သည်။ပခုံးလေးကျူံ့သွားသည်မှ လွဲ၍ သူမက ပြန်မထူးပါ။

“ မင်းကို ကိုယ်ချစ်တယ်၊ လက်ထပ်ပါရစေ နော်”

သူမ က မျက်ဝန်းလေးတွေ လှန်ကြည့်သည်။ အို.. သူမ ငိုတော့မှာလား.. မျက်ဝန်းအိမ်လေးထဲတွင် မျက်ရည်ကြည်တွေ ပြည့်လျှံလာသည် ထင်ရသည်။သာဂိ အံ့သြစွာ ငေးကြည့်နေမိစဉ် သူမက သူမ လက်သန်းလေးကို ဖြေးဖြေးချင်း ပြန်ဆွဲယူသွားသည်။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment