Friday, December 15, 2023

ကြုံလေဘုံဘွေ အပိုင်း ( ၉ )

 ကြုံလေဘုံဘွေ အပိုင်း ( ၉ )

ဇာတ်သိမ်းပိုင်း

ဂျင်ကလိ ရေးသည်။

ညက သိသမျှ ကြားဖူးသမျှတွေ ခြေတိုအောင် လျှောက်သွားရင်း တော်တော်ပင်ပန်းသွားလို့ အောင်ဘညို(၃) နေတော်တော်မြင့်မှ အိပ်ရာက နိုးသည်။ နိုးပေမယ့် မထသေးဘဲ အိပ်ရာထဲမှာ ပက်လက်လှန်ရင်း ချိုချို ဘယ်များရောက်နေမလဲ လို့ စဉ်းစားကြည့်နေမိသည်။ သူ့ဇာတိမြို့ကို ပြန်သွားတာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ မငြိမ်းကို တွေ့ရင် အခြေအနေကို ပိုပြီး သိနိုင်လိမ့်မည်။ မငြိမ်းက ချိုချိုနှင့် အောင်ဘညို(၃)ကို သဘောတူသည့် သူဆိုတော့ ချိုချိုက သူနှင့် အတူရှိမနေရင်တောင် ဆက်သွယ်နိုင်ဖို့ ကြိုးစားပေးမှာ သေချာသည်။

ခက်တာက ရန်ကုန်မြို့မှာ အရေအတွက် မည်မျှလောက်အထိ ရှိမည်မှန်း မသိသော ပြည့်တန်ဆာတွေထဲမှာ မငြိမ်းကို ဘယ်လို ရှာရမှန်း မသိဖြစ်နေသည်။ ချိုချို နှင့် အတူ ဒီလောကကို စွန့်ပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားကြဖို့ တနေရာရာကို ထွက်သွားတာများလားဟုလည်း တွေးမိ၏။ ဒါဆိုရင်တော့ ရှာလို့မတွေ့သေးရင်တောင် မငြိမ်းအတွက်  အောင်ဘညို(၃) ဝမ်းသာ ပေးရမည် ဖြစ်သည်။ ဒါပေမယ့် ချိုချို့ကို ရှာဖို့ မငြိမ်းက အဓိက ကွင်းဆက်ဖြစ်နေသည့် အ တွက် လမ်းတွေပေါ်မှာ မငြိမ်းကိုမတွေ့ရတာ အပေါ် အပြည့်အဝ ဝမ်းမသာနိုင် ဖြစ်နေရသည်။

အောင်ဘညို(၃) အောက်ကို ဆင်းလာတော့ စိတ်ပျက်လက်ပျက် အမူအရာနှင့် ထိုင်နေသော ဆရာကြီး အောင် ဘညို(၂) ကိုတွေ့ရသည်။ တခြားအပြင်လူတွေ အမြင်မှာ တထေရာတည်းတူသည့် အောင်ဘညို ၃ ယောက်ကို ခွဲခြားရန် ခက်မည် ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ အချင်းချင်းတော့ တယောက်ကို တယောက် ခွဲခြားသိ သည်။ အောင်ဘညို(၁) ကို မြင်လိုက်တာနှင့် (၃) မျက်လုံးထဲမှာ တဏှာ အခိုးအငွေ့တွေကို အလိပ် လိုက်မြင်လာမိတာကြောင့် ဖြစ်မည် ထင်ပါသည်။

“ မင်းဖို့ အီကြာကွေးနဲ့ လဘက်ရည် ဝယ်ထားတယ်။ ပျော့တောင် ပျော့နေပြီလား မသိဘူး”

“ ဘာဖြစ်ဖြစ်ကွာ ဗိုက်ပြည့်ရင် ပြီးတာပဲ”

မျက်နှာတောင် မသစ်တော့ဘဲ အီကြာကွေးပျော့ပျော့ တချောင်းကို လဘက်ရည် အေးအေးကြီးနှင့် မျှောချလိုက် သည်။ ပြီး မှ မျက်နှာသစ် သွားတိုက် လုပ်ပြီး အောင်ဘညို(၃) ရှေ့ကို ပြန်ထွက်လာသည်။

“ သတို့သားလောင်းကြီး သွားပြီလား”

(၃) အမေးကြောင့် (၂) က မျက်စောင်းထိုးသည်။

“ အရူးဘုံမြှောက် သွားလုပ်မနေနဲ့။ ဒင်းက အရမ်းကြီးကို တက်ကြွနေတာ၊ ညက မင်းက တော်တော်နဲ့ ပြန်မလာ လို့ မသိတာ။ မမဖြူနဲ့ ဖုန်းပြောတာ အကြာကြီးပဲ။ အခုချက်ချင်း ယူမယ်ဆိုတာချည်းပဲ။ ချွဲ ညုနေတာတွေ နား ကြား ပြင်းကပ် လို့  သူများတွေ တွေ့လဲ တွေ့ဆိုပြီး လဘက်ရည်ဆိုင် သွားထိုင်နေလိုက်တယ်”

နှာဗူး နှင့် မမဖြူ အကြောင်းကို အစင်းသိဖြစ်နေသည့် အောင်ဘညို(၃) အသာလေး ငြိမ်နေလိုက်မိသည်။ မမဖြူ ၏ ကိုယ် ခန္ဓာနှင့် ရက်ရက်ရောရော တုန့်ပြန်မှုတွေကို နှာဗူးကောင်က ဘယ်လိုမှ မရှောင်နိုင်မှာ၊ လက်မလွှတ်နိုင် မှာကိုလည်း သိ နေသည်။ နောက်ပြီး သူပြောသလို မမဖြူ၏ ချမ်းသာကြွယ်ဝမှုကလည်း လူတိုင်း မက်လောက် စရာ ဖြစ်သည်။ ကိုယ့်ရပ် ကိုယ့်ရွာကို ခွဲခွာပြီး ရန်ကုန်တက်လာခဲ့သည်မှာ တိုးတက်ကြီးပွားမှုကို ရှာဖွေဖို့ မဟုတ် ပါလား။ နှာဗူး ကောင်ကို အောင် ဘညို(၃) အပြစ်မမြင်ရက်ပါ။

သဲသဲကို မစွန့်နိုင်သည့် ဆရာကြီးကိုလည်း နားလည်ပါသည်။ အောင်ဘညို(၃) ချိုချို့ကို သနားသည်။ သူ့ဘဝ လေးကို ကယ်တင်စောင့်ရှောက်ချင်သည်။ မယားဝတ္တရား ကျေပွန်မှာ သေချာသည့် အပြင် သူ့ကို စွဲစွဲလမ်းလမ်း ချစ်နေရှာသော ချိုချို နှင့် အတူ ဘဝကို အေးအေးချမ်းချမ်း ကျော်ဖြတ်ချင်သည်။ ဒါပေမယ့် သဲသဲက ရင်ထဲက တနေရာမှာ အမြဲတမ်းရှိ နေ တာကိုတော့ အောင်ဘညို(၃) သိနေပါသည်။

“ မင်း အပြင်သွားဦးမလား”

“ မသွားသေးပါဘူး။”

“ မင်းကောင်မလေး ဆီသွားချင်ရင်လည်း ညနေလောက်မှသွားကွာ၊ ငါ အပြင် ခနထွက်လိုက်ဦးမယ်။ မင်းဖို့ နေ့လည်စာ ဝယ်လာခဲ့မယ်။”

“ အေး ..အေး”

ဆရာကြီး ခေါင်းငိုက်စိုက် နှင့် အပြင်ထွက်သွားသည်။ သူ့ကိုကြည့်ရတာ တော်တော် စိတ်ညစ်နေပုံရသည်။ ဒီ ကောင်က အောင်ဘညို(၃) နှင့်လည်းမတူ နှာဗူးလိုလည်း မဟုတ် စဉ်းစဉ်းစားစား ပူပူပင်ပင် ရှိတတ်လွန်းသည်။ အခု ကိစ္စမှာ အောင် ဘညို(၃) နှင့် (၁) က ခေါင်းထဲ သိပ်ထည့်မထားပေမယ့် သူ့ကိုတော့ တော်တော် ဖိစီးနေပုံ ရသည်။ အမှန်တော ချိုချိုက သူ ထားရာနေ စေရာသွားမည့် တကောင်ကြွက် မိန်းကလေးတယောက်ဆိုတာကို သိနေလို့ (၃) လည်း ခုလိုနေနိုင်ခြင်း ဖြစ် ပါသည်။ နှာဗူးကတော့ မမဖြူကို လက်ထပ်ဖို့က လွဲရင် ကျန်တာတွေ စဉ်းစားသည့် ပုံမရှိပါ။

အောင်ဘညို(၃) အိမ်ရှေ့ခန်းမှာ လှဲပြီး စာဖတ်နေစဉ် (၂) ပြန်ရောက်လာသည်။

“ သဲသဲ ဆီသွားတာလား။”

“ ဒီအချိန် ကျောင်းမှာပဲ ရှိမှာပေါ့။ စိတ်ညစ်လို့ လဘက်ရည်ဆိုင်သွားထိုင်ရင်း အကြံထုတ်တာ”

“ အကြံရလား”

“ အေး၊ ဒါပေမယ့် ဖြစ်နိုင်ချေ ရာခိုင်နှုန်းတော်တော်နည်းတယ်။ ခက်တာက ငါစဉ်းစားလို့ ရတာက အဲဒီတခုပဲ တွေ့တယ်။”

“ ဘယ်လိုတုန်းဟ”

“ မင်း စဉ်းစားကြည့်ကွာ၊ မိန်းကလေး ၃ ယောက်နဲ့ ယောက်ျား ၃ ယောက် ယူကြတာက ဘာမှမဆန်းဘူး။ မိန်းကလေး  ၃ ယောက်နဲ့ ယောက်ျား တယောက်ဆိုတာက ဂွကျနေတယ်။ ငါတို့က ၃ ယောက်ဆိုပေမယ့် တကယ်က တယောက်ထဲပဲ လေ။ အားလုံးကလဲ တယောက်ထဲလို့ပဲ လက်ခံထားကြတာ။ မိန်းကလေးတွေက တနိုင်ငံစီ ဆိုလည်း ဟုတ်သေးရဲ့။ ပေါ် ကုန်ရင် ရှုပ်ကုန်မှာ”

“ ငါနဲ့ ချိုချို နဲ့ကတော့ လူမသိ သူမသိ ဇာတ်မြှုပ်နေရလည်း ရပါတယ်။ ပိုတောင် သဘောကျသေးတယ်”

“ အေးပါ။ မင်းဘက်က အဲဒီလိုမျိုးတော့ ရှိပါတယ်။ ငါနဲ့ ဟိုကောင်နဲ့ က ရှုပ်နေတာ။ သဲသဲရော မမဖြူရော ကိုယ့်အသိုင်း အ ဝိုင်းနဲ့ ကိုယ့်သိက္ခာနဲ့ ကိုယ်နေကြတာ။ ငါတို့ အဖြစ်ကလည်း လူသိအောင်ပြောလို့ မရတော့ မယားပြိုင်သဘောမျိုး ဖြစ် သွား ရင်ဘယ်လိုလုပ်မလဲ။ ဟိုဂြိုဟ်သားကို ပြန်ရှာလို့ရရင်လည်း ကောင်းသားကွာ၊ တယောက်ထဲ ပြန်လုပ်ခိုင်းလိုက်ရင် အေးရော”

အောင်ဘညို(၃) လည်း တွေးမိပါသည်။ ဒါပေမယ့် လောလောဆယ်မှာ သူနှင့် ချိုချိုက အနေသာကြီးလို ဖြစ် နေတာ ကြောင့်ရော အဖြေမထုတ်တတ်တာကြောင့်ရော အသာမျှောလိုက်နေမိခြင်း ဖြစ်သည်။

“ အခု …မင်း ဘယ်လို စိတ်ကူး ရလာသလဲ။”

(၂) က လက်ထဲက ထမင်းထုပ်တွေကို နောက်ဖေးမှာ သွားထားလိုက်ပြီး (၃) ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ ငါတို့ ၃ ကိုယ်ခွဲလိုက်တာ ၁ နှစ် ပြည့်တော့မယ်၊ လေးငါးရက်ပဲ လိုတော့တယ်။ မင်းမှတ်မိသလား။”

“ ဟင့်အင်း … ငါ ..အဲဒါ မေ့နေတယ်။”

“ အဲဒီတုန်းက သူပြောသွားတယ်လေ ငါတို့ဆီက နမူနာတွေ လာယူတယ်ဆိုတာ၊ ခုလို တနှစ်ပြည့်တဲ့ အချိန်မှာ သူတို့ တခေါက်ပြန်လာရင်လည်း လာနိုင်တယ်။”

“ သိပ်မသေချာဘူးလေကွာ”

“ အေးလေ၊ ဒါကြောင့် ရာခိုင်နှုန်း နည်းတယ်လို့ ငါပြောတာပေါ့။ ဒါပေမယ့် သူ့ကို အဲဒီနားမှာ ငါတို့သွားပြန်ရှာပြီး ပြန် ပေါင်း ခိုင်းလိုက်ရင် ကောင်းမလားလို့၊ လက်ရှိ အခြေအနေတွေကိုကွာ …. တယောက်ထဲ အနေအထားနဲ့ပဲ ဆုံးဖြတ်လိုက်ရင် ကောင်းမလားလို့ပါ။ တယောက်ထဲ ဖြစ်သွားတဲ့ အောင်ဘညိုက ရွေးမယ့် ရလဒ်ကိုပဲ လက်ခံ လိုက်တာ အဆင်ပြေမယ် ထင်တယ်”

“ မဆုံးဖြတ်တတ်ရင်ရော”

“ အဲဒီကျတော့လဲ အဲဒီ အလျှောက်ပေါ့ကွာ၊ အခု အတိုင်းက မလွယ်ဘူးကွ၊ မမဖြူတို့ သဲသဲတို့ မင်းကောင်မလေး ချိုချိုတို့၊ နောက်ပြီး သူတို့ အသိုင်းအဝိုင်းတွေ ငါတို့ မိတ်ဆွေတွေ အသာဖယ်ထားဦးကွာ၊ အမေနဲ့ အဖေကို တောင် ဘယ်လိုရှင်း မလဲ၊ သူတို့က မိဘမို့ လက်ခံကြတယ် ထားကွာ၊ ကျန်တဲ့သူတွေက အောင်ဘညို ၃ ယောက် ဆိုတာကို ဘယ်လို ယုံကြ မလဲ။ နောက်ဆုံးကွာ အစိုးရ တရားဝင် မှတ်တမ်းမှတ်ရာတွေ မှာတောင် အောင်ဘညိုကတယောက်ထဲကွ။ ငါတို့ တ သက်လုံး ပုန်းလျှိုးကွယ်လျှိုးနဲ့ ဒီလိုပဲ နေနိုင်မှာလား”

ရှည်လျားစွာ ပြောလိုက်ပြီးနောက် ဆရာကြီး သက်ပြင်းချသည်။ သူပြောတာ မမှားမှန်း အောင်ဘညို(၃) သိပါ သည်။ ဒါ ပေ မယ့် ကံကောင်းထောက်မစွာ ပြန်ပေါင်းလို့ ရနိုင်ခဲ့လျှင် တယောက်တည်းသော အောင်ဘညိုက ချိုချို့ကို မရွေးချယ်မှာကို တွေးပြီး စိုးရိမ်နေမိ၏။ ၂ ကိုယ်ခွဲလောက်ဆိုရင်လည်း ကောင်းသားဟု တွေးမိသည်။ တယောက်က မမဖြူ သို့မဟုတ် သဲသဲ ကို ယှဉ်စဉ်းစားချိန်မှာ သူက ချိုချို့ကို ခေါ်ပြီး အဝေးဆုံး တနေရာကို ထွက်သွားလိုက်ရုံပင်။

“ ပြန်ပေါင်းဖို့ အကြံကို မင်းဘယ်လို သဘောရသလဲ။ ဟိုကောင်ကတော့ သဘောတူချင်မှ တူမှာ။ ဒါကြောင့် မင်းကိုအရင် တိုင်ပင်တာ။”

“ ငါလဲ မပြောတတ်ဘူးကွာ၊ စဉ်းစားကြည့်ဦးမယ်။”

အောင်ဘညို(၃) အနေဖြင့် ဖြစ်နိုင်ချေ အလွန်နည်းသည့် ဒီအကြံကို ကန့်ကွက်လိုသော စိတ်မရှိပါ။ အမှန်တ ကယ်ပင် ဆုံးဖြတ်ရ ခက်နေခြင်းသာ ဖြစ်သည်။ သူ့ဆီက သောင်မတင် ရေမကျ စကားကို ကြားတော့ ဆ ရာ ကြီးလည်း နည်းနည်း စိတ်ညစ် သွားပုံရသည်။ ထပ်မပြောတော့ဘဲ အခန်းထဲဝင်သွားသည်။ အောင်ဘညို(၃) လည်း ဖတ်လက်စ စာအုပ်ကို ဆက်ဖတ် ဖို့ ကြိုးစားပေမယ့် အာရုံထွေပြားပြီး စာထဲမှာ စူးစိုက်လို့ မရဘဲ ဖြစ် နေသည်။ ဒါပေမယ့် ဘာမှ လုပ်စရာမရှိ၊ ဘာ လုပ်ရမှန်းလည်း မသိတာကြောင့် စာကိုပဲ ပေတေပြီး ဆက်ဖတ် နေလိုက်၏။ ဗိုက်ဆာ လာတော့ ထမင်းထစားသည်။ ပြီးတော့ စာဆက်ဖတ်သည်။

ညနေစောင်းတော့ သဲသဲကို ကျောင်းကြိုဖို့ ဆရာကြီး ထွက်သွား၏။ အပြန်မှာ ဟင်းဝင်ဝယ်လာမည် ဆို၍ အောင် ဘညို (၃) က ထမင်းအိုး တည်ထားလိုက်သည်။ စိတ်ရှုပ်နေသည့် ဆရာကြီးက သဲသဲနှင့် လေသိပ်ရှည်မ နေ ဘဲ ပြန်လာပုံရ သည်။ ထမင်းအိုးတည်ပြီးလို့ အောင်ဘညို(၃) ရေချိုးဖို့ ပြင်နေစဉ် ပြန်ရောက်လာသည်။

“ ဟိုကောင်က အန်ကယ်လ်နဲ့ ဒင်နာတခု လိုက်သွားရမယ်တဲ့ ဖုန်းလှမ်းဆက်တယ်။ အဲဒါနဲ့ ဟင်းလျှော့ဝယ် လာ တယ်။”

“ ဘာပဲ ဖြစ်ဖြစ် ဒီကောင့် ပုံစံက အေးအေးဆေးဆေးပဲနော်၊ ငါတို့လို ခေါင်းစားနေပုံမရဘူး။”

“ အဲဒါကြောင့် စိတ်ပိုရှုပ်တာပေါ့ကွာ၊ ဒီကောင့်နှယ် ဘယ်လို စိတ်ကူးရပြီး မမဖြူကို သွားချိုင်ရသလဲ မသိဘူး။”

“ ဟိုက ချိုင်တာလဲ ဖြစ်ချင်ဖြစ်နေမှာပေါ့”

မမဖြူ ကိုယ်တိုင် အပေါ်က တက်လုပ်ပေးတာကို ခံရဖူးသည့် အောင်ဘညို(၃) ကပြောလိုက်ရာ (၂) က ခေါင်းရမ်း၏။

“ မမဖြူ ဘယ်လောက် အနေတည်သလဲဆိုတာ မင်းလဲ သိပါတယ်။ ၃ ယောက် ဖြစ်ပြီးကထဲက ဒီကောင်ကိုက ဂျိုထောင် နေတာ။”

“ ငါလဲ မပြောတတ်ပါဘူးကွာ”

ကိုယ့်ဖက် မပတ်အောင် (၃) က လျှော့ချလိုက်ရသည်။ မမဖြူကို တခါ ရောကြိတ်ဖူးတာ တခုတည်းနှင့် မမဖြူ ကိစ္စမှာ နှာ ဗူးက သူ့အပေါ် နိုင်ကွက်ရထားသည် မဟုတ်ပါလား။

ထမင်းစားပြီးနောက် အောင်ဘညို(၃) က စာဖတ်၍ (၂) က တီဗီကြည့်နေစဉ် အိမ်ရှေ့မှ ခေါ်သံကြားရသည်။

“ ကိုအောင်ဘညို၊ ကိုအောင်ဘညို ရှိပါသလား”

တံခါးဝနှင့် နီးသည့် (၂) က ထချောင်းကြည့်သည်။

“ မိန်းမ တယောက်ကွ၊ ငါလဲ မသိဘူး။”

အောင်ဘညို(၃) ထကြည့်လိုက်ပြီးနောက် လှိုက်ကနဲ ဝမ်းသာသွားရသည်။ သူက မငြိမ်းကို တွေ့အောင်မရှာ နိုင်ပေမယ့် မငြိမ်းက သူ့ကို ရအောင်ရှာနိုင်ခဲ့ပြီ မဟုတ်ပါလား။

“ ငါ့ အသိကွ၊ ငါထွက်တွေ့လိုက်မယ်၊ လိုလိုမယ်မယ် အခန်းထဲ ဝင်နေပါလား”

တီဗီ မြန်မြန် ပိတ်ပြီး (၂)က အခန်းထဲ ဝင်သွားသည်။ အပြင်ကို အပြေးတပိုင်း ပြေးထွက်လာသော အောင် ဘညို(၃) မှာ မငြိမ်း၏ ခပ်တည်တည်မျက်နှာကြောင့် ခြေလှမ်းများ တုန့်သွားရသည်။

“ ကျွန်တော် မငြိမ်းကို လိုက်ရှာနေတာ”

“ ကြားတယ်။ ကျွန်မ အသိကောင်မလေးတယောက်ဆီက သတင်းရလို့ လိုက်လာတာ။”

“ မငြိမ်း ကျွန်တော့် အိမ် ဘယ်လိုသိတာလဲ”

“ အရင်ထဲက စုံစမ်းထားတာ၊ ဒါနဲ့ နေပါဦး ရှင့်ဟာရှင် အသစ်လေးတယောက်နဲ့ အဆင်ပြေနေပြီးမှ ကျွန်မ ကို ဘာလို့ လိုက် ရှာနေရတာလဲ”

“ ဗျာ၊ ဘယ်က အသစ်ကလေးလဲ။ ပေါက်ကရတွေဗျာ”

“ ရှင့်ကို ကောင်မလေး ငယ်ငယ်ချောချောလေး တယောက်နဲ့ ချိုချိုက တွေ့တယ်တဲ့”

ဒါကြောင့် ချိုချို ထွက်သွားတာဟု အောင်ဘညို(၃) သဘောပေါက်လိုက်မိသည်။ ကောင်မလေး ငယ်ငယ် ချော ချော ဆိုတာ က သဲသဲ နှင့် ဆရာကြီးပဲ ဖြစ်လိမ့်မည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ချိုချို့ကို အထင်မလွဲစေချင်ပါ။ ထို့ ကြောင့် စွန့်စားဖို့ ဆုံးဖြတ် လိုက်ရသည်။

“ အဲဒါ ကျွန်တော့် အကိုပါ။ ကျွန်တော်နဲ့ သိပ်တူပါတယ်။ မငြိမ်း မယုံရင် အထဲဝင်ခဲ့ပါ”

နားဝေတိမ်တောင် မျက်နှာနှင့် မငြိမ်း အိမ်ထဲလိုက်လာသည်။ သူ့ကို ကုလားထိုင် တလုံးမှာ ထိုင်ခိုင်းထား၍ အိပ်ခန်းထဲဝင် ပြီး ဆရာကြီးကို ခပ်တိုးတိုး အတိုချုပ် ရှင်းပြရသည်။

“ ချိုချိုက မင်းနဲ့ သဲသဲကို မြင်ပြီး ငါ့ကို စိတ်ဆိုးသွားတယ်။ မင်းလိုက်ရှင်းပြပေးပါ”

“ အဲ …အဲဒါကြီးက ချိုချိုလား”

“ ချိုချို နဲ့ ဆွေမျိုးလိုခင်တဲ့ အမကြီးပါ။ မင်းကို ငါ့အကိုလို့ ပြောထားတယ်။ ခနလေးပဲကွာ၊ မျက်နှာပြရုံပါပဲ”

ခနတွေသွားပြီးမှ ဆရာကြီး ထလိုက်လာသည်။ အဝတ် အစားကလွဲပြီး တထေရာတည်းတူသည့် အောင်ဘညို ၂ ယောက် ကိုမြင်တော့ မငြိမ်း ကြောင်သွား၏။

“ မငြိမ်း ဒါ ကျွန်တော့် အကို၊ တူတယ် မဟုတ်လား”

“ ဟုတ်တယ်၊ တကယ်ကို ချွတ်စွပ်တူတာ”

“ ကျွန်တော်တို့ကို ခနခန လူမှားခံရတတ်တယ်။ ဟိုဒင်း …ချိုချို ..တွေ့တယ် ဆိုတာ ကျွန်တော့် ကောင်မလေး သဲသဲ နဲ့ ကျွန် တော်ပါ။ မင်းကလည်း အမွှာ အကို ရှိတယ်ဆိုတာ ပြောပြမထားဘူးလား”

“ ဟို … အကိုတွေ ရှိတယ်ဆိုတာတော့ ပြောဖူးတယ်။ အ ..အမွှာဆိုတာတော့ မပြောမိဘူး”

“ ကဲ ..ကဲ .. အမတို့ အေးအေးဆေးဆေး ပြောကြပေါ့။ ကျွန်တော် အထဲမှာ အလုပ်ကလေး ရှိလို့ ခွင့်ပြုပါဦး”

ဆရာကြီး ပြန်ဝင်သွား ပြီးနောက် အောင်ဘညို(၃) က မငြိမ်းကို ဝင့်ကြွားစွာ ကြည့်လိုက်ရင်း

“ ကဲ … မငြိမ်း တွေ့တယ်နော်၊ ချိုချို့ကို ရှင်းပြပေးပါဗျာ။”

သက်သေ အထောက်အထား ပြလိုက်ပေမယ့် မငြိမ်း ပုံစံက ပြောင်းလဲ မသွားဘဲ ခုနက အတိုင်း ခပ်တည် တည် ပင် ဖြစ် သောကြောင့် အောင်ဘညို(၃) အံ့သြနေမိသည်။

“ အပြင်မှာ အေးအေးဆေးဆေး စကားပြောလို့ ရမလား။”

“ ရတယ်..ရတယ်၊ ခနစောင့်”

မတော်တဆ နှာဗူးပြန်လာရင် ထပ်ရှင်းနေရမှာ စိုးသည့် အပြင် သူနှင့် မငြိမ်းစကားတွေကနေတဆင့် ချိုချို့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကိစ္စတွေပါ အထဲကနေ ဆရာကြီး မကြားစေချင်တာကြောင့် အောင်ဘညို(၃) ဝမ်းသာ အားရသ ဘောတူလိုက်သည်။

အပြင်ဘက်မှာလည်း မှောင်နေပြီဖြစ်လို့ နှာဗူး ပြန်လာရင်လည်း လူလုံးမကွဲလောက်ပေမယ့် ပိုပြီးသေချာအောင် မငြိမ်းကို ဆန့်ကျင်ဘက် ခေါ်သွားလိုက်သည်။

“ မငြိမ်း ထမင်းစားပြီး ပြီလား။”

“ ပြီးပါပြီ၊ ရှင်ရော”

“ ကျွန်တော်လဲ စားပြီးပြီ၊ ဒါဆိုရင် အအေးပဲ သောက်ကြတာပေါ့”

လူရှင်းသည့် လမ်းဘေးအအေးဆိုင်လေးတခုမှာ ဝင်ထိုင်ပြီး ကြံရည် တယောက်တခွက် မှာလိုက်သည်။

“ ဒေါ်အေးကြည် ဆုံးသွားတာ ကျွန်တော် မသိလိုက်ဘူး”

“ ရှင်ကနယ်ပြန်သွားတယ်လို့ ချိုချို ပြောပါတယ်။ ကျွန်မတောင် အိမ်လာမေးမိလို့ ဆေးရုံတက်ရတာ သိလိုက် တာ ။ ကျွန်မ သတင်းသွားမေးတဲ့ နေ့မှာပဲ ဆုံးတာပဲ။ ချိုချို တယောက်ထဲဖြစ်နေလို့ ကျွန်မလဲ အလောင်း သဂြိုလ်ပြီးမှ အိမ်ပြန်ရတော့တယ်”

“ ဒါနဲ့ ချိုချိုက ကျွန်တော့် …အဲ ကျွန်တော့် အကိုကို ဘယ်တုန်းက တွေ့လိုက်တာလဲ”

မငြိမ်းက မပီတပီလေး ပြုံးလိုက်တာကို မြင်ရသည်။

“ အမှန်က ချိုချို တွေ့တာ မဟုတ်ဘူး ကျွန်မ တွေ့တာ။”

“ ဗျာ … အဲဒါနဲ့ မငြိမ်းက သူ့ကို ပြောပြလိုက်တယ်ပေါ့။”

“ မပြောပါဘူး။”

မငြိမ်းစကားကြောင့် အောင်ဘညို(၃) ခေါင်းခြောက်သွားရသည်။

“ ကျွန်မ က ..ဧည့်သည်တယောက်နဲ့ …ဟိုလေ..သိတယ်မဟုတ်လား။ တည်းခိုခန်းလိုက်သွားရင်း အဲဒီမှာ ရှင့် အ ကိုကို ကောင်မလေး တယောက်နဲ့ တူတူလာတာ တွေ့လိုက်တယ်လေ .. အဲဒါ”

ဒီတိုင်းဆိုရင် ဆရာကြီးနှင့် သဲသဲ အခြေအနေက သမီးရည်းစား အဆင့်မကတော့ပါ။ ဒါကြောင့် မမဖြူ ကိစ္စမှာ အ သည်း အသန် ကန့်ကွက်ချင်နေတာ ဖြစ်နိုင်သည်။ ဒါပေမယ့် လက်ရှိမှာ အောင်ဘညို(၃) အတွက် အရေး အကြီး ဆုံးက ချိုချို့ အခြေအနေသိရဖို့ ဖြစ်တာကြောင့် ဒီအကြောင်းကို ခေါင်းထဲက ထုတ်လိုက်ပြီး

“ ကျွန်တော် …မရှင်းသေးဘူး အမရယ်”

“ မရှင်းဆို ကျွန်မ ပြောတာက ရှုပ်နေတာကိုး၊ အမှန်တော့ ရှင့်ကို တခြားမိန်းကလေးနဲ့ တွေ့ လို့ စိတ်ခုနေတာလေ၊ အဲဒါကို ရှင်က ကျွန်မ ကိုလာရှာတယ်ကြားရတော့ ရှင်ပိုလန့်သွားအောင် ချိုချိုတွေ့တယ်လို့ ပြောလိုက်တာ”

“ ဒါနဲ့ အခု ချိုချို ဘယ်မှာလဲဟင်”

“ ကဲပါလေ၊ ကျွန်မ အစက နေပြောပြပါမယ်”

မငြိမ်းက ကြံရည်ကို တကျိုက် စုပ်လိုက်ပြီး ချောင်းတချက်ဟန့်၍ လည်ချောင်းရှင်းလိုက်သေးသည်။ အောင်ဘ ညို(၃) နေ မသိ ထိုင်မသာ ဖြစ်နေသည်ကို သိလို့ တမင်လုပ်တာလားတော့ မသိပါ။

“ ရှင့် အကိုကို တွေ့ပြီးတော့ နောက်နေ့ အဲဒီ အကြောင်း ပြောဖို့ လိုက်သွားတော့ အိမ်မှာ ချိုချို မရှိဘူး။ ဘေး အိမ် တွေက ဆေးရုံမှာလို့ ပြောတာနဲ့ ကျွန်မ စုံစမ်းပြီး လိုက်သွားတယ်။ ဟိုရောက်တော့ သူ့အမေအတွက် သောက ရောက်နေတာမြင် လို့ ကျွန် မပြောပြရက်တော့ဘူး။ အဲဒီ ညနေမှာပဲ သူ့ အမေဆုံးတယ်လေ။ ကိစ္စဝိစ္စ အကုန်လုံး ကျွန်မပဲ သူနဲ့ လိုက်လုပ်ပေး ရတော့ တာပေါ့။ မသိချင်ယောင်ဆောင်ပြီး ရှင့် အကြောင်းမေးတော့ နယ်သွား နေတယ်တဲ့လေ။ ကျွန်မ ရှင့်ကို အရမ်း စိတ်ဆိုးတာ ပေါ့နော်။ ချိုချို့ကို ရှင်ညာထားတယ် ထင်တာကိုး။ သူ့ကို လည်း ထပ်ပြီး အပူ မပေးချင်တာနဲ့ ကျွန်မ ဝမ်း ထဲမှာပဲ မြုံထား လိုက်ပါတယ် ”

“  တော်သေးတာပေါ့ အမရယ်”

“ သူကလည်း ကျွန်မ ကို မပြောတာတွေ ရှိတယ်။ သူ့အမေ ဈာပန ပြီးတော့ သူ့လက်ထဲမှာ ပိုက်ဆံ မရှိတော့ဘူး။ ရက် လည်ဆွမ်းကျွေးဖို့ မရှိတော့ဘူးပေါ့ရှင်၊ ဒီကောင်မလေး အကြောင်းလဲ ရှင်သိပါတယ်။ သူတပါးကို ငွေရေး ကြေးရေး အ ကြောင်း ဘယ်တော့မှ ထုတ်ပြောတာမဟုတ်ဘူး”

ခရီးမသွားခင် အောင်ဘညို(၃) ပေးခဲ့သည့် ပိုက်ဆံက သူ့အမေကို အသက်လုရင်း ကုန်သွားခဲ့ပုံရသည်။ ဖြစ်နိုင် တာက အောင်ဘညို(၃) ပိုက်ဆံထုတ်ပေးသည့် အချိန်လောက်ကထဲက ချိုချို့ ဆီမှာငွေနည်းနေပုံရသည်။ ဒါ တောင်မှ အောင် ဘညို(၃) ၏ အကူအညီကို အကြောက်အကန်ညင်းခဲ့သေးသည်။

“ အဲဒီမှာ သူ့ဖောက်သည် ဟောင်းတယောက်နဲ့ လမ်းမှာ ဆုံသတဲ့။ ကျွန်မကိုလည်း နောက်မှပြောပြတာပါ။ ရှင့်ကို နောက် မလုပ်တော့ပါဘူးလို့ ကတိပေးထားပေမယ့် သူ့အမေအတွက် ကောင်းမှု ကုသိုလ်လုပ်ပေးချင်တာကြောင့် ဇွတ်မှိတ်ပြီး လိုက်သွားတယ်တဲ့။ သူက အိမ်တောင် ပြန်မအိပ်ဘဲ အဲဒီလူနဲ့ ကိစ္စပြီးတော့ တခြားအဲဒီလူရဲ့ ဘော်ဒါ တွေနဲ့ ပါ ဆက်လိုက် ပစ်လိုက်တယ်တဲ့။ ရက်လည်မှာ ဝိုင်းကူဖို့ ကျွန်မ မရောက်လာခင်ကလေးကမှ သူပြန် ရောက် တာ။ ဒါပေမယ့် မပြောဘူး”

ချိုချို ဘာကြောင့် ရှောင်ထွက်သွားသည်ကို အောင်ဘညို(၃) ရေးရေး သဘောပေါက်လိုက်ပြီ ဖြစ်သည်။ ပေးခဲ့ သည့် က တိကို ဖျက်မိပြီးနောက် ချိုချို သူ့ကို မျက်နှာချင်း မဆိုင်ဝံ့တော့တာ ဖြစ်မည်။

“ သူ့ကို ပြောပေးပါဗျာ။ ကျွန်တော် နားလည်ပါတယ်လို့၊ ကျွန်တော် ရှိရင် ဒီလိုမဖြစ်ရပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျွန် တော်လည်း ရှိမနေတော့ ဖြစ်သွားရတာ ကို ဘယ်လိုမှ သဘောမထားပါဘူး”

“ ရှင်တကယ် စိတ်ကောင်းရှိတာပဲ။ ကျွန်မကတော့ ရှင့်ကို စိတ်နာလို့ အဲဒီရက်တွေက ရှင့်နာမည်တောင် စကား စပ် မပြော ဘဲနေခဲ့တာ။”

“ ဒါက ဖြစ်တတ်ပါတယ်။ အကြောင်းမသိရင် ဘယ်သူမဆို ကျွန်တော်လို့ပဲ ထင်ကြမှာပဲလေ”

မငြိမ်းက မဲ့ပြုံး တချက်ပြုံးလိုက်ပြီး ခြောက်ကပ်ကပ် ရယ်သည်။

“ ဒါပေမယ့် ချိုချိုကတော့ သူ့ကိုယ်သူ လုံးဝ ခွင့်မလွှတ်ဘူးရှင့်၊ ရက်လည်ပြီး နောက်တနေ့မှာ အိမ်ပြန်အပ်ပြီး ကျွန် မနဲ့ လာ နေတယ်။ အဲဒီမှာ စိတ်ထောင်း ကိုယ်ကြေနဲ့ အိပ်ယာထဲမှာ ၂ ရက်လောက်လဲသွားတယ်။ ကျွန်မလည်း ရှင့်ကို တွေ့တဲ့ အ ကြောင်း ပြောမထွက်ပြန်ဘူး။ နေပြန်ကောင်းလာတော့ သူ့ဇာတိကို ပြန်တော့မယ်။ ရှင့်ကို လည်း မျက်နှာချင်း မဆိုင်ဝံ့တော့ ဘူးတဲ့။”

“ မငြိမ်း မတားဘူးလား။”

“ ကျွန်မလည်းစဉ်းစားတယ်လေ။ ကျွန်မက ရှင့်ကို သူ့အတွက် မျှော်လင့်ချက်တွေ ထားခဲ့တာ။ ဒါကြောင့် ချိုချို တောင် မသိအောင် အရင်ကထဲက ရှင့်အိမ်ကို ကျွန်မ စုံစမ်းကြည့်ထားတာပေါ့။ ရှင်က ဖောက်သွားပြီလို့ ကျွန်မ ထင်နေတော့ ဘယ်လိုတားတော့မလဲ။ နောင်ပြီး သူက သာသနာ့ဘောင်ဝင်မယ် ဆိုတော့ ကောင်းရာမွန်ရာ လုပ် တာကို တားဖို့ ပိုခက်တာပေါ့”

“ ဗျာ …အခု ..အခု ..သူက”

“ ဟုတ်တယ် သူ့ဇာတိက သီလရှင်ကျောင်းမှာ သီလရှင် ဝတ်သွားပြီ။ စိတ်မချလို့ ကျွန်မ ကိုယ်တိုင်လိုက်ပို့ပေးပြီး သူသီလ ရှင်ဖြစ်ပြီးမှ ပြန်လာတာ။ မနက်ကမှ ပြန်ရောက်တယ် အဲဒါကြောင့် အရင်နေ့တွေက ရှင်မတွေ့တာ”

“ သူ …သူက ရာသက်ပန် ဝတ်တာလားဟင်”

“ အဲလိုပြောတာပဲ။ ကျွန်မလည်း သူ့ကို အားကျတယ်။ သီလရှင် အဝတ်နဲ့ သူ့ကို ကြည့်ရတာ အရမ်းအေးချမ်း သွားသလိုပဲ။ လောကီက ဘယ်လောက်ပူသလဲ ဆိုတာ ရှင်တို့ထက် ကျွန်မတို့က ပိုသိတယ်။ ကျွန်မက သား သမီး သံယောဇဉ်ကြောင့် မရုန်းနိုင်သေးတာ။ သူ့မှာကလည်း မိဘမရှိတဲ့ နောက်မှာ ရှင်ပဲတွယ်စရာ ရှိတာလေ။ ရှင့်ကိုပါ သူစွန့်နိုင်ပြီဆိုရင် အေးအေး ဆေးဆေး တရားရိပ်ခိုနိုင်ပြီပေါ့။ ရှင် သဘောမကျဘူးလား။ သူ့ကို မပြတ် နိုင်ဘူးလား။ ချိုချိုကတော့ ရှင်က သူ့ထက် တရား သဘောကို နားလည်တဲ့သူပါလို့ ပြောတာပဲ”

အောင်ဘညို(၃) ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်နေရသည်။ ချိုချို့ ဘဝက ဒုက္ခများခဲ့ လွန်းတာကို သိပါ သည်။ ဒါ ကြောင့်ပင် စောင့်ရှောက်ပေးဖို့ စိတ်အားထက်သန် ခဲ့ရခြင်း ဖြစ်သည်။ ငြိမ်းအေးရာ တရားအရိပ်ကို ခို ဝင် သွားခြင်းက တား ကောင်းသည့် တားအပ်သည့် အရာမဟုတ်ဟုလည်း ခံယူပါသည်။ ဒါပေမယ့် ရင်ထဲမှာ ဟင်းလင်းဖြစ်နေ၏။ ခံစားချက်ကို အမည် မဖော်ပြတတ်ပါ။

“ ကျွန်တော့် အမေကိုတောင် သူ့ကို အိမ်ခေါ်လာခဲ့မယ် ပြောထားပြီးပြီ”

မှောင်ရီရီ ဆိုင်ပြင်ဖက်ကို ငေးရင်း ညည်းတွားမိတော့ မငြိမ်း ပြုံးသည်။ ဒီတခါတော့ မဲ့ပြုံး မဟုတ်ဘဲ စာနာ နား လည် သည့်  အပြုံးမျိုး ဖြစ်ပါသည်။

“ သူရှင့်ကိုတော့ ချစ်နေတုန်းပဲ။ ကျွန်မ ရိပ်မိပါတယ်။ ဒါပေမယ့် ဘုရားရိပ် တရားရိပ် ရောက်သွားတဲ့ အချိန်မှာ သူကျေနပ် နေတာလည်း ကျွန်မ သိတယ်”

“သူ ..သူ .. အဆင်ပြေရဲ့လားဗျာ။”

“ ပြေပါတယ်။ ကျောင်းက ဆရာကြီးက သူ့မိဘတွေနဲ့ ဆွေရိပ်မျိုးရိပ်မကင်းဘူး။ အဒေါ်တော်တယ်လို့ ပြောတယ်။ ကျောင်း မှာ တရားစခန်းလည်း ဖွင့်ထားတော့ ဝေယျာဝစ္စ ကူညီရင်း ငြိမ်းငြိမ်းချမ်းချမ်းပဲ နေတော့မယ်တဲ့”

“ ဟို ..မငြိမ်းက ကျွန်တော့် အကိုကို တွေ့တဲ့ အကြောင်း ပြောဖြစ်ခဲ့သေးလား”

“ ဟင့်အင်း၊ မပြောတော့ဘူး။ ချစ်တာက အေးချမ်းတယ်ရှင့်။ နာကျည်းသွားရင်၊ ရှင့်ကြောင့် ဝမ်းနည်းသွားရင် သူ့ အတွက် မငြိမ်းချမ်းတော့ဘူး။ မေတ္တာကို အယုံအကြည်မရှိတော့ရင် ဘာတရားမှလည်းတွေ့တော့မှာ မဟုတ်ဘူး။ ကျွန်မ က ရှင်တို့ လို ပညာမတတ်ပေမယ့် ကြုံခဲ့တာတွေများလွန်းလို့ ဒီလောက်တော့ နားလည်ပါတယ် ရှင်”

မငြိမ်း၏ စကားက စာရေးဆရာဖြစ်ဖို့ ကြိုးစားနေသော အောင်ဘညို(၃) ကို မင်သက်မိသွားစေသည်။ သူ့ ဒဿ န ကို ပြန် ပြီး ညင်းချက်ထုတ်နိုင်စွမ်းလည်း မရှိပါ။ မှန်နေသလိုလိုပင် ထင်မိ၏။

“ ရှင်လိုက်သွားဖို့များ စဉ်းစားနေသလား”

ငြိမ်သွားသော အောင်ဘညို (၃) ကိုကြည့်ရင်း မငြိမ်းက မေးသည်။

“ သူတကယ် ငြိမ်းချမ်းနေတယ်ဆိုရင် ကျွန်တော် မဖျက်ဆီးချင်ပါဘူးဗျာ။ ကျွန်တော် တလျှောက်လုံး ထားခဲ့တာ က လည်း သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တဲ့ စေတနာပါ”

“ တကယ်လို့များ ပေါ့နော်၊ သူ စိတ်မနိုင်လို့ ပြန်ထွက်လာခဲ့ရင် ရှင့်ဆီကို ကျွန်မ အရောက်ခေါ်လာပေးပါ့မယ်။ ကတိပေး ပါ တယ်။”

အောင်ဘညို(၃) မငြိမ်းကို ဘာမှပြန်မပြောနိုင်ဘဲ နွမ်းလျစွာကြည့်နေမိသည်။ ချိုချို တကယ်အေးချမ်းသွား သည် ဆိုလျှင် ဝမ်းသာပါသည်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဘဲ ခေါင်းထဲမှာ ဆူဝေ၍ ရင်ထဲမှာတော့ ဟင်းလင်း ဖြစ်နေသည်။

“ ကျွန်မ ပြန်တော့မယ်။ အအေးဖိုး ရှင်ပေးမယ် မဟုတ်လား”

“ ဟုတ်..ဟုတ်ကဲ့ပါ”

လမ်းတွေ့လည်း ခေါ်ပါဟု ပြောပြီး ထွက်သွားသော မငြိမ်းကို အောင်ဘညို(၃) နောက်ကနေ လိုက်ငေး ကြည့် နေမိ၏။ ခါ တိုင်းလို လွန်လွန်ကဲကဲ ဝတ်စားထားတာ မဟုတ်သည့် အတွက် မငြိမ်း ဒီနေ့ အလုပ်ဆင်းမည့် ပုံ တော့ မရပါ။ လမ်းမီး တိုင် တွေအလွန်က မှောင်ရိပ်တခုထဲမှာ မငြိမ်းပျောက်သွားတော့မှ အောင်ဘညို(၃) ပိုက်ဆံ ရှင်းပြီး အိမ်ဖက်ကို ပြန်လျှောက် လာခဲ့သည်။

အိမ်ပြန်ရောက်တော့ နှာဗူး ပြန်ရောက်သေးပုံမရပါ။ ရှေ့ခန်းမှာ ရုပ်ရှင် ထိုင်ကြည့်နေသော ဆရာကြီး က

“ အဆင်ပြေလား။ မင်းကို ကြည့်ရတာ မအီမလည်နဲ့”

“ အင်း … ပြေပါတယ်”

“ အဲဒါပဲ ကြည့်တော့ကွာ၊ အခုတောင် တရှုပ်ပေါ်လာပြီ၊ နောက်ဆို ပိုဆိုးတော့မယ်။ ခုမှ ၃ မြွှာပူး ဝုန်းကနဲ ထလုပ်ဖို့က လွယ်မှာ မဟုတ်တော့ဘူး”

“ အေးပါကွာ၊ ဟိုဂြိုဟ်သားကို ရှာကြတာပေါ့”

“ တကယ်လား”

ဆရာကြီး ဝုန်းကနဲ ထရပ်သည်။

“ အေး၊ မင်းတို့က မင်းတို့ကိစ္စတွေ ရှိတော့ နေခဲ့၊ သူနဲ့ တွေ့ခဲ့တဲ့ နေရာကို ငါသွားကြည့်မယ်။ ကံကောင်းရင်တ နှစ် ပြည့်တဲ့ အချိန်မှာ နောက်တခါ ရောက်လာတာမျိုးနဲ့ ကြုံချင်ကြုံမှာပေါ့။ ခုညတွင်းချင်းပဲ ဟိုကောင်မလာခင် ကြုံ ရာ ကားနဲ့ လစ် တော့ မယ်။ မင်းမှာ ပိုက်ဆံ ရှိသေး ရင်ပေးလိုက်”

“ တွေ့ရင် ဘယ်လိုလုပ်မလဲ”

“ တောင်းပန်ပြီး နောက်တရက် ထပ်ချိန်းလိုက်မယ်ကွာ၊ မင်းတို့လိုက်လာခဲ့။ ဂြိုဟ်သားကို ငါရအောင်ရှာမယ်။ ဟိုကောင့်ကို ပါအောင်ခေါ်ဖို့ မင်းတာဝန်ယူ”

“ ခေါ်ဖို့ လွယ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းသာ တကယ်တွေ့အောင်ရှာ နိုင်ရင် ငါလည်း ရအောင်ခေါ် လာ မယ်ကွာ”

ဆရာကြီးကို ကြည့်ရတာ တော်တော် အားတက်သွားပုံရသည်။ ဘာကြောင့် အခုလို ဆုံးဖြတ်လိုက်မိမှန်း အောင် ဘညို(၃) လည်း ကိုယ့်ကိုယ်ကို မသိပါ။ ဒါပေမယ့် ကောက်ရိုးတမျှင်လောက်လို့ တောင်ပြောလို့မရသည့် ဒီမျှော် လင့်ချက်ကလေးကို မဖြစ်မနေ ဆုပ်ကိုင်ရမည်ဆိုတာကိုတော့ သိနေသည်။

....................................................................

အခန်း (၁၈)

တနှစ် ဆိုသော အချိန်က ဘာမှမကြာခဲ့သလို ပါလားဟု တောတန်းလေးကို ငေးရင်း အောင်ဘညို(၃) တွေးမိ သည်။ မနှစ်တုန်းကလည်း ဒီတော ဒီအပင်တွေပဲ ဖြစ်လိမ့်မည်။ ဒါပေမယ့် အရွက်တွေကတော့ မနှစ်က အရွက် တွေ မဟုတ်လောက်တာ သေချာပါသည်။ ဟိုအဝေးမှာ လှမ်းမြင်နေရသည့် တောင်ကုန်းလေးတွေ၊ လယ် ကွင်း နှင့် တဲအိမ်လေးတွေ ကတော့ အရင် အတိုင်း ဖြစ်သည်။ မြို့ဖက်ကို လှမ်းကြည့်လိုက်ရင်တော့ မီးရောင်တွေက အရင်တခါ မြင်တုန်းက ထက် ပို၍ လင်းလက်နေသည် ဟု ထင်မိသည်။

ဂြိုဟ်သားက ဒီနေရာ ဒီချိန်ပဲ လာလိမ့်မယ်လို့ တထစ်ချမပြောနိုင်ပါ။ ဒါပေမယ့် တကယ်လို့သာ သူတို့က လူမသိ သူမသိ လာချင်ခဲ့သည်ဆိုလျှင် မျက်ကွယ်ရှိသည့် ဒီတောတန်းလေးနားကိုပဲ လာလိမ့်မည်ဟု ယူဆသည်။ ဘယ် လိုပဲ ဖြစ်ဖြစ် အနည်းဆုံး တပတ်လောက်တော့ ဆက်တိုက် စောင့်ကြည့်ရန် စိတ်ကူးထား၏။ ဖြစ်နိုင်ရင် ရန်ကုန် ကို မပြန်ဘဲ တနေရာရာကို ထွက်သွားလိုက်ချင်သည်။

ချိုချိုက သူ့လမ်းကို သူလျှောက်သွားပြီး နောက်တွင် အောင်ဘညို(၃) အတွက်က ရွေးချယ်စရာ မရှိတော့ပါ။ မလို တော့ပါ။ သဲသဲ ကို ချစ်ပေမယ့် ဆရာကြီးလောက် အသည်းအသန် မရှိတာ အမှန်ပဲ ဖြစ်သည်။ မမဖြူက တပ်မက် စရာ ကောင်းလွန်းပေမယ့် သူ့ကို လက်တွဲချင်စိတ် ဘယ်လိုမှ မရှိ။ ထို့ကြောင့် ရန်ကုန် မှာ ကျန်ခဲ့တဲ့ ၂ ကောင် ဘာလုပ်လုပ် အောင်ဘညို(၃) က အေးရာအေးကြောင်း ထိုင်ကြည့်နေနိုင်ပါ သည်။ လက်ရှိမှာ ပြဿနာ က လည်း သူတို့ ၂ ဦးကြားက အကျိတ်အခဲသာ ဖြစ်သည်။

ချိုချို နှင့် အတူ အေးချမ်းစွာ နေကြဖို့ အိပ်မက်ကလေး ပျက်စီးသွားခဲ့ရတာကို တော့ နှမျောမိသည်။ ဒါတွေ တွေး မိရင် ညဖက် အိပ်မပျော်ပါ။ သူမရှိသည့် အချိန်မှာ မိခင်ကို စွန့်လွှတ်လိုက်ရပြီး အားကိုးစရာမရှိ၊ ငွေကြေးမရှိ အခြေ အနေနှင့် နွံ့အိုင်ဟောင်းအတွင်းကို ရင်နာနာ နှင့် ပြန်ဆင်းခဲ့ရရှာသော ချိုချို့ မျက်နှာလေးကို မြင်ယောင် လာရင် အိပ်နေရာက ငေါက်ကနဲ ထထိုင်မိတတ်သည်။ ချိုချို မည်မျှ အထိအားငယ်ခဲ့မည်ကို ရင်ထဲက သိနေ သည်။ တွေးမိတိုင်း ပိုသနားသည်။

သာသနာ့ဘောင်ကို ဝင်သွားတာမျိုး မဟုတ်ဘဲ တခြားတနည်းနည်းနှင့် ရှောင်ထွက်သွားတာမျိုးဆိုရင်တော့ အောင်ဘညို(၃) က မငြိမ်း အကူအညီနှင့် မရ အရ လိုက်ရှာမိမှာ သေချာပါသည်။ တကယ်လို့ များ ကံကောင်း ထောက်မ၍ ဂြိုဟ်သားနှင့် ပြန်တွေ့ပြီး တယောက်ထဲ ပြန်ဖြစ်သွားရင် အဲဒီ အောင် ဘညိုက ချိုချိုနှင့် ပတ်သက် လို့ ဘယ်လို သဘောထားမလဲတော့မသိပါ။ ချိုချို့ကို မေ့သွားမှာ မဟုတ်လို့တော့ထင်မိပါသည်။

အောင်ဘညို(၃) ကအရင်တခေါက်က အောင်ဘညို ထိုင်ခဲ့သည့် သစ်ပင် အောက်မှာပဲ ထိုင်နေခြင်းဖြစ် သည်။ ဒီသစ်ပင် အောက်မှာပဲ လာထိုင်ရင်း မိုးချုပ် ညဉ့်နက်မှ တည်းခိုခန်းကို ပြန်ဖြစ်တာ ဒီနေ့ဆိုရင် ၃ ရက် မြောက် ဖြစ်သည်။ မှောင်ရီ ပျိုးစ အချိန်တွေ လောက်ဆိုရင် ဟိုနားဒီနား လျှောက်သွားပြီး ဂြိုဟ်သား နှင့် သူ၏ ယာဉ်ကို တွေ့မလားလို့ လိုက်ကြည့်သည်။ ပြီး ရင်တော့ ဒီအပင် အောက်မှာ လာထိုင်နေလိုက်သည်။ ဒီထက်ပို ပြီးတော့ လည်း အောင်ဘညို(၃) မလုပ်တတ်ပါ။ ဘယ်လို လုပ်ရမှန်းလည်း မသိပါ။ ရောက်လာ၊ မလာကို ဘယ်လိုမှ သေ သေချာချာ တွက်ဆ၍ မရနိုင်သည့် ဂြိုဟ်သားကို မျှော်လင့်နေဖို့ ကိုသာ ခေါင်းထဲမှာ ရှိပါသည်။

ဒီနေ့လည်း အနီး အနားတဝိုက်မှာ ခြေညောင်းအောင် လိုက်ပတ်ကြည့်ပြီးနောက် သစ်ပင် အောက်မှာလာ ထိုင် နေရင်း တချက်တချက် ညိမ့်ညိမ့်အေးအေးလေး ဖြတ် တိုက်သွား တတ်သည့် လေအေးနုနုကို အရသာခံ နေစဉ် အိပ်ရေးမဝတာ ကြာပြီ ဖြစ်သော အောင်ဘညို(၃) မှေးကနဲ အိပ်ပျော်သွား၏။ ဒါပေမယ့် အိပ်ပျော်သွားတာ သိပ် မကြာ လိုက်ဟု ထင်မိပါသည်။ ရုတ်တရက် ဆိုသလို ပြန်နိုးလာချိန်မှာတော့ နားထဲမှာ တဝီဝီ အသံတွေကြားနေ ရသည်။ အိပ်မက်လိုလို အခြေအနေမှာ ငိုင်ငေးနေမိတုန်း ဟိုတခေါက်တုန်းက ဒီလိုအသံပဲ ဆိုတာကို သတိရ လိုက်မိတာကြောင့် ငေါက်ကနဲ ထပြီး အသံကြားရာဆီကို ပြေးမိ၏။

အောက်ခြေမှာ မီးရောင်လေးတွေနှင့် ဘဲဥကို ထောင်ထားသလို ညိုတိုတို အလုံးကြီးက မြေပြင်ကနေ အပေါ်ကို ပြန်တက်နေပြီ ဖြစ်သည်။ သူအိပ်ပျော်နေတုန်း ရောက်လာတာ ဖြစ်ပုံရ၏။

“ ဟေး .. ဟေး … ခန ..နေပါဦး”

အောင်ဘညို(၃) ခုန်ပေါက်ကာ အသံကုန် အော်ပေမယ့် အလုံးကြီးက အပေါ်ကို တဖြေးဖြေးဆက်၍ တက်နေ သည်။ ကြံရာ မရသည့် အဆုံး မြေပြင်မှာတွေ့သည့် ခဲတလုံးကို ကုန်းကောက်ပြီး လှမ်းပစ်လိုက်မိ၏။ ဒေါင်ကနဲ အသံတခုကို ကြားလိုက်ရသည့် အခါ အောင်ဘညို(၃) အားတက်သွားပြီး အနားမှာ တွေ့သမျှ ဟာတွေ နှင့် ကောက်ပစ်မိတော့၏။ ခပ်သေးသေး ခဲလုံးတွေ နှင့် အဆုပ်လိုက် ပစ်လိုက်မိသည့် အခါမျိုး ဆိုရင် ဂြိုဟ်သား ယာဉ်နှင့် ထိရိုက်သံတွေက နားထောင်လို့တောင် ကောင်းနေသေးသည်။ နောက်ပြီး အပေါ်ကို ဆက်မတက် တော့ဘဲ တန့်သွားသည်ဟု ထင်မိသည်။ ထို့ကြောင့် တွေ့ကရာ ကောက်ပြီး ဆက်ပစ်ပေါက်နေမိသော အခါ အလုံးကြီးက အောက်ကို တရွေ့ရွေ့ ပြန်နိမ့်ဆင်းလာသည်။ အောင်ဘညို (၃)လည်း ဆက်မပေါက်တော့ဘဲ ရပ် လိုက်၏။

ဟိုတခါတုန်းကလိုပင် ထောက်တွေ ကျလာပြီး ရပ်သွား၏။ ထို့နောက် တံခါးပွင့်လာသည်။ ပြာလဲ့လဲ့ အလင်း ရောင်နောက်ခံ နှင့် တံခါးဝမှာ ပေါ်လာသော ဂြိုဟ်သားက ဒေါသထွက်နေသည်ဟု ထင်မိသည်။ ဂျယ်လီတုံး လို အစိမ်းရောင် သူ့ကိုယ်ခန္ဓာက တဆတ်တုန်ခါနေသလို မြင်ရသည်။ သူ့ဆီက ဒေါသကို လည်း အောင်ဘညို(၃) စိတ်ထဲမှာ ခံစားသိနေ၏။ အခွင့်အရေးကို လက်လွတ်မခံလို ဇောဖြင့် စိတ်ကူးတည့်ရာ လုပ်လိုက်မိတာ မှားလေ ပြီလားဟု တွေးရင်း ကြောက်စိတ်ဝင်လာရသည်။

“ မင်း ဘာကြောင့် ရန်ရှာတာလဲ”

ဂြိုလ်သားက အောက်ကို ဆင်းမလာဘဲ တံခါးဝမှ လှမ်းမေးသည့် အတွက် နည်းနည်း စိတ်သက်သာရသည်။ သူ့ ဆီ မှာ တိုက်ခိုက်မည့် လက်နက်ကိရိယာမျိုး လှမ်းမမြင်ရလို့လည်း စိတ်နည်းနည်း အေးရသည်။ ဒါပေမယ့် သူတို့ ကိုယ်မှာ လက်နက် ပါ/မပါကို အသေအချာလည်း မသိနိုင်သည့် အတွက် စိတ်ကိုတော့ ဒုံးဒုံး မချဝံ့သေးပါ။

“ ကျွန်တော် အကူအညီတောင်းချင်လို့ပါ”

“ ဘာအကူ အညီလဲ”

“ ကျွန်တော့် ကို မမှတ်မိဘူးလားဗျာ။ မနှစ်က ဒီနေရာမှာပဲ ကျနော်တို့ တွေ့ဖူးတယ်လေ”

“ မင်းကို ငါမသိဘူး”

“ ဟင်”

ဖြစ်နိုင်ပါသည်။ စင်္ကြာဝဠာ ကြီးထဲမှာ ဂြိုဟ်သားက တယောက်ထဲ ရှိနေမည် မဟုတ်ပါ။ အောင်ဘညို(၃) အလွန် စိတ်ပျက်သွားရသည်။

“ ငါတို့ထဲက တယောက်နဲ့ မင်းနဲ့ တကယ်တွေ့ခဲ့တာလား”

“ တကယ်ပါဗျာ။ ခင်ဗျား အခု ရပ်နေတဲ့ နားက အဝိုင်း လေးနဲ့ ကျွန်တော့်ကို တောင် ၃ ကိုယ် ခွဲပေးခဲ့သေးတယ်လေ”

ဒီတချက်ကိုတော့ ဂြိုဟ်သား စိတ်ဝင်စားသွားပုံရသည်။ အနားကို ဖုတ်ကနဲ ခုန်ချလာပြီး အောင်ဘညို(၃) လက် ကို သူ၏ ဂျယ်လီလို အစိမ်းရောင်လက်တံကြီး ဖြင့် ဆွဲလိုက်၏။ အေးစိမ့်သော အထိအတွေ့ကြောင့် အောင်ဘညို (၃) ရင်ထဲမှာ ကတုန်ကရင် ဖြစ်လာရသည်။

“ အဲဒါ အောင်မြင်သလား”

“ အောင်မြင်တယ်လေ၊ အဲဒါကြောင့် အခု ပြန်ပေါင်း ချင်လို့ အကူအညီလာတောင်းတာ”

ဂြိုဟ်သား၏ ချုပ်ကိုင်မှုက ပိုမိုတင်းကျပ်လာသည်။

“ မင်းတို့က ခွဲကြည့်ပြီး ပြန်ပေါင်းလိုက်တာ မဟုတ်ဘူးလား”

“ မပေါင်း ဖြစ်ပါဘူးဗျာ။ ၃ ကိုယ်ခွဲမှ အဆင်ပြေမယ် ထင်ပြီး ခွဲလိုက်တာပါ။ ဒါပေမယ့် တကယ်ကျတော့ အဆင်မ ပြေပါဘူးဗျာ၊ အဲဒါကြောင့် ပြန်ပေါင်းချင်လို့ ခင်ဗျားတို့ကို ဒီနားမှာ လာစောင့်နေတာပါ”

“ ခွဲတာ တော်တော်ကြာပြီလား”

“ တနှစ် ရှိပါပြီ”

“ မင်းတို့ အချိန်နဲ့ တနှစ်တောင်ကြာပြီဟုတ်လား။ တကယ်အံ့သြစရာပဲ။ ငါတို့နည်းပညာက မင်းတို့ အပေါ်ကို သက်ရောက်မှု ရှိမယ်လို့ တခါမှ မထင်ဖူးဘူး။ ငါတို့ တခါမှ မစမ်းကြည့်ခဲ့ကြဘူး။ မင်းတို့ကို လုပ်ပေးသွားတဲ့ ကောင်က ဘာဖြစ်လို့ ဒါကို သတင်းမပို့သလဲ မသိဘူး။ ကျန်တဲ့ ၂ ကိုယ်က အခုဘယ်မှာလဲ။ ငါကြည့်ချင်တယ်”

“ အခု မပါသေးဘူး၊ တကယ်လို့ ခင်ဗျား ကူညီမယ်ဆိုရင် မနက်ဖြန် ဒီအချိန် ဒီနေရာကို သူတို့ ရောက်လာအောင် ကျနော် လှမ်းခေါ်လိုက်မယ်”

ဒီတကြိမ်မှာတော့ ဂြိုဟ်သား ငြိမ်သွားသည်။ အောင်ဘညို(၃) လက်ကို ဆတ်ကနဲ ပြန်လွှတ်လိုက်ပြီး ကျောက် ရုပ်တရုပ်လို ရပ်သွား၏။ တခုခုကို စဉ်းစားနေပုံရသည်။

“ မနက်ဖြန်၊ ငါတို့ ဒီကို လာဖို့ မရှိဘူး။ ဒါပေမယ့် … မင်း ပြောတာကိုလည်း ငါစိတ်ဝင်စားတယ်”

အောင်ဘညို(၃)၏ ခေါင်းကို ဂြိုဟ်သား၏ လက်တံတခုက လာရစ်ပတ်သည်။ ဒီတကြိမ်မှာတော့ အေးစက်မှုရော မူးဝေမှုကိုပါ ခံစားရသည်။ မတ်တပ်ကနေ ဒူးတွေ ခွေညွတ်ကျမသွားေအာင် မနည်း အားတင်း ထိန်းထားလိုက် ရ၏။

“ ဟုတ်တယ်။ မင်း မညာဘူး။ နောက်ပြီး မင်းက မပြည့်စုံဘူး။ မင်း ဆီမှာ လိုနေတာတွေ တွေ့တယ်။ ဒီတော့ ကျန်တဲ့ ၂ ယောက်ကို မနက်ဖြန် ခေါ်လာပါ။ ငါ ပြန်လုပ်ကြည့်မယ်”

“ ဟို ဒင်း ကျနော်တို့ ပြန်ပေါင်းလို့ ရမှာလားဟင်”

“ သဘောတရား အရတော့ ရတယ်။ ဒါပေမယ့် ငါတို့ ဒီလောက်ကြာအောင် တခါမှ ခွဲမထားဖူးဘူး။ လူခွဲပြီး လုပ်စ ရာ ကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်ပေါင်းတယ်။ အခုတော့ မင်းတို့ ကိစ္စကို ငါ အရမ်း စိတ်ဝင်စားသွားပြီ။ မနက်ဖြန် ဒီအချိန် ကျိန်းသေလာခဲ့ပါ။ ငါလည်း ရောက်အောင်လာမယ်”

“ ဟုတ်ကဲ့ စိတ်ချပါ။ ကျွန်တော်တို့ကလည်း အရမ်းကို ပြန်ပေါင်းချင်နေတာပါ”

“ ဒါဆိုငါသွားပြီ”

ဂြိုဟ်သားက သူ့ယာဉ်ပေါ် ဖျတ်ကနဲ ပြန်ခုန်တက်သွားသည်။ သူ့ အမူအရာအရ တခုခု အတွက် အလျှင်လို နေပုံရ၏။ တံခါးလည်း ချက်ချင်းလိုလိုပင် ပြန်ပိတ်သွားပြီး ခုနကထက်ပို မြန်သော အရှိန်ဖြင့် ပျံတက်သွားရာ အောင် ဘညို(၃) ယောင်ချာချာဖြင့် လက်ပြရင်း ကျန်ရစ်ခဲ့ပါသည်။

...........................................

ထင်သည့် အတိုင်းပင် အောင်ဘညို(၃) လှမ်းအကြောင်းကြားလိုက်တော့ (၂) က တက်တက်ကြွကြွ ရှိပေမယ့် နှာဗူးကောင်က သိပ်သဘောမကျဟု ကြားရသည်။ ဒါပေမယ့် ဆရာကြီးက ဘယ်လို စည်းရုံးလိုက်သည်မသိ ချိန်း သည့်နေရာကိုတော့ သူတို့ ၂ ယောက် ရောက်လာကြပါသည်။

“ သူ့ဟာနဲ့ သူ အဆင်ပြေနေတာကို မင်းတို့ တကယ် ဇယား ရှုပ်တယ်ကွာ”

၂မဲ ၁ မဲ ဖြစ်နေလို့ လက်လျှော့လိုက်ရပုံရသည့် အောင်ဘညို(၁) တဖျစ်တောက်တောက်နှင့် ပြောနေသည်။ (၂) ကတော့ တခုခု ကို စဉ်းစားနေပုံ ရသည် စကားသိပ်မပြောပါ။ သူတို့ထဲမှာ အေးအေး လူလူ အရှိဆုံးက တာဝန် တရပ်ကို ပြီးစီးအောင် ဆောင်ရွက်လိုက် နိုင်လို့ စိတ်ကျေနပ်နေသည့် အောင်ဘညို(၃) သာ ဖြစ်သည်။

ချိုချို ထွက်ခွာသွားပြီးသည့် နောက်မှာ သူ့အတွက် လိုအင်ဆန္ဒဆိုတာ သိပ်မထားရှိတော့ပါ။ တယောက်ထဲ ဖြစ် သွားသည့် အောင်ဘညိုက မည်သို့ ဆုံးဖြတ်သည် ဖြစ်စေ သူလက်ခံမည်သာ ဖြစ်သည်။ တကယ်တော့ မကျေ မနပ်သာ ညည်းနေပေမယ့် အောင်ဘညို(၁)ကလည်း သူ့တွက် ကိန်းနှင့် သူ ဟုတ်နေသည်။ ယခင်က အောင် ဘညို ဆိုသည်မှာ ဘဝအောင်မြင်တိုးတက်လိုသော လူငယ်တယောက် ဖြစ်သည်။ ဒါကြောင့် ရန်ကုန်တက်၍ ကြီးပွားရာ လမ်းစကို ရှာခဲ့ခြင်း ဖြစ်သည်။

ကြီးပွားတိုးတက်ရေး လမ်းကြောင်းတွင် မမဖြူက အကောင်းဆုံး တံ တား ဖြစ်သည်။ အမြင့်ဆုံးကို ပို့ပေးနိုင်မည့် လှေခါး ဖြစ်သည်။ နောက်ပြီး မမဖြူကို ယူမလိုလို လုပ်ပြီးမှ မယူဘဲ နေလိုက်ခြင်းက အလုပ်ပြုတ်ခြင်းနှင့် အတူတူပဲ ဖြစ်ပါသည်။ ဒီလိုလခ၊ ဒီလို အလုပ်မျိုးကို နောက်တနေရာမှာ ရဖို့ ခက်ပါလိမ့်မည်။ ကြီးပွားလိုသူတယောက် အတွက် ကိုယ့်သေတွင်း ကိုယ်တူး၍ မဖြစ်ပါ။ ထို့ကြောင့် တဦးတည်းဖြစ်သွားသော အောင်ဘ ညိုက မမဖြူ ကိုသာ မလွဲမသွေ ရွေးချယ်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

(၁) ထက်ပို၍ စဉ်းစားဟန် ပြနေပေမယ့် အောင်ဘညို(၂) ကလည်း ယုံကြည်မှု ရှိနေပါသည်။ သဲသဲ သည် အောင်ဘညို ချစ်သော တရားဝင် ရည်းစားဖြစ်သည်။ အခုဆိုရင် သဲသဲဖက်က လူကြီးမိဘတွေလည်း ဒီအ ကြောင်းကို သိကြပြီး ဖြစ်သည်။ ထို့ကြောင့် အောင်ဘညို သည် သဲသဲနှင့် လက်တွဲဖို့သာ ဆုံးဖြတ်လိမ့်မည် ဟု သူက တွက်သည်။ သဲသဲကလည်း အောင်ဘညိုကို ဘယ်လောက် ချစ်သည် ဆိုသည်ကို (၂) အသိဆုံးပင် မဟုတ်ပါလား။

အောင်ဘညို(၃) ကတော့ ချိုချိုသာ လူထွက်လာခဲ့လျှင်ဟု တခါတရံ အတွေးဝင် တတ်ပါသည်။ ဒါပေမယ့် ချို ချို ဒီလို လုပ်မှာ မဟုတ်သည်ကိုလည်း စိတ်ထဲက သိနေသည်။ သူ့ကို အလွန်တန်ဖိုးထားသော ချိုချိုက သူမ၏ ညစ် နွမ်းသော ကိုယ်ခန္ဓာကို ပေးဖို့ ဆုံးဖြတ်လိမ့်မည် မဟုတ်ပါ။ အောင်ဘညို(၃) မကြိုက်သည့် အလုပ်ကို ပြန်လုပ် မိ ပြီးသည့် နောက်ပိုင်းတွင်ဆို ပိုဆိုးပေလိမ့်မည်။ ထို့ကြောင့်လည်း ထွက်ပြေးခဲ့ခြင်း ဖြစ်၏။ မမဖြူ နှင့် သဲသဲကြား ရွေးချယ်မှုကို တဦးတည်းသော အောင်ဘညိုက မည်သို့ ရွေးချယ်သည် ဖြစ်စေ (၃) အတွက်က အကြောင်းမထူးပါ။

ချိန်းထားသည့် နေရာတွင် တဖြည်းဖြည်း မှောင်စ ပျိုးလာသော အခါ အောင်ဘညို(၁) လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

“ ဟေ့ကောင် စာရေးဆရာ၊ မင်းဂြိုဟ်သားက လာမှာ သေချာလို့လား။ လုံးဝ မှောင်လို့မှ မလာရင် ငါက မှီတဲ့ ကား နဲ့ပြန်တော့မှာ၊ မမဖြူက အရေးတကြီး ပြောစရာ ရှိတယ်တဲ့၊ မနက်က ခွင့်တောင်းတာတောင် သိပ်လွှတ်ချင်တာ မဟုတ်ဘူး။”

“ အရေးကြီးရင် ဖုန်းဆက်မှာပေါ့ကွ မင်းကလဲ”

“ လူချင်းတွေ့ပြီး ပြောရမှာတဲ့။ မင်္ဂလာ ကိစ္စနဲ့တူတယ် … အဟီး၊ ဒါပဲနော် မင်းတို့ ဒီနေ့ အဆင်မပြေလို့ကတော့ ငါက မမဖြူ ကိစ္စကို ဆက်လုပ်မှာပါ။ ကျန်တာ နောက်မှ ကြည့်ရှင်းမယ်။ ဟိုကောင် … မင်း ကတိပေးထားတယ် နော်”

“ အေးပါကွာ၊ ဒီတညနေတော့ စောင့်ကြည့်ပေးပါ”

ဒီတော့မှ ဒီနေ့ ဂြိုဟ်သား ကိစ္စ အဆင်မပြေရင် လုပ်ချင်ရာ လုပ်ဆိုသည့် ကတိဖြင့် နှာဗူးကောင်ကို ဆရာကြီး စည်းရုံး လာမှန်း အောင်ဘညို(၃) သိရတော့သည်။

အမှန်အတိုင်း ပြောရရင် ချိုချို ကို မျှော်လင့်နိုင်တော့သည့် နောက်တွင် မမဖြူထက်စာရင် သဲသဲကို ရွေးချယ်ခြင်း ကို အောင်ဘညို(၃) ပို သဘောကျပါသည်။ သူကိုယ်တိုင်လည်း သဲသဲ ကိုချစ်သည် မဟုတ်ပါလား။ မမဖြူ လှတာ၊ ချမ်းသာတာက မက်မောစရာ မှန်သော်လည်း ပိုင်းလုံးကောင်လို့ ကွယ်ရာမှာ အပြောခံရမယ့် ကိစ္စတွေ ရှိ သေးသည်။ ဒါပေမယ့် သူကိုယ်တိုင်လည်း နှာဗူးကောင်းမှု နှင့် မမဖြူကို ကိုယ်တိုင်ကိုယ်ကျ ပြစ်မှားကျူးလွန်ခဲ့ ခြင်းကြောင့် ရင်ထဲက ဆန္ဒ အမှန်ကို ထုတ်မပြဝံ့ဘဲ ရှိနေသည်။ မမဖြူ ၏ အထိအတွေ့နှင့် လိုက်လျောမှုတွေက ပေးသည့် သုခကို နှားဗူးကောင်လို လူမျိုး မရှောင်ထွက်နိုင်တာကလည်း မဆန်းပါ။ (၃) ကိုယ်တိုင်ပင် အရသာ တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ငြိမ်နေရသည်။

နေရောင် လုံးလုံး ပျောက်သွားသည့် အချိန်တွင် အောင်ဘညို(၁) ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အတွေးထဲ နစ်နေသလို ထင်ရသော (၂) သည်ပင် ထိုင်နေရာက ထရပ်ပြီး ဟိုလျှောက် ဒီလျှောက်လုပ်လာ၏။ (၃) ကတော့ သစ်ပင်ကို မှီပြီး မျက်စိမှိတ်ထားလိုက်သည်။ ဂြိုဟ်သား ကတိဖျက်သွားပြီလားဟု တွေးလာမိသည်။ ဟိုနှစ် ယောက်က သူတို့ကို ညာခေါ်သည်ဟု ထင်သွားမှာလည်း စိုးသည်။ ထို့ကြောင့် အိန္ဒြေမရ ဖြစ်နေသူ နှစ်ယောက် နှင့် မျက်လုံးချင်း မဆုံအောင် ရှောင်ခြင်းလည်း ဖြစ်ပါ၏။

“ ဟော … ရောက်လာပြီဟ”

အောင်ဘညို(၂) ဆီက အသံထွက်လာသောကြောင့် ကျန် ၂ ယောက် ကပျာကယာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ ဘယ်အချိန်က အနားရောက်နေသည် မသိသော ဂြိုဟ်သားကို သစ်ပင် တပင်အောက်တွင် ရပ် လျှက်တွေ့ရသည်။

သူနှင့် မနေ့က ပြောဆိုထားသည့် အောင်ဘညို(၃) က အနားကို တိုးကပ်သွားရင်း

“ ဘယ်အချိန်က ရောက်တာလဲ။ ကျွန်တော်တို့ မသိလိုက်ဘူး”

“ အခု ကလေးတင်ပဲ ရောက်တယ်။ ယာဉ်ကို ဟိုဖက်တောစပ်နားမှာ ထားခဲ့ပြီး သေချာအောင်ကြည့်ချင်လို့ မင်း တို့ မသိအောင်လာခဲ့တာ။ တကယ်ပဲ ၃ ယောက်ဖြစ်နေတာကိုး”

သူ့ဖက်က မရိုးသားလုပ်မှာကို ဂြိုဟ်သား စိုးရိမ်ပုံရသည်ဟု အောင်ဘညို (၃) တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ဂြိုဟ်သားရောက်လာပြီ ဖြစ်လို့ သူ့ သံသယ အပေါ် တစုံတရာ စိတ်ထဲမှာ ထားမနေတော့ပါ။ ဂြိုဟ်သားကို ကြည့် ရသည်မှာလည်း တော်တော် စိတ်လှုပ်ရှားနေပုံရသည်။ ဂျယ်လီလို ကိုယ်ခန္ဓာက တဆတ်ဆတ် တုန်နေတာကို ဝိုးတဝါး အလင်းရောင် အောက်တွင် မြင်ရသည်။

“ ကဲ …သွားကြမယ်လေ”

၃ ယောက်ထဲတွင် အတက်ကြွဆုံး ဖြစ်သည့် အောင်ဘညို(၂) က လောဆော်သည်။ ဂြိုဟ်သားက ဘာမှမပြော သေးဘဲ အောင်ဘညို (၁) နှင့် (၂) ကို မနေ့ကတုန်းကလို သူ့လက်တံကြီးနှင့် ရစ်ပတ်ကာ စမ်းကြည့်တော့ နှစ် ယောက်လုံး တအီးအီး တအားအားနှင့် တွန့်လိမ်ကုန်ကြသည်။ အားရအောင် စမ်းကြည့်ပြီးမှ ဂြိုဟ်သားက

“ လိုက်ခဲ့ကြ”

သူရှေ့ဆောင်ခေါ် ရာကိုလိုက်သွားတော့ နောက်ထပ်တောတန်းလေးတခု အကွယ်သို့ ရောက်သွားသည်။ ၅ မိနစ် လောက်တော့ လမ်းလျှောက်လိုက်ရသည်။ ပြန်ပေါင်းဖို့ အရေးမှာ အတက်ကြွဆုံး ဖြစ်သည့် ဆရာကြီး အောင်ဘ ညို (၂) က တလိမ့်လိမ့်နှင့် ခပ်မြန်မြန်ရွေ့လျားနေသည့် ဂြိုဟ်သားနောက်က ထပ်ချပ်မကွာ လိုက်နေပြီး အလယ် တွင် ဟိုငေးဒီငေးနှင့် အောင်ဘညို(၃) ပါလာပြီး (၁) ကတော့ ခေါင်းငိုက်စိုက်နှင့် နောက်ဆုံးမှ လိုက်ပါလာသည်။

တောတန်း တဖက်က ယာဉ်နားကို ရောက်တော့ ဂြိုဟ်သားက သူတို့ကို ယာဉ်ရှေ့မှာ ရပ်ခိုင်းပြီး ဓာတ်ပုံရိုက်ယူ သည်။ အမှန်အတိုင်းပြောရရင် ဓာတ်ပုံရိုက်သည်ဟု သူတို့ ထင်မိခြင်း ဖြစ်သည်။ သူတို့ရှေ့မှာ ဘာမှန်းမသိသည့် ကိရိယာ တခုကို တရမ်းရမ်း လာလုပ်ခြင်းဖြစ်ပြီး တစုံတရာ မှတ်တမ်းယူခြင်းဆိုတာကတော့ သေချာပါသည်။

ထို့နောက် ဟိုတခေါက်တုန်းက ဂြိုဟ်သား လုပ်သလိုပင် အတွင်းဖက်ကို လက်နှိုက်ပြီး အဝိုင်းပြားကို ထုတ်ယူ လိုက်သည်။

“ မင်းတို့ ကိုယ်ပေါ်က ဟာတွေချွတ်ကြ၊ ဘာတခုမှ မထားနဲ့။ ပြန်ပေါင်းတဲ့ အခါ အနှောက်အယှက် ဖြစ်မှာစိုးရတယ်”

ဂြိုဟ်သား စကားကြောင့် သူတို့ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။ ပြန်လည် ပေါင်း စည်း ရေးမှာ အတက်ကြွဆုံး ဖြစ်သည့် အောင်ဘညိူ(၂) က အင်္ကျ ီကြယ်သီးများကို စဖြုတ်သည်။

“ အချင်းချင်းပဲကွာ၊ ရှက်မနေကြပါနဲ့”

အဝတ်အစားများ၊ ဖုန်း ၊ လက်ပတ်နာရီ အားလုံး မြေပေါ်သို့ရောက်သွားသည်။ နောက်တော့ အောင်ဘညို ၃ ယောက် ယာဉ်ရှေ့မှာ ကိုယ့်ပစ္စည်းကိုယ် လက်နှင့် အုပ်ရင်း ကိုယ်လုံးတီး ကလေးတွေနှင့် ဖြစ်ကုန်ကြသည်။

“ ကဲ အပေါ်တက်”

ဂြိုဟ်သား အမိန့်အတိုင်း အောင်ဘညို ၃ ယောက် အဝိုင်းပြားပေါ် ရောက်သွားသည်။ တယောက်ချင်းစီ ရပ်ရမည့် နေရာများကို ဂြိုဟ်သားက ပြပေးသည်။ ဒီလိုနှင့် ၃ ယောက်သား ဖိုခနောက်ဆိုင် ရပ်မိလျက်သား ဖြစ်သွား၏။

“ လည်တဲ့ အရှိန်က များတယ်။ ရှေ့ကို ကိုင်းပြီး တယောက်ကို တယောက်မြဲမြဲ ကိုင်ထားပါ”

အောင်ဘညို ၃ ယောက် ရှေ့ကိုကိုင်း၍ တယောက်လက်ဖျံကို တယောက် မြဲမြဲဆုပ်လိုက်ကြသည်။ ဘာမှန်း မသိ သည့် တစုံတရာ အတွက် စိတ်စောမှုကြောင့် ၃ ယောက် လုံး လက်တွေက အေးစက်နေသည်။ အောင်ဘညို(၁) က မအောင်မြင်လည်း မမဖြူကို ရအောင်ယူမည်ဟု တွေးနေစဉ်မှာပင် အဝိုင်းပြားက စလည်သည့် အတွက် ပြုတ် မကျအောင် ခြေကုပ်မြဲမြဲ ထားရင်း လက်တွေကို ပိုတင်းစွာ ဆုပ်ထားလိုက်ကြရသည်။

လည်သည့် အရှိန်က တစထက်တစ ပိုမြန်လာသည်။ ခေါင်းတွေမူးနောက်ပြီး အန်ချင်သလိုလို ပျို့ချင်သလိုလို ဖြစ်လာသောကြောင့် မျက်စိတွေမှိတ်ထားလိုက်ရသည်။ စူးရှသော လေတိုးသံတခုကြောင့် သူတို့ နားတွေ အူပြီး ကိုက်ခဲလာသည်။ ရင်ထဲမှာလည်း တလှပ်လှပ်နှင့် ခံရဆိုးသော ဝေဒနာကို သိနေ၏။

ဂြိုဟ်သားကတော့ ဘေးမှာရပ်ရင်း လည်ပတ်နေသော အဝိုင်းပြား ပေါ်က လူရိပ်တွေကို မမှိတ် မသုံ စိုက်ကြည့် နေသည်။ သူ့လက်ထဲက ကိရိယာနှင့်လည်း မှတ်တမ်းတင်သေး၏။ ထို့နောက် လည်ပတ်နှုန်းက တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် လုံးလုံး ရပ်တန့်သွားသည့် အခါ တယောက်ထဲ ဖြစ်သွားသည့် အောင်ဘညိုကို အဝိုင်းပြားပေါ်တွင် လေးဘက်ထောက်လျှက် မြင်တွေ့လိုက်ရသည်။

ဝမ်းသာအားရ ဖြစ်သွားပုံရသည့် ဂြိုဟ်သား၏ ကိုယ်ခန္ဓာက ဘောလုံးကြီးလို ဖြစ်သွားပြီး တဆတ်ဆတ် ခုန်နေ ချိန်တွင် အဝိုင်းပြား ပေါ်မှ အောင်ဘညို ဒရီးဒယိုင်နှင့် ဆင်းလာ၏။

................................................................................

အခန်း (၁၉)

အိမ်ရှေ့မှာ  ကားရပ်သံ ကြားလိုက်ရသည် နှင့် ခင်ကြာဖြူ အပြေးထွက်သွားမိသည်။ ကားပေါ်မှ အသားညိုညို ထောင် ထောင်မောင်းမောင်း အမျိုးသမီးတယောက် ဆင်းလာ၏။

“ အားလုံး အဆင်ပြေတယ် မဟုတ်လား။ အေးသိန်း ”

ခင်ကြာဖြူ၏ အမေးကို အသားညိုညို အမျိုးသမီးက ခေါင်းညိတ်ပြသည်။ သူတို့ နှစ် ယောက် အိမ်ထဲဝင်လိုက် ကြပြီးနောက် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသော ဧည့်ခန်းထဲမှာ ထိုင်နေသည့် အသက် ၆၀ ကျော် အမျိုးသမီးကြီး တယောက်ကို အသားညိုညို အမျိုးသမီးက နုတ်ဆက်လိုက်သည်။

“ အန်တီ နေကောင်းတယ်နော်”

“ ကောင်းတာပေါ့တော်။ ဒီက ရာသီဥတုက အရမ်းနေလို့ ကောင်းတာပဲ ပြန်တောင် မပြန်ချင်ဘူး”

“ မပြန်ဘဲတော့ မနေပါနဲ့ မေမေရယ်၊ သမီး အလုပ်တွေ ရှိသေးလို့ပါ”

ခင်ကြာဖြူက တောင်းပန်သလို ပြောလိုက်သည့် အခါ အဖွားကြီးက မဲ့ပြလိုက်ပြီး အသားညိုညိုနှင့် အေးသိန်း ဆို သည့် အမျိုးသမီးကတော့ ရယ်နေသည်။

“ သူပဲ အမျိုးမျိုးဖြစ်နေတာ၊ နင့်သူငယ်ချင်းကတော့လေ၊ ငါ မပြောချင်ဘူး အေးသိန်းရယ်”

“ သူ့ကို အရေးလုပ်မနေပါနဲ့ အန်တီရယ်။ ကလေး ရော အဆင်ပြေတယ် မဟုတ်လား”

“ ပြေပါ့တော်၊ နို့စို့လိုက်၊ အိပ်လိုက်နဲ့ …အင်းလေ သူ့အလုပ်က ဒါပဲ ရှိတာကိုး”

အေးသိန်းဟု ခင်ကြာဖြူက ခေါ်သော အေးအေးသိန်းက လွယ်ထားသည့် အိတ် ထဲမှ အညိုရောင် စာအိတ်ကြီး တလုံး ထုတ်ပေးသည်။

“ ရော့ ..လေယာဉ်လက်မှတ်ရော ပတ်စ်ပို့တွေရော အဲဒီထဲမှာပါတယ်။ ငါ့သဘော ပြောရရင် နင်တို့ မနက်ဖြန် မနက်လောက် ဆင်းသွားတာပိုကောင်းမယ် ထင်တယ်”

“ လေဆိပ်ထဲမှာ အကြာကြီးနေရင် အသိနဲ့တိုးမှာ စိုးတယ်ဟ”

“ ဦးစိုင်းအေးကို ငါပြောထားပြီးပြီ။ သူကိုယ်တိုင် ကားမောင်းပြီး နင်တို့ကို လိုက်ပို့မှာ။ လေယာဉ်ချိန် မရောက်ခင် အထိ နင်တို့ ဘယ်သူ နဲ့မှ မတွေ့အောင် နေဖို့နေရာ သူစီစဉ်ပေးလိမ့်မယ်။ လေယာဉ်ပေါ်ရောက်မှ အသိနဲ့ တိုးရင် တော့ ငါလဲ မတတ်နိုင်တော့ဘူးဟာ ကံပေါ့ ခင်ကြာဖြူရယ်”

ခင်ကြာဖြူ သက်ပြင်းချသည်။ အဖွားကြီး ကတော့ မျက်စောင်းထိုး၏။

“ အေးပေါ့ဟာ၊ ဘယ်တတ်နိုင်မလဲ။ ဟိုမှာ ဈေးလေးဘာလေးဝယ်တာ နဲ့ ဘာနဲ့ ဆိုရင် ၃ ရက်လောက်ကြာမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက် အပတ်ဆို ငါတို့ ရန်ကုန်ပြန်ရောက်ပြီ။ နင်က ကလေးကို ခေါ်ပြီး နောက် အပတ် လောက် ရန်ကုန် ဆင်းခဲ့ဟာ”

“ ဖြစ်မလားဟဲ့။ နင်က နိုင်ငံခြားမှာ အကြာကြီးနေပြီး ခုမှ ပြန်ရောက်တယ်။ ရောက်ရောက်ချင်း ကလေးမွေးစား တယ်ဆိုရင် လူတွေ တွေးစရာ ဖြစ်ကုန်မှာပေါ့။ နည်းနည်းတော့ စောင့်ဦးဟာ။ ကလေးမွေးစားချင်တယ် ဘာညာ နည်းနည်းလောက် လေသံ ပစ်ထား။ မိဘမဲ့ ကလေးတွေဘာတွေ တွေ့ရင် ပြောပါ။ မွေးစားချင်လို့ပါ ဘယ်လို ညာလိုတွေ လူသိအောင် လျှောက်ပြောထားပေါ့ဟာ။ နဲနဲကြာမှ ငါက ကလေးပိုက်ပြီး ဆင်းလာခဲ့မယ်။ အဲဒါမှ ယုတ္တိ ရှိမှာ”

“ ဒါပေမယ့် ငါက ငါ့သားလေးနဲ့ အကြာကြီး ခွဲနေရမှာလား”

“ နင့်သားနဲ့ တသက်လုံး အကြာကြီး တူတူနေချင်တယ် ဆိုရင် ငါ့စကားနားထောင်။ သိပ်ပြီး စိတ်နောက်ကိုယ်ပါ မလုပ်နဲ့”

“ အေးပါဟာ၊ ငါတို့ သားအမိ ဘဝက နင့်လက်ထဲမှာပါ။ နင်စီစဉ်တာကို နာခံရမှာပေါ့”

“ ကောင်မ၊ စကားနာ လာမထိုးနဲ့။ အခု ငါကူညီတာ နင့်ကြောင့် လို့ထင်သလား။ အန်တီ့ မျက်နှာနဲ့ ငါလုပ်ပေးနေ တာ။ ကလေးကိုလည်း သနားလို့”

ခင်ကြာဖြူက မချိပြုံးလေးပြုံးလိုက်သည်။

“ ငါ့သားလေးကို သေသေချာချာ ဂရုစိုက်ပါနော်”

“ ငါ ဆရာဝန်ပါ ခင်ကြာဖြူရယ်။ နောက်ပြီးတော့ ကလေး ၂ ယောက် မွေးထားတဲ့ အမေပါ။ နင့်လက်ထဲမှာထက် တောင် ကလေးအတွက် ပိုဘေးကင်းသေးတယ်။ နားလည်လား”

“ ဟို နို့ ..နို့ တိုက်ဖို့ ”

“ နင့်သားကို နို့ဘူး မတိုက်စေချင်ရင် ဆေးရုံက ကလေးအမေတွေ အကူအညီတောင်းလို့ရပါတယ်ဟာ။ ငါ့တာဝန် ထားပါ။ နင်သာ နိုင်ငံခြားက ပြန်လာတယ် ဆိုတဲ့ဇာတ်ကို ပိပိရိရိက ဖို့ပြင်ထား”

ခင်ကြာဖြူက ပိုင်ပါတယ် ဆိုသည့် အမူအရာဖြင့် လက်မ ထောင်ပြပြီး ထိုင်ရာက ထ၍ နောက်ဖက်သို့ ဝင်သွား သည်။

“ တနေကုန် ကလေးနား ပဲ နေနေတာ။ ရန်ကုန်ပြန်ရောက်ရင် ဒီကောင်မ နေတတ်ပါမလား မသိဘူး”

“ သမီးလဲ သူ့ကို တမင်ဖြဲ ချောက်လိုက်တာပါ။ အန်တီတို့သာ ပြန်ရောက်ရင် ကလေးမွေးစားချင်တယ်ဆိုတဲ့ အသံ များများ ထွက်ပေး။ ကလေးက ဖြူဖြူလေးဆိုတော့ မိဘမဲ့တိုင်းရင်းသား ကလေးလေးကို သမီးက မွေးစားဖို့ ခေါ် လာပေးတယ် ဆို တာ ယုံကြမှာပါ”

“ ကျေးဇူးတင်ပါတယ် အေးသိန်းရယ်။ နင့်သူငယ်ချင်းလဲ ဒီအရွယ်ရောက်မှ မရှူနိုင်မကယ်နိုင်ဖြစ်တော့ သမီးပဲ အားကိုးဖို့ အန်တီတွေးမိတာနဲ့ ခုလို ဒုက္ခလာပေးရတာပါ။ အားလည်းနာပါရဲ့”

“ မနာပါနဲ့ အန်တီရယ်။ သမီး အပေါ်မှာ အန်တီ့ ကျေးဇူးတွေ အများကြီးရှိပါတယ်။ သမီး ဆရာဝန်ဖြစ်လာတာ အန်တီ ထောက်ပံ့ခဲ့လို့ပါ။ ဒီလောက် လုပ်ပေးရတာ စိတ်ထဲမထားပါဘူး”

“ သာဓုပါ သမီးရယ်”

“ ဒါပေမယ့် အဲဒီအောင်ဘညိုဆိုတဲ့ ကောင်ကိုတော့ တိုက်ဆိုင်လို့များ သမီးရှိတဲ့ ဆေးရုံရောက်လာခဲ့ရင် ရောဂါ တခုခု နာမည်တပ်ပြီး အရင်းကနေ ဖြတ်လွှတ်လိုက်မယ်”

“ ထားလိုက်ပါ အေးသိန်းရယ်။ ဝဋ်ဆိုတာ လည်မှာပါပဲ။ တို့များလဲ ဝဋ်မကင်းလို့ ဒီလိုဖြစ်ရတာမဟုတ်လား။ အန် တီကတော့ မြေးလေးမျက်နှာကို မြင်ရရင် စိတ်ချမ်းသာပြီး အားလုံး ခွင့်လွှတ်နိုင်ပါတယ်”

“ ဟုတ်တယ် အန်တီ၊ ကလေးကတော့ မိဖြူနဲ့ တူလို့ ဖြစ်မယ်။ ချစ်စရာလေး”

အေးအေးသိန်း နှင့် မေမေတို့ စီစဉ်သည့် ဇာတ်လမ်းက အလုပ်တော့ ဖြစ်ပါသည်။ ကိုယ်ဝန် ရှိလာလို့ အောင်ဘ ညို နှင့် အမြန်ဆုံး လက်ထပ်ဖို့ ကျိတ်ပြီး စီစဉ်နေစဉ်မှာပင် ကျေးဇူးရှင်က ရုတ်တရက် ပျောက်ဆုံးသွာသည့် အ တွက် ငယ်ထိပ်ကို မြွေပေါက်သလို အရူးမီးဝိုင်း ဖြစ်နေချိန်မှာ အေးအေးသိန်း ရန်ကုန်ကို အလုပ်ကိစ္စနှင့် ရောက် လာခြင်းက နတ်သိကြားတွေမစလိုက် သလိုပင် ဖြစ်၏။ ငယ်ငယ်ကထဲက စာတော်သည့် အေးအေးသိန်းက ဖြတ်ထိုးဉာဏ်လည်း ကောင်းသည်။ ရေနစ်နေသော ခင်ကြာဖြူအတွက် အေးအေးသိန်း နှင့် မေမေ့ အစီအစဉ်က ကောက်ရိုးတမျှင် ထက် ပိုပါသည်။

ခင်ကြာဖြူ ကိုယ်ဝန်သိသာ လာတော့မည့် အချိန်လောက်တွင် မေမေ့ကို နိုင်ငံခြားမှာ ဆေးကုမည် အကြောင်း ပြပြီး ဘန်ကောက်ကို ထွက် လာခဲ့ကြသည်။ အလုပ်ကိစ္စတွေ အကုန်လုံးလည်း အန်ကယ်လ် ဦးမြင့်ဆွေနှင့် လွှဲထားခဲ့သည်။ ဘန်ကောက်မှာ တရက် နှစ် ရက်လောက် နေပြီးမှ ရန်ကုန်ကို တိတ်တဆိတ်ပြန်လာခဲ့ကြသည်။ အေးအေးသိန်းက လေဆိပ်မှာ စောင့်ပြီး သူ တာဝန်ကျရာ တောင်ပေါ်မြို့လေးကို တန်းခေါ်သွား၍ ကိုယ်ဝန် ရင့်သည် အထိ စောင့်ရှောက်ထားကာ က လေးကို မွေးပေးခဲ့သည်။

နေရာတော်တော်များများမှာ အင်တာနက်ရတာ ဒီတခုတော့ ကံကောင်းသွားသည်။ အလုပ်တွေ ကို အွန်လိုင်းက နေ နိုင်ငံခြား ရောက်နေသယောင်ယောင် ညွှန်ကြားလို့ ရနေသည်။ ဒါပေမယ့် အခုတော့ ပြန်ဖို့ သင့်ပြီ ဖြစ်သည်။ အဲဒီအတွက် အေးအေးသိန်း ရန်ကုန်ဆင်းပြီး စီစဉ်ရခြင်း ဖြစ်သည်။ ပထမတခေါက်တုန်းက အတိုင်းပင် ဘန် ကောက်ကို အမှတ်တမဲ့ ထွက်သွားပြီး မှ လူသိရှင်ကြား ပြန်လာရမည်။ အဲဒါကလည်း မခက်ပါ။ ရုံးက လူတွေကို ဖုန်းဆက်၍ လေ ဆိပ်မှာ လာကြိုခိုင်းလိုက်လျှင် ဆေးကုပြီး အခုမှ ပြန်လာသည့် သရုပ် တော်တော် ပီပြင်သွား မည် ဖြစ်၏။

လောလောဆယ်တော့ ကလေးကို အေးအေးသိန်း ဆီမှာပဲ ထားခဲ့ရဦး မည်။ နည်းနည်းကြာမှာ အေအေး သိန်းက ရန်ကုန်ခေါ်လာပြီး ခင်ကြာဖြူက မွေးစားသလို လုပ်ဖို့ စီစဉ်ထား၏။ ဖြစ်နိုင်ရင် ခင်ကြာဖြူက ကလေးကို မ ထား ခဲ့ချင်ပါ။ အေးအေးသိန်းက ဂရုစိုက်မယ်ဆိုတာကို ယုံပေမယ့် ကိုယ့်ကလေးကို ရင်အုပ်မကွာဘဲ ထားချင် သည်။ ဒါပေမယ့် သားနှင့် အိန္ဒြေမပျက် တသက်လုံး တူတူနေနိုင်ဖို့က မေမေ နှင့် အေးအေးသိန်း စီစဉ်သည့် အခု လက် ရှိ နည်းလမ်းက လွဲ၍ ခင်ကြာဖြူလည်း မတွေးတတ်ပါ။

မေမေနှင့် အေးအေးသိန်းတို့ နှစ်ယောက် အိမ်ရှေ့မှာ စကားကောင်းနေစဉ် ခင်ကြာဖြူက နောက်ဖက်က အခန်း ထဲတွင် သီချင်းလေး တအေး အေး နှင့် ကလေး အနှီးလဲပေးနေသည်။ အနှီးလဲရင်း သာမန်ကလေးများ၏ ၂ ဆ လောက်ရှိမည့် ဖွားဖက်တော် ကို ကြည့်မိသည့်အခါ ခင်ကြာဖြူ မျက်နှာလေး မချိုမချဉ် ဖြစ်သွား၏။

“ အဖေတူ သားလေး။ အဖေထက်တောင် ဆိုးမယ့် ဟာလေးလား မသိဘူး။ ငါ့သားကြောင့် ကောင်မလေးတွေ ဒုက္ခ ရောက်ဦးမယ်ထင်တယ်”

..................................................................................

အခန်း (၂၀)

ကားစီးရင်း ဘေးဘီကို ခင်ကြာဖြူ တခါမှ ဒီလိုမျိုး တောက်လျှောက်လိုက်မကြည့်ဖူးပါ။ ကြာတော့ကြည့်ရင်းကြည့် ရင်းမူးလာသည်။ ထို့ကြောင့် အတွင်းကို ပြန်လှည့်ပြီး ရှေ့ခန်းမှာ ထိုင်နေသော ဦးညွှန့်လွင်ကို လှမ်းမေးလိုက် သည်။

“ သေချာပါတယ်နော် ဦးညွှန့်လွင်”

“ မခင်ကြာဖြူ ပြောတဲ့ ပုံစံ၊ အဲဒီ အသက်အရွယ်ပါပဲ။ ဟုတ်မယ်ထင်ပါတယ်။ တွေ့တဲ့ အခါ သေသေချာချာ ကြည့် ကြည့်ပေါ့”

ပျောက်သောသူ ရှာရင်တွေ့ဆိုသည့် စကားပုံ မှန်ပါစေဟု ခင်ကြာဖြူ ဆုတောင်းမိပါသည်။ ဘာမှ မသိရှာသည့် သားလေးကတော့ ခင်ကြာဖြူ ဘေးက သူ့ခြင်းတောင်းလေးထဲမှာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေ၏။ ငွေစာရင်း တွေ မရှင်းဘဲ ထွက်သွားသည့် မန်နေဂျာကို ရှာနေခြင်းဟု သာ သိထားသော ဦးညွန့်လွင်ကတော့ ခင်ကြာဖြူ ကလေးကိုပါ ခေါ်လာတာကို နားမလည် ဖြစ်နေပုံရသည်။

မေမေကလည်း သူ့မြေးကို မထည့်လိုက်ချင်ပါ။ ဒါပေမယ့် ခင်ကြာဖြူက ဇွတ် အတင်းခေါ်လာခဲ့သည်။ အောင်ဘ ညိုကို ကလေးပြပြီး ပြန်ခေါ်ဖို့ ရည်ရွယ်ချက် မျိုးတော့ မဟုတ်ပါ။ အကြောင်းမဲ့ လမ်းခွဲထွက်ပြေးသွားသူကို မြင် ချင်၍၊ အခွင့်အရေး ရရင် ဘာကြောင့်လည်း ဆိုတာကို မေးချင်၍ လာခဲ့ခြင်းသာ ဖြစ်သည်။ ကလေး ခေါ်လာ တာက သားနှင့် ကြာကြာ မခွဲနိုင်တာရယ်၊ သားတော်မောင်က ကားကြာကြာ စီးရတာကို သဘောကျတာ ရယ်ကြောင့် ခေါ်လာခြင်း ဖြစ်သည်။ ခုတော့ ကျေးဇူးရှင်က  ရန်ကုန် က ထွက်လာကထဲက တရေးတောင် မနိုးဘဲ အိပ်နေသည်။

အောင်ဘညို ရုတ်တရက် ပျောက်ဆုံးသွားရသည့် အဖြစ်ကို ခင်ကြာဖြူ ခုထိ နားမလည်ပါ။ မိမိ ဂုဏ်သိက္ခာနှင့်  အိန္ဒြေတွေကို တောင်မငဲ့ဘဲ သူလိုသမျှ အကုန်ပေးခဲ့သည်။ ကိုယ်လေးလက်ဝန် ရှိလာချိန်မှာလည်း အများ ပြောစရာ ဖြစ်မှာကိုတောင် အရေးမစိုက်ဘဲ သူ့ကို လက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အောင်ဘညိုက ရက်ရက်စက်စက်ပင် ထားရစ်ခဲ့သည်။

သူ ပေါ်မလာတော့သော အခါ ခင်ကြာဖြူ ဆေးရုံတွေရောက်သည်၊ ရဲစခန်းတွေ ရောက်သည်။ အောင်ဘညို၏ မိဘများ နေရပ်အထိပင် လိုက်သွားခဲ့သေးသည်။ သူတို့ကိုယ်တိုင်လည်း အောင်ဘညို ဘယ်ဆီမှာမှန်း မပြော တတ်ကြသည့် အခါ ခင်ကြာဖြူ စိတ်လျှော့လိုက်ရ၏။ မကြာမီ အထုပ်အထည်ပေါ်လာတော့မည့် ဗိုက်ကိစ္စကို ဖြေရှင်းဖို့ကိုသာ ဦးစားပေးရတော့သည်။ ဒါပေမယ့် ကလေးမွေးပြီး ပြန်ရောက်လာကတည်းက အောင်ဘညို သတင်းကို ခင်ကြာဖြူ နားစွင့်နေခဲ့သည်။ လက်လှမ်းမှီသမျှ အကူအညီတောင်းပြီး ထောက်လှမ်းနေခဲ့သည်။ အခုတော့ မေမေ တို့ အလုပ်သမားဟောင်း ဦးညွှန့်လွင်ထံမှ သတင်းရခဲ့ပြီ ဖြစ်၏။

“ ရောက်တော့မယ် မခင်ကြာဖြူ။ ဟို ရှေ့နားတဝိုက် မှာ သူ့ကို ခနခန တွေ့ရတတ်တယ်”

ဦးညွှန့်လွင်စကားကြောင့် အပြင်ကို ပို၍ သေသေချာချာ မြင်နိုင်ရန် ခင်ကြာဖြူ ကားမှန်ကို နည်းနည်းချလိုက် ၏။ ကားက ဈေးလိုလို လူစည်ကားသည့် နေရာတခု နားကိုရောက်နေသည်။

“ ဟော ..ဟော …ဟိုမှာ ..ဟိုမှာ”

လမ်းဘေးသစ်ပင် တပင်၏ အောက်တွင် ဆံပင်ဘုတ်သိုက်၊ နုတ်ခမ်းမွှေး မုတ်ဆိတ် ဗရပျစ်နှင့် လူတယောက် ထိုင်နေသည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများနှင့် ပိန်လှီ ညှိုးဖျော့နေသော်လည်း ခင်ကြာဖြူ ကောင်းကောင်း မှတ်မိပါသည်။ ကောင်းကင်ကိုသာ စူးစူးစိုက်စိုက် မော့ကြည့်နေသည့် အောင်ဘညိုက တော့ ခင် ကြာဖြူ့ကို မြင်ပုံမရပါ။

“ အရှိန်လျှော့လိုက်၊ ဖြေးဖြေးပဲ မောင်း”

ဒရိုင်ဘာက ဘီးကို တပတ်ချင်းလှိမ့်မောင်းပေးသည်။ သူနှင့် ခင်ကြာဖြူကြားမှာ ပေ၂၀ လောက်ပဲ ခြားသည့် အတွက် အောင်ဘညို ပြောနေသည့် စကားတွေကို ကောင်းကောင်းကြားနေရ၏။

“ ခွေးမသား ဂြိုဟ်သား အခုကျတော့ ပေါ်မလာတော့ဘူး”

“ အဲဒါမင်းတို့ ဆတ်ဆော့လို့ ဖြစ်ရတာ၊ မင်းတို့ အရူးမထရင် ငါနဲ့ မမဖြူ လက်ထပ်ပြီးနေပြီ”

“ ဟေ့ကောင်၊ သဲသဲ ကို ပစ်ထားလို့ရမလားကွ၊ မင်းကငါတို့ကို မင်းလို တဏှာရူး၊ လူလို မသိတတ်တဲ့ ကောင် ထင်နေသလား”

“ မင်းတို့ ၂ ကောင် ငြိမ်ငြိမ် နေကြစမ်းပါကွာ၊ နားညီး လိုက်တာ။ ငါပြောလိုက်ရရင် မကောင်းဘူး။ မမဖြူတို့ သဲသဲ တို့က ချိုချို့လောက် သနားစရာ ကောင်းလို့လား”

“ ဟား ..ဟား ..မင်းဆရာလေးက ဆန်အလှူခံပြီး ကျွေးမှာမို့လား။ လူပြန်ထွက်ပြီး စမူဆာရောင်း ကျွေးမှာ လား”

“ ခွေးကောင် နှာဗူး၊ မင်း မမိုက်ရိုင်းနဲ့”

“ ဟေ့ကောင်တွေ ငြိမ်ငြိမ်နေကြစမ်း၊ ဟာ …ဟိုမှာ …ဟိုမှာ … အာကာသ ယာဉ်”

“ ဂြိုဟ်သား၊ ဂြိုဟ်သား … လိုက် ..လိုက်”

တယောက်ထဲ အချေအတင် အော်ကြီး ဟစ်ကျယ် ညင်းခုန်နေရာမှ မိုးပေါ်ကို လက်ညိုးထိုးရင်း အောင်ဘညို သုတ်ကနဲ ထပြေးတော့သည်။ အနားက ခွေးတွေလည်း အလန့်တကြား ထဟောင်ကြသည်။

ကားမှန်ကို ပြန်တင်လိုက်ရင်း ခင်ကြာဖြူ သက်ပြင်းချသည်။

“ အဲဒီလို အခြေအနေ ဆိုတာ ကျွန်မကို ဘာလို့ ကြိုမပြောတာလဲ ဦးညွှန့်လွင်”

“ ကျွန်တော်လည်း ဘယ်လို ပြောရမှန်း မသိတာနဲ့၊ ခင်ကြာဖြူ ကိုယ်တိုင် မြင်ရင် ပိုကောင်း မလားလို့ပါ။”

“ အခု ဘယ်လို လုပ်မလဲ မမဖြူ”

ဒရိုင်ဘာက လှည့်မေးသည်။

“ ဦးညွှန့်လွင်ကို ပြန်ပို့ပေးပြီးရင် တို့လည်း ပြန်ကြတာပေါ့”

အောင်ဘညို ပြေးထွက်သွားရာ ဘက်သို့ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် လှမ်းမျှော်ကြည့်ရင်း ခင်ကြာဖြူ ပြောသည်။ အောင်ဘညို ကိုတော့ အရိပ်အယောင်မျှပင် မမြင်ရတော့ပါ။




ပြီးပါပြီ။

Print Friendly and PDF

No comments:

Post a Comment