ဝေခဲ့ရ အလွမ်းပွင့်တွေ အပိုင်း ( ၇ )
ရေးသားသူ - MrPoet @ အချစ်တက္ကသိုလ်
“ မြတ်နှင်း။ နက်ဖြန်ကစပြီး သုံးရက်လောက် မာယာမရှိဘူးနော်”
မာရီကိုဟု နှုတ်ကျိုးနေသော မာယာကို မြတ်နှင်းဟုသာ ခေါ်ရန် သူမ မနည်းပြောထားရသည်။ မာယာပြောပြထားချက်များအရ ဝဋ်ကြွေးသွားရောက်ပေးဆပ်ရမည့်နေ့များဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
“ ဟုတ်၊ ကိုဝီရတော့ အတူတူပြန်ပေးမယ်မဟုတ်လား။ မြတ်နှင်းတစ်ယောက်တည်းဖြစ်နေလို့ပါ”
“ မောင်၊ မြတ်မင်းနဲ့ ပြန်ပေးလိုက်လေ၊ နော်”
အရုပ်ကြီးတစ်ရုပ်လို ခေါင်းသာညိတ်ပြနေသော ဝီရအောင်ကြောင့် ရယ်ချင်သွားရသည်။
“ စိတ်ချပါ၊ မြတ်နှင်း ကိုဝီရကို ကိုက်မစားပါဘူး”
“ စားချင်လည်း စားပစ်လိုက် မြတ်နှင်းရေ”
မိန်းကလေးနှစ်ယောက်အကြား မျက်နှာကြီးအိုးတိုးအမ်းတမ်းဖြစ်နေသော ဝီရအောင်ကိုကြည့်ကာ သူမတို့နှစ်ယောက် တခစ်ခစ် ရယ်မောလိုက်ကြသည်။
နောက်ဆုံးအတန်းချိန် မပြီးခင်လေးတွင် အခန်းရှေ့ကော်ရစ်တာသို့ ရောက်လာသော ဝီရအောင်ကြောင့် သူမရင်ထဲ ကြည်နူးမှုလှိုင်းကလေးတစ်ခု ငြိမ့်ငြိမ့်လေး ဖြတ်ပြေးသွားသည်။ အတန်းချိန်ပြီးတော့ ပစ္စည်းများသိမ်းဆည်းကာ ဝီရအောင်ဆီ လျှောက်သွားလိုက်သည်။
“ ကိုဝီရ၊ ခဏလောက် ထပ်စောင့်ပေးမလား။ မြတ်နှင်း တွိုင်းလက်ခဏဝင်ချင်လို့”
“ ရ ရ ရပါတယ်။ အ အ အေးဆေးလုပ်”
ဝီရအောင်ကို ကျောခိုင်းကာ အိမ်သာဘက်ထွက်လာခဲ့သည်။ ကိစ္စဝိစ္စပြီးတော့ အိတ်ထဲမှ ဘီးကလေးထုတ်ကာ ခေါင်းကို တစ်ချက်နှစ်ချက်သပ်၊ နှုတ်ခမ်းနီလေး နည်းနည်းထပ်ဆိုးလိုက်သည်။
ခါးမှထဘီကလေးကို ကျစ်ကျစ်လစ်လစ် သပ်သပ်ရပ်ရပ်ဖြစ်အောင်စည်းပြီး တင်ကလေးကိုပစ်ကာ မှန်ထဲကြည့်လိုက်သေးသည်။ ကျေနပ်လောက်အောင် ကြည့်ပြီးမှ ပြန်ထွက်ကာ ဝီရအောင်စောင့်နေရာဆီ ပြန်လာခဲ့လိုက်သည်။ ။
“ အစ်ကို၊ သွားရအောင်လေ”
ကိုယ့်ပါးစပ်ကိုယ်ဖြတ်ရိုက်ချင်သွားသည်။ အစ်ကိုဆိုပြီး ဘယ်ကဘယ်လိုထွက်သွားမှန်းမသိ။ သူမဘာသာသူမ ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း ဝီရအောင်ကတော့ သတိထားလိုက်မိပုံမပေါ်ပါပေ။ ဝီရအောင်က ပင်ကိုယ်အားနည်းချက်ကြောင့် တော်ရုံစကားမပြောခြင်းကြောင့်ရော၊ မာယာမပါပဲ နှစ်ယောက်တည်းဖြစ်နေ၍ ရှိုးတိုးရှန့်တန့် ဖြစ်နေခြင်းကြောင့်ရော၊ သူမက စောစောက အစ်ကိုဟုခေါ်ပြီး သူမဘာသာပြန်ရှက်နေခြင်းကြောင့်ပါ နှစ်ဦးသားစကားမပြောဖြစ်ကြပဲ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘတ်စ်ကားမှတ်တိုင်ဆီ လျှောက်လာကြသည်။ ကြာတော့ သည်လို ကြောင်စီစီကြီးဖြစ်နေတာကို သူမသည်းမခံနိုင်တော့။
“ ကိုဝီရက အရမ်းမာနကြီးတာပဲနော်”
“ ဟင်”
“ ဟုတ်တယ်လေ၊ မြတ်နှင်းသာ စကားစမပြောရင် ဘာမှကို မပြောတော့ဘူး”
“ ဟို ဟို”
“ မြတ်နှင်းကပဲ အတင်းလိုက်စကားပြောနေရသလို ဖြစ်နေတော့ အောက်တာပေါ့လို့”
“ မ မ မဟုတ်”
ဖင်ကုပ်ခေါင်းကုပ်နှင့် ပြာယာခတ်သွားသော ဝီရအောင်ကိုကြည့်ကာ သူမကို တခစ်ခစ်ရယ်မောလိုက်မိသည်။ ရယ်လိုက်သောကြောင့် စောစောက ရှက်ကိုးရှက်ကန်းဖြစ်နေတာလည်း ပျောက်သွားသည်။ ဝီရအောင်ကတော့ တစ်ခုခုပြောဖို့ အားယူနေရင်း ဗျာများနေသည်။ ထိုအခါမှ သူမလည်း သနားစိတ်ကလေးဝင်သွားပြီး
“ မြတ်နှင်းက စတာပါ။ ကိုဝီရရဲ့။ …”
ထိုသည်မှစကာ တစ်လမ်းလုံး လူစင်စစ်က သာလိကာမလေးလို စကားတွေ ရေပက်မဝင်လောက်အောင် မြတ်နှင်း ပြောလာမိသည်။ ဝီရအောင်ကတော့ ခေါင်းညိတ်လိုက်၊ အင်း ၊ အဲလုပ်လိုက် တစ်ချက်တစ်ချက် တစ်ခုခုကိုတွေးနေသလို မြတ်နှင်းပြောလိုက်သည်များကို မကြား၍ ပြန်မေးလိုက်နှင့်လုံးလည်ချာလည်လိုက်နေလေသည်။
“ ကိုဝီရ၊ ဆင်းရမယ့်မှတ်တိုင်ရောက်တော့မယ်” ဝီရအောင် ဆင်းရမည့်မှတ်တိုင်က အရင်ရောက်သည်။
“ ဟ ဟ ဟုတ်သားပဲ။ သွသွသွသွားတော့မယ်နော်”
“ အင်း ၊ဆီးယူ”
ထထွက်သွားသော ဝီရအောင်၏ ကျောပြင်ကိုကြည့်ကာ သူမရင်ထဲ ဟာတာတာဖြစ်သွားသလို ခံစားလိုက်ရသည်။ ဝီရအောင် ကားပေါ်မှ ဆင်းသွားတော့ သူမ အပြေးအလွှား ထရပ်ကာ အော်လိုက်သည်။
“ ဆင်းမယ်၊ ဆင်းဦးမယ်”
ကားထွက်ရန်ပြင်နေသော ကားသမားက သူမကို ဘူရှိုးလှမ်းရှိုးသည်။ လှတပတကောင်မလေးဖြစ်နေတော့ မျက်နှာကြောလျော့သွားလေသည်။ ငိုက်စိုက်ငိုက်စိုက်နှင့် ရှေ့မှလျှောက်သွားသော ဝီရအောင်၏ ဘယ်ဘက်ကျောပြင်ကို ပုတ်ကာ ညာဘက်သို့ ရွှေ့လိုက်သည်။ ဝီရအောင်က ဘယ်ဘက်ကို လှည့်ကြည့်ကာ ဘယ်သူမှမတွေ့တော့ ညာဘက်ကိုလှည့်ကြည့်သောအခါမှ သူမက စပ်ဖြီးဖြီးလေး ရယ်ပြလိုက်သည်။ သူမကို တွေ့တော့ အံ့သြသွားလေသည်။
“ စကားပြောရတာ မဝသေးလို့ ဟီး ဟီး၊ မြတ်နှင်းကို အိမ်နားထိလိုက်ပို့မလား။ နော်.. နော်”
သူမဘဝတွင် ယောက်ျားလေးတစ်ယောက်ကို သည်လိုချွဲသလိုလိုလေး ပြောဖူးခြင်းသည် ဒါပထမဆုံးပဲ ဖြစ်ပါသည်။ လမ်းတစ်လျှောက် သူမကပေါက်ပေါက်ဖောက်နေသလောက် ဝီရအောင်ကတော့ တစ်စုံတစ်ခုကို သဲကြီးမဲကြီးစဉ်းစားနေသလို တွေဝေနေလိုက် သက်ပြင်းချလိုက်ဖြစ်နေသည်။ သူ့ဟာသူဆို ဒီတစ်သက်ပြောမည်မဟုတ်၊ သူမကပဲ မေးရတော့မည်။
“ ကိုဝီရ၊ မြတ်နှင်းကို တစ်ခုခု ပြောချင်နေသလိုပဲ”
ဝီရအောင်သည် စိတ်ကိုဆုံးဖြတ်လိုက်ဟန်ဖြင့်
“ မြ မြ မြတ်နှင်းကို တ တ တ တောင်းပန်ချင်တာ ရှိ ရှိလို့။ ဟို ဟို ဟိုနေ့က က က က ကားပေါ်မှာ တ တ တမင်လ လ လ လုပ်တာ မ မ မဟုတ်ပါဘူး။ မ မ မတော်တဆ ဖြ ဖြ ဖြစ်သွားတာ”
သူဘာကိုဆိုလိုမှန်း သိလိုက်တော့ မြတ်နှင်းဖြူ ရှက်ပြီး မျက်နှာလေး ပူထူသွားသည်။ နဂိုဖြူသော အသားအရည်ကြောင့် နီရဲနေမည်မှာ သေချာပါသည်။ သူ့ကို မျက်နှာချင်းမဆိုင်ရဲတော့ပဲ ခေါင်းကလေးငုံ့လိုက်ပြီး အသံတိုးတိုးဖြင့်
“ ရပါတယ်။ ဖြစ်တတ်တာပဲ”
“ စ စ စိတ် မ မ မဆိုးပါနဲ့ န န နော်”
“ စိတ်မဆိုးလို့ပဲ ခင်ခင်မင်မင် နေနေတာပေါ့။ ကိုကိုပိန်းရဲ့”ဟု စိတ်ထဲက ပြန်အော်ပစ်လိုက်သည်။ မေ့မေ့ပျောက်ပျောက် ထားလိုက်ပြီးနေတဲ့ဟာကို တကူးတက မျက်နှာချင်းဆိုင်ကြီး လာတောင်းပန်နေတော့ မျက်နှာပူရသည်ပေါ့။ ကိုကိုပိန်းဟု သူမဘာသာသူမခေါ်ပြီး ပြုံးစိစိဖြစ်ချင်သွားသောကြောင့် မနည်းမျက်နှာပိုးသတ်ရသေးသည်။
“ မဆိုးပါဘူး။ မတော်တဆပဲဟာ”
“ ကျ ကျ ကျွန်တော်က...”
“ ကိုဝီရ မပြောနဲ့တော့။ မြတ်နှင်း နားလည်တယ်လို့။ ရပြီ ဒီအထိပဲ လိုက်ပို့တော့။ အိမ်နားလည်းရောက်နေပြီ။ ပြန်တော့နော်။”
“ ဟ ဟ ဟုတ်ကဲ့”
ရပ်ကျန်ခဲ့သော ဝီရအောင်၏ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် တဘုန်းဘုန်းထုလိုက်ချင်မိသည်။ သူများတကာ ရှက်နေတာကို အလိုက်ကန်းဆိုးမသိ သည်အကြောင်းကြီးကို ထပ်ကာထပ်ကာပြောဖို့ ကြံနေသည်။ မြန်မြန်စကားဖြတ်လိုက်တာပဲ အေးသည်။ တလှပ်လှပ်ခုန်နေသော ရင်နှင့်အတူ၊ မျက်နှာနှင့် ရင်ထဲမှာ ပူနေသလောက် လက်ကလေးများက အေးစက်နေသည်မှာ ဘာသဘောလည်း သူမမတွေးတတ်တော့ပါပေ။
........................................................
မြတ်နှင်းဖြူနေခဲ့ခိုင်းသောနေရာမှ နောက်ပြန်လှည့်ခဲ့ကာ သူအတွေးများ မျောလွင့်ရင်း အိမ်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ အားနည်းချက်နှင့် သူ့အပေါ် ဖြူဖြူစင်စင်ခင်မင်နေရှာကာ စကားတွေရေပက်မဝင်ပြောနေသော မြတ်နှင်းဖြူကိုကြည့်ပြီး သူလိပ်ပြာမလုံဖြစ်နေသည်။ ကားပေါ်မှာ ထောက်ခဲ့မိတာ၊ သူမအိမ်မှာ သူမကို ချောင်းကြည့်ခဲ့မိတာ၊ ရမ္မက်၏စေစားမှုကြောင့် ပစ်မှားခဲ့မိတာစသည်များက သူ့ကို ခြောက်လှန့်နေသလိုဖြစ်နေသည်။
သူမပြောသောစကားများက ကြားတစ်ချက်၊ မကြားတစ်ချက်။ သည်အတိုင်းကြီးတော့ သူဘယ်လိုမှ လိပ်ပြာလုံမည်မဟုတ်။ သူမကိုတောင်းပန်ရမည်။ အိမ်ထဲခိုးဝင်တာတော့ ပြောလို့မဖြစ်။ ထောက်ခဲ့မိတာကိုပဲ မတော်တဆဖြစ်ကြောင်း သေချာတောင်းပန်ရမည်။ ပြောရမည့်စကားများကို စိတ်ထဲ အပြန်ပြန်အလှန်လှန် စာစီနေမိသည်။ တကယ်တောင်းပန်တော့ စဉ်းစားထားသမျှ ဘယ်နားကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်မသိ။ တော်ပါသေးသည် မြတ်နှင်းဖြူက ခွင့်လွှတ်သည်တဲ့။
အိမ်ရောက်သည်အထိ သူ့အနားမှာ မြတ်နှင်းဖြူ၏ အသံစာစာကလေးများ ဝဲပျံနေသလို ခံစားရသည်။ မိန်းကလေးတစ်ယောက်နှင့် ၊ တစ်နည်းပြောရလျှင် မာယာမှလွဲ၍ လူသားစစ်စစ်မိန်းကလေးတစ်ယောက်နှင့် အခုလို ရင်းရင်းနှီးနှီးနေဖူးခြင်း၊ ကျောင်းမှအတူတူပြန်ဖူးခြင်းသည် သူ့ဘဝမှာ ပထမဆုံး ဖြစ်ပါသည်
...............................................
စာမေးပွဲနီးလာသောအခါ စာစုလုပ်ကြရန် စဉ်းစားကြရာ မာယာကအကြံပေးသဖြင့် နေ့လယ်နေ့ခင်းဆို ဘယ်သူမှမရှိ၍ လွတ်လပ်သော ဝီရအောင်၏အိမ်တွင် သူမတို့သူငယ်ချင်းတစ်သိုက် စာစုလုပ်ကြရန် စီစဉ်ကြသည်။ သဘောကောင်းသော ဝီရအောင်ကလည်း မဆီမဆိုင် ပထမနှစ်များက သူ့အိမ်မှာ စာစုလုပ်မည်ကို မငြင်းရှာပေ။ အလွယ်တကူပင် လက်ခံလိုက်သည်။ စာလုပ်တာနည်းနည်း ပေါက်ပေါက်ဖောက်ကြတာများများဖြစ်သည်။
ရတုချိုနှင့် ချိတ်တိတ်တိတ်ဖြစ်နေသော ကျော်စွာပါ မကြာမကြာရောက်လာ၍ ၎င်းတို့နှစ်ယောက်ကို အားလုံးက ဝိုင်းစနေကြရာ လူကလည်းရွတ်သလို မျက်နှာလည်းပြောင်ရဲသော ကျော်စွာ့ကြောင့် တစ်ဖွဲ့လုံးမှာ ပါးစပ်ကို မစေ့ရပေ။ ညနေစောင်းတော့ ထုံးစံအတိုင်း ယောက်ျားလေးများက လက်ဖက်ရည်ဆိုင်သွားမည်ဆိုကာ ထွက်သွားကြသည်။
မိန်းကလေးများကတော့ မာယာကျွေးသော လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ် စသည်တို့ဖြင့် အပြိုင်အဆိုင် တော်ကီပွားကြလေတော့သည်။ ထုံးစံအတိုင်း ကိုရီးယားကားများ၊ ဖက်ရှင်များ၊ ဆယ်လီအတင်းအဖျင်းများအကြောင်းပြောနေရင်းက ပန်းဝတ်ရည်က ခေါင်းစဉ်ပြောင်းကာ စကားစလိုက်သည်။
“ နင်တို့ ဖုတ်ဝင်တယ်ဆိုတာ သိကြလား”
“ အို၊ ကောင်မရယ်။ နားရှက်စရာတွေ”ရတုချိုက လှမ်းနောက်လိုက်သည်။
“ ဟဲ့၊ မသာမ၊ နှာခေါင်းနဲ့ပဲ တွေးမနေနဲ့။ နင်တို့စောင်RSတွေ အဲ့ဒါတွေခက်တာ။ နာနာဘာဝ ဖုတ်ကိုပြောတာတဲ့”
ပန်းဝတ်ရည်က ပြန်ပက်လိုက်သည်။
“ ဘာမှRSမဟုတ်ဘူး။ တို့က သန့်သန့်လေး”
“ အမလေး၊ RS မဟုတ်လို့သာပဲ။ ငါမပြောလိုက်ချင်ဘူး။ ဒီနေ့တောင် မလာလို့ ငါတို့ကို အဖတ်လုပ်တာမဟုတ်လား”
“ နှာဘူးမ ဖုတ်တွေဖတ်တွေထဲကကို မထွက်ဘူး”
“ ဟဲ့ငါက ရိုးရိုးပြောတာ နင့်ဘာသာနှာတွေးတွေးတာ”
သူတို့နှစ်ယောက်စကားနိုင်လုနေသည်ကို ကြည့်ပြီး အားလုံး ရယ်မောကြရသည်။
“ နေစမ်း။ ငါအကောင်းပြောမလို့။ ငါ့အမေတို့ရွာမှာ အဘကြီးတစ်ယောက် ဖုတ်ဝင်တာတဲ့။ဘယ်ဆရာ၊ ဘယ်ဘုန်းကြီးနဲ့ ချွတ်ချွတ်မကျွတ်ဘူး။ သေမှပဲကျွတ်သွားတာတဲ့။ မသေခင်က နေ့ဆို သေမတတ် တညည်းညည်းတညူညူ အိပ်ရာထဲက မထနိုင်ဘူး။ ညလည်းရောက်ရော အိမ်မှာရှိသမျှ အိုးခွက်ပန်းကန်တွေ လှန်လှော ရှာဖွေစားတာတဲ့။ သူ့အိမ်ကလူတွေက ကြောက်ပြီး အနားလည်းမကပ်ရဲ၊ စားစရာမရှိရင် မြန်မြန်ထွက်သွားအောင် ဘာမှ စားစရာမချန်ထားကြတော့ စားစရာမတွေ့ရင် အဲ့ညဘက်ကြီး ကြိမ်းမောင်းဆဲဆို သောင်းကျန်းတာတဲ့”
“ ဟယ်ကြောက်စရာကြီး” ရတုက ဖောလိုလိုက်လိုက်သည်။
မြတ်နှင်းဖြူက မာယာ့ကို ဘယ်လိုလဲဟူသော ပုံမျိုးနှင့် လှမ်းကြည့်ရာ မာယာက စကားစလိုက်သည်။
“ အဲဒါက ဒီလိုဝတ်ရည်ရဲ့၊ ဖုတ်ဝင်တယ်ဆိုပြီးပြောကြတာရဲ့ ၉၉ရာခိုင်နှုန်းလောက်က တကယ့်တကယ် ဘာဖုတ်မှ ဝင်တာမဟုတ်ပဲ။ စိတ်ရောဂါဖြစ်တာ၊ ဒါမှမဟုတ် တခြားရောဂါတစ်ခုခုကြောင့် အပြုအမူတွေ ပြောင်းလဲသွားတာများတယ်။ နေ့လည်နေ့ခင်း အပူရှိန်မြင့်တဲ့အချိန် ရောဂါကြောင့် နွမ်းနယ်ပြီးမလှုပ်နိုင်ပေမယ့်၊ ညဘက် အပူရှိန်လျော့လာတော့ သက်သာလာပြီး ဆာလို့ ရှာဖွေစားကြတာလည်း ရှိရဲ့။ တချို့ကျ စားပြီးသားကို မမှတ်မိပဲ ထပ်ခါထပ်ခါ အများကြီး စားတာမျိုး။ တချို့ကျ မိသားစုက သေချာဂရုမစိုက်ပဲ ပစ်ထားလို့ ဒေါသနဲ့ အပြုအမူကြမ်းတမ်းတာမျိုးတွေ ရှိတယ်။ တကယ့်ဖုတ်ဆိုတာကျ ပြိတ္တာတစ်မျိုးပဲ။ ဂြိုဟ်သားကားတွေထဲက ဂြိုဟ်သားကပ်ပါးကောင်လိုပဲ။ လူကိုယ်ထဲ ရောက်သွားရင် သူက သူစားချင်တာနဲ့ လက်ခံထားတဲ့လူကို တစ်ခုပြီး တစ်ခုစားခိုင်းတော့တာပဲ။ ဒါပေမယ့် သူက ပြိတ္တာဆိုတော့ ဟိုလူဘယ်လောက်စားစား၊ သူ့မှာ မဝရေစာပဲရတယ်။ ဟိုလူခမျာ အစားတွေလွန်ပြီး တစ်ခုမဟုတ်တစ်ခုဖြစ်တော့တာပေါ့”
“ မမာယာဥပမာပေးတာ မိုက်တယ်။ ဂြိုဟ်သားကပ်ပါးကောင်ဆိုတော့ ဝတ်ရည်တို့ တန်းပြီး မြင်သွားတော့တာပဲ။ အဲဒီ ဂြိုဟ်သားဆိုတာရော တကယ်ရှိတာလား”ပန်းဝတ်ရည်က ထပ်မံစပ်စုပြန်သည်။
“ အဲ့ဒီ ဂြိုဟ်သားလို့ပြောကြတာတွေက နတ်တို့၊ ဘီလူးတို့၊ နဂါးတို့၊ ဂဠုန်တို့၊ တချို့တန်ခိုးရှိတဲ့ ပြိတ္တာဘုံသားတွေတို့ကို လူတွေက အကြောင်းတိုက်ဆိုင်လို့မြင်သွားပြီး ပြောကြတာ။ သိပ္ပံရုပ်ရှင်တွေထဲမှာကျ ပြောင်းပြန်၊ နည်းပညာမြင့်တဲ့ ဂြိုဟ်သားတွေကို လူတွေက နတ်တွေဆိုပြီး ကိုးကွယ်ကြတယ်ဆိုပြီး ရိုက်ပြတတ်ကြတယ်။ တချို့နတ်တွေ ပြိတ္တာတွေက သူတို့ရဲ့ ဗိမာန်တွေနဲ့ စကြာဝဠာထဲမှာ လျှောက်သွားနေတတ်ကြတယ်။ တနည်းအားဖြင့် ယာဉ်ပျံပေါ့နော်။ အဲ့တာကမ္ဘာမှာတစ်နှစ်က ဘယ်ဂြိုဟ်မှာ အချိန်ဘယ်လောက်ဆိုပြီး ပြောကြတယ်မဟုတ်လား။ လူ့အနှစ်ငါးဆယ်က စတုမဟာရာဇ်ဘုံသားတွေအတွက် တစ်ရက်၊ လူ့အနှစ်တစ်ရာက တာဝတိံသာ တစ်ရက်၊ အဲ့လိုမျိုးတွေက ဟိုးရှေးခေတ်ကတည်းက လူတွေသိခဲ့ကြတာပေါ့”
“ ခေတ်သိပ္ပံနဲ့ ရတုတို့ရဲ့ အစဉ်အလာယုံကြည်မှုတွေက သွားကိုက်ညီနေတာတွေပေါ့နော်”
“ အဲ့ဒါဆို မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိတာပေါ့နော်” ပန်းဝတ်ရည်က ထပ်မေးပြန်သည်။
“ အဲဒါတော့ သေချာမသိဘူး။ နေက မြင်းမိုရ်တောင်ကို လှည့်ပတ်နေတယ်ဆိုထားတယ်။ သိပ္ပံပညာမှာလည်း နေဟာ နဂါးငွေ့တန်းဂလက်ဆီရဲ့ ဗဟိုကိုလှည့်ပတ်နေတယ်လို့ပြောတယ်။ အဲ့ဒီ ဂလက်ဆီဗဟိုကိုပဲ မြင်းမိုရ်တောင်လို့ တင်စားပြောသလားမသိဘူး။ ဟိုကြယ်စုက ကဏန်းပုံ ၊ ဟိုကြယ်စုက ငါးပုံဆိုပြီး ပြောကြသလိုမျိုးပေါ့။ တာဝတိံသာဆိုတာ ဂလက်ဆီရဲ့ဗဟိုက ဘလက်ဟိုးနဲ့အနီးဆုံး သတ္တဝါတွေနေလို့ရတဲ့ ဂြိုဟ်ကြီးတစ်ခုဖြစ်နိုင်တယ်။ ဘလက်ဟိုးနဲ့နီးလေ အချိန်ကနှေးသွားလေမို့ ဘလက်ဟိုးနဲ့ နည်းနည်းဝေးတဲ့ စတုမဟာရာဇ်တွေက လူသက်နှစ်ငါးဆယ်မှာ စတုမဟာရာဇ်တစ်ရက်၊ ပိုနီးသွားတဲ့ တာဝတိံသာမှာ လူသက်နှစ်တစ်ရာက တာဝတိသာတစ်ရက်ပဲရှိသေးတာ။ တခြားနတ်တွေ၊ ဗြဟ္မာဆိုတာတွေက ဂြိုဟ်မှာမနေပဲ၊ သူတို့ ယာဉ်ပျံအုပ်စုနဲ့သူတို့ အာကာသထဲမှာ နေကြတာ။ အဲလိုဖြစ်နိုင်တယ်”
“ သူတို့ကို လူတွေက ဘာလို့မမြင်ရတာလဲ”
“ လူ့မျက်လုံးရဲ့ မြင်နိုင်စွမ်းက အများကြီးအကန့်အသတ်ရှိတယ်လေ မြတ်နှင်းရဲ့။ အရာဝတ္ထုတစ်ခုအပေါ် အလင်းကရိုက်ခတ်ပြီး အဲ့ဒီအလင်းက မျက်လုံးဆီ အလင်းပြန်လာတာကိုမှ၊ အဲ့ဒီအလင်းတွေထဲက လှိုင်းအလျား အနည်းစုကိုပဲ လူ့မျက်လုံးက မြင်နိုင်တာ။ ဖောက်မြင်နိုင်တဲ့ မှန်တစ်ချပ်ကို မျက်နှာပြင်ကြမ်းအောင် ပွတ်တိုက်ပေးလိုက်တာနဲ့တင် အလင်းပြန်မှုတွေ ကမောက်ကမဖြစ်ပြီး လူ့မျက်လုံးက ဖောက်မမြင်နိုင်တဲ့ မှန်အနောက်ဖြစ်သွားရော။ အဲ့မှန်ကို ရေစွတ်လိုက်ရင် ရေက မညီတဲ့မျက်နှာပြင်ကို ညီအောင်ညှိပေးတော့ ပြန်ဖောက်မြင်နိုင်သွားရော။ ဒါတောင် အချပ်လိုက် အပြားလိုက်ကြီး ထိနိုင်ကိုင်နိုင်နဲ့မှန်ပဲ ရှိသေးတာနော်။ မာယာတို့ မထိနိုင်မကိုင်နိုင်မမြင်နိုင်တဲ့ ရုပ်ဝတ္ထုတွေ အများကြီးပဲလေ။ နတ်တို့နာနာဘာဝတို့ဆိုတာတွေရဲ့ ခန္ဓာကိုယ်က လူ့မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရုပ်ဝတ္ထုတွေနဲ့ဖွဲ့စည်းထားလို့ပေါ့”
“ မြင်းမိုရ်တောင်က ပင်လယ်ထဲမှာရှိတာဆို”
“ ကြယ်ပင်လယ်ကြီးတစ်ခု တစ်နည်းအားဖြင့် ဂလက်ဆီတစ်ခုကို ဆိုလိုတာဖြစ်နိုင်တာပဲလေ၊ အဲ့ဒီလို မြင်းမိုရ်တောင်ရယ်၊ တောင်စဉ်ခုနစ်ထပ်၊ သီတာခုနစ်တန်၊ ကျွန်းကြီးလေးကျွန်းရယ်၊ သမုဒ္ဒရာရယ် ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုကို စကြာဝဠာတစ်ခုလို့ ဆိုထားတာကိုး”
“ မမာယာရှင်းပြတာ အရမ်းမိုက်တာပဲ။ ဗဟုသုတအများကြီးရတယ် ဟဲ ဟဲ။ ကျောင်းပြီးရင် ဆရာမလုပ်ပါလား”
သူမ၏မေးခွန်းများကို မာယာက ချက်ကျလက်ကျ ဖြေနိုင်သဖြင့် ပန်းဝတ်ရည် ကျေနပ်သွားလေသည်။
“ ဝီရဆီမှာ စာအုပ်တွေအများကြီးရှိတာကိုး။ သူ့စာအုပ်တွေ အကုန်လျှောက်ဖတ်ထားပြီး ပြန်ဖောနေတာ ဟဲဟဲ”
မာယာက ရယ်ကျဲကျဲနှင့် ပြန်ပြောလိုက်သည်။ အချိန်အတော်ကြာ အကြောင်းအရာပေါင်းစုံ အာလူးဖုတ်ကြပြန်သည်။
အခြားသူများ ပြန်သွားကြသော မာယာနှင့် မြတ်နှင်းဖြူ နှစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ နှစ်ယောက်တည်းကျန်သောအခါ မြတ်နှင်းဖြူသည် မာယာအား နဂိုမူလရုပ်ရည်အတိုင်းနေရန် တောင်းဆိုလိုက်သည်။ မာယာကပြုံးကာခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းပင် အလွန်ချောမောလှပသော ပုံသဏ္ဍာန်သည် သူမရှေ့တွင် ပေါ်လာလေတော့သည်။
အိပ်မက်ထဲမှာထက် အဆပေါင်းများစွာ လှပသော မာယာကိုတအံ့တသြ ငေးကြည့်ရင်း၊ နေထွက်လာသောအခါ လရောင်သည်ကွယ်ပျောက်ရသလို အလှဘုရင်မဘွဲ့ရထားသော သူမ၏အလှသည် ကံစွမ်းနှင့်လှနေသော မာယာ့အလှအောက်တွင် မှေးမှိန်သွားလေသည်။ စိတ်၏ဟိုးအနက်ရှိုင်းဆုံးအတွင်းထဲမှ မနာလိုစိတ်သေးသေးက ဖျတ်ကနဲပေါ်လာမိပြီး ပြန်ပျောက်သွားသည်။
နောက်ရက်များတွင်လည်း သူမစောစောမပြန်ဖြစ်သည့်နေ့ဆို မာယာနှင့်အတူကျန်ခဲ့ကာ မာရီကိုမရှိတော့သည့်နောက်ပိုင်း မာယာ၏ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုဖြစ်ကြလေသည်။ တစ်ရက်စကားပြောနေရင်း မာယာက သူမ၏ပါးကလေးကို ရွှတ်ခနဲ အမှတ်မထင် နမ်းလိုက်လေသည်။ ရင်ထဲလှပ်ခနဲ၊ အေးခနဲဖြစ်သွားသည်။
သူမကလည်းအားကျမခံ မာယာ့ပါးဖောင်းဖောင်းလေးကို ပြန်နမ်းလိုက်သည်။ မာယာက နောက်ပါးတစ်ဖက်ကို နမ်းဖို့ ကြိုးစားသောအခါ သူမကရှောင်ပြီး မာယာ့နောက်ပါးတစ်ဖက်ကို နမ်းကာ ထွက်ပြေးလေသည်။ လိုက်တမ်းပြေးတမ်းကစားရင်း၊ လုံးထွေးလိုက်၊ ဖက်နမ်းလိုက်၊ တခစ်ခစ်ရယ်လိုက်ဖြင့် ဝီရအောင်ပြန်လာသောအသံကြားသောအခါမှပင် မချိုမချဉ်ရုပ်ကလေးများနှင့် ခုံပေါ်တွင် ပြန်ထိုင်ကာ နေကြာစေ့စားနေကြလေတော့သည်။
.......................................................
“ မောင်၊ ဖယ်ဦးလေကွာ။ ဟိုမှာ သူတို့တွေ စာလုပ်ပြီးရင် အဆာပြေစားဖို့ ပြင်နေတာကို”
“ ချစ်နဲ့ လေးရက်လောက်ခွဲနေရတာ အရမ်းလွမ်းနေပြီကွာ”
“ သွားပါ ကိုပို။ အ..”
တံခါးပိတ်ထားသော မီးဖိုခန်းထဲမှ အသံများကြား၍ အိမ်နောက်ဘက်တွင် အိမ်သာဝင်ရန်လာသော မြတ်နှင်းဖြူ၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။ ဝီရအောင်နှင့်မာယာတို့၏ အသံများကြောင့် သူမရင်ထဲဒိတ်ခနဲဖြစ်သွားပြီး ချက်ချင်းပင်အလိုမကျမှု ဆူးလေးတစ်ချောင်း နှလုံးသားထဲ ပေါက်ဖွားလာလေသည်။ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချာခနဲ ပြန်လှည့်ထွက်လာခဲ့လိုက်သည်။ ဘာကိုအလိုမကျသည်လဲ သူမကိုယ်တိုင်လည်း မဝေခွဲတတ်။
“ ဟဲ့ ၊တွိုင်းလက်သွားမလို့ဆို”
စာစုလုပ်နေကြသော စားပွဲတွင် ပြန်ထိုင်လိုက်သော သူမကို ရတုကလှမ်းမေးလိုက်သည်။
“ မအားသေးလို့”
စာဆက်လုပ်နေသော်လည်း စာထဲစိတ်ကလုံးဝမရောက်တော့။ စေ့ပိတ်ထားသော မီးဖိုခန်းတံခါးနှင့် ကြားခဲ့သော စကားများ အာရုံထဲ ရစ်ဝဲနေသည်။ အိပ်ခန်း၏ ထောင့်စွန်းက ကွယ်နေသောကြောင့် သူမတို့ စာလုပ်နေသောနေရာမှကြည့်လျှင်တော့ မီးဖိုခန်းတံခါးကို မမြင်နိုင်ပါပေ။ အတော်ကြာတော့ စားစရာများကို ဗန်းတစ်ခုတွင်ထည့်ကာ အခန်းထောင့်စွန်းမှ မာယာထွက်ပေါ်လာသည်။
“ ကိုဝီရရေ၊ စာလုပ်လို့ပြီးပြီ၊ မုန့်အတူတူလာစားဦးလေ”
ပန်းဝတ်ရည်က အာပြဲနှင့် အော်ခေါ်လိုက်သည်။ စာအုပ်တစ်အုပ်ကိုကိုင်ကာ ဟန်မပျက်ထွက်လာသော ဝီရအောင်ကို အမြင်ကတ်မိသည်။
“ သိပ်ဟန်ဆောင်ကောင်းနေတယ်ပေါ့လေ။ လူကြည့်တော့ ရိုးသလိုလို၊ အသလိုလိုနဲ့။ ကုပ်ကမြင်းကြီး။ ဟွန့်”
သူမစိတ်ထဲမှ ရေရွတ်နေမိလေတော့သည်။
......................................................................
ဒုတိယစာသင်နှစ်၏ နှစ်ဝက်ပင် ကျော်လွန်လာခဲ့သည်။ သူမတို့ သူငယ်ချင်းတစ်စု၏ သံယောဇဉ်များလည်း ပိုမိုနက်ရှိုင်းလာသည်။ အထူးသဖြင့် မာယာနှင့် ဝီရအောင်ကို သူမပို၍ သံယောဇဉ်တွယ်မိသည်။ ရေစက်ဆိုသည်များကြောင့် ဖြစ်မည်ထင်ပါသည်။ ရတုနှင့် ကိုကျော်စွာက တရားဝင်ချစ်သူတွေဖြစ်သွားကြသည်။ ပန်းဝတ်ရည်ကတော့ ဒီနှစ်ထဲ ရည်းစားမရရအောင်ထားမည်ဟု ကြိမ်းဝါးလျက်ရှိလေသည်။ ယောက်ျားလေးနှစ်ယောက်ကတော့ ခုထိ ဟေးလားဝါးလားလုပ်လို့ကောင်းတုန်း။ ရည်းစားလည်းမထားကြရာ နင်တို့နှစ်ကောင်ကြိုက်နေကြတာလားဟု ပန်းဝတ်ရည်က မကြာခဏစတတ်လေသည်။ အားလုံးကန်တင်းတွင်လူစုံကြစဉ် ရတုက
“ ဟဲ့ မြတ်နှင်း။ နင့်မွေးနေ့နီးပြီမဟုတ်လား။ ဘာအစီအစဉ်ရှိလဲ”
“ ဘာမှမစဉ်းစားရသေးဘူး”
“ ဟော့ပေါ့စားကြမလား။ ဒီခေတ်က ဟော့ပေါ့ခေတ်လေ။ ကိုယ့်ဘာသာလုပ်စားရအောင်။ အဲ့ဒါဆို တဝတပြဲ စိတ်ကြိုက်ဆွဲလို့ရတယ်”ဝတ်ရည်က စကားဝင်ထောက်သည်။
“ ဘယ်မှာလုပ်စားကြမလဲ”
“ ကိုဝီရအိမ်ပေါ့”
“ နင်တို့ကလည်း ကိုဝီရကိုပဲ ညှဉ်းနေတာပဲ” မြတ်နှင်းက အားနာစွာပြောလိုက်သည်။
“ အမလေးဟယ်၊ ကာယကံရှင်ကတောင် ဘာမှမပြောဘူး။ ရတယ်မဟုတ်လား ကိုဝီရ”
“ ရ ရ ရပါတယ်”
ထို့နောက် ဟိုလူက ဟိုဟာဝယ်၊ ဒီလူက ဒီဟာသယ်နှင့် အသေးစိတ်အစီအစဉ်များကို အကြေအလည်ဆွေးနွေးပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းလိုက်လေသည်။
....................................................................................
မြတ်နှင်း၏ မွေးနေ့မနက်ပိုင်းတွင် အရုဏ်ဆွမ်းလောင်းပြီး၊ အဖေ၊ အမေတို့နှင့်အတူ ဘုရားတက်ကြသည်။ ဘုရားကအပြန်တွင် လက်ဘက်ရည်ဆိုင်ကြီးတစ်ခုတွင် မနက်စာဝင်စားကြသည်။ ဤသည်က သူမတို့ မိသားစု၊ မိသားစုဝင်တစ်ဦးဦး၏မွေးနေ့တိုင်း ပြုနေကြဖြစ်သည်။ ဘုရားကပြန်ရောက်ပြီး ခဏနားကာ ရေမိုးချိုး၊ ပြင်ဆင်ပြီးနောက် သူငယ်ချင်းများနှင့် ချိန်းထားသော ဝီရအောင် အိမ်သို့ ထွက်ခဲ့လေသည်။
“ ဆယ့်ရှစ်နှစ်ပြည့်ပြီး အခုမှ တရားဝင် လူကြီးဖြစ်သွားတဲ့ ချိမအတွက် ချီးယား”
ဘီယာခွက်ကို မြှောက်ကာ ဘုန်းမင်းခန့်က အော်လိုက်သည်။ ယောကျာ်းလေးများက ဘီယာခွက်များ၊ မိန်းကလေးများက စပိုင်ပုလင်းများကို မြှောက်ပြီး တိုက်လိုက်ကြလေသည်။
“ ဒီလောက်ပူတဲ့ နေ့ခင်းကြီးမှာ ဟော့ပေါ့စားရတယ်လို့ဟယ်။ ငါတို့မတွေးလိုက်မိဘူး”
ထွဋ်မြတ်သော်တာက အခုမှ နောင်တရဟန်ဖြင့် ညည်းလိုက်သည်။
“ ဟဲ့ မစားချင် မစားနဲ့။ ဘယ်သူမှရိုက်မကျွေးဘူး”
“ အပူရှပ်သေချင်သေ တန်အောင်တော့စားရမှာပဲ”
“ နင်ပဲအပူရှပ်နေလိုက်”
“ နင်ကူညီမှဖြစ်မှာပေါ့ဟ”
“ သေလေ၊ သေချင်းဆိုး ကာလနာ”
ပေါက်ကရများပြောရင်း သူမ၏မွေးနေ့စားပွဲလေးမှာ ပျော်ရွှင်စရာအတိဖြစ်သည်။ ဝီရအောင်၏ ဖုန်းကအသံမြည်လာသည်။ ဝီရအောင်က စပီကာဖွင့်လိုက်သည်။
“ ကျ ကျ ကျော်စွာ၊ ပ ပ ပ ပြော”
“ ဟေး ၊ ကုန်ပြီလား။ ကိစ္စရှိလို့နောက်ကျနေတာ”
“ ကိုရေ၊ မြန်မြန်လာခဲ့၊ ကုန်တော့မယ်” ရတုက လှမ်းအော်လိုက်သည်။
“ ကိုရေ ဘီယာနဲ့စပိုင်လေးတွေရော၊ အမြည်းလေးတွေရော ထပ်ဝယ်ခဲ့ပါဦးနော်”
“ ကိုရေ။ လမ်းသေချာကြည့်လာနော်။ ခွေးချေးနင်းမိမယ်”
“ ကိုရေ၊ ကိုယ်ချည်းပဲ မလာနဲ့။ ကြောက်တတ်လို့။ ခေါင်းပါယူလာခဲ့နော်”
ရတု၏လေသံကို တုပြီးတစ်ယောက်တစ်ပေါက် ဝိုင်းနောက်ကြလေသည်။
ကျော်စွာလာတော့ ပွဲပိုစည်သွားသည်။ မိန်းကလေးများလည်း စပိုင်နဲ့အားမရတော့။ ဘီယာများပါ ဝင်သောက်ကြသည်။ မူးလာကြတော့ ပိုပြီးဆူညံပွက်လောရိုက်နေကြတော့သည်။ စားရင်းသောက်ရင်း မြတ်နှင်းကို မွေးနေ့လက်ဆောင်များ ပေးကြသည်။ စားသောက်ပြီးသွားတော့ တစ်နေရာရာသွားကြရန် တိုင်ပင်ကြသည်။ နေပူတယ်မထွက်ချင်ဘူးဟု အများစုက ကန့်ကွက်ကြသည်။
ထို့ကြောင့် လက်ကျန်ဘီယာများသောက်ရင်း အိမ်မှာပဲ ဂိမ်းကစားကြရန် ဆုံးဖြတ်လိုက်သည်။ အားလုံး၏ သဘောတူညီမှုအရ ပုလင်းလှည့်တိုင်းကစားကြရန် ဆုံးဖြတ်လိုက်ကြသည်။ စာရွက်ပိုင်းများပြုလုပ်ကာ အားလုံးကို ဝေလိုက်သည်။ လုပ်ခိုင်းချင်သည်များကို စာရွက်ပိုင်းပေါ်ချရေးကြသည်။
“ တစ်ယောက်ရေးတာ တစ်ယောက်မကြည့်နဲ့နော်။ အာ့တာမှ ပျော်ဖို့ကောင်းမှာ။ မတရားပေါက်ကရကြီးတွေတော့ မလုပ်ခိုင်းကြနဲ့နော်။ အကောင်တွေ”
ဘုန်းမင်းခန့်နှင့် ထွဋ်မြတ်သော်တာတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဟီးဟီးဟားဟားလုပ်နေသည်ကို ကြည့်ပြီး ဝတ်ရည်က အော်ပြောလိုက်သည်။ ဟိုနှစ်ကောင်က သူမကို လှည့်ပင်မကြည့်ပေ။ အားလုံးရေးပြီးသွားတော့ လိပ်ပြီး ခွက်တစ်ခုထဲစုထည့်ကြသည်။
“ မဲထဲကဟာကို မလုပ်နိုင်ရင် ပုလင်းလှည့်တဲ့သူက မေးခွန်းတစ်ခုမေးခွင့်ရှိတယ်။ အဲ့မေးခွန်းကို အမှန်အတိုင်းဖြေရမှာနော်” ဝတ်ရည်က ထပ်ပြောလိုက်ပြန်သည်။
“ ဟုတ်ပါပြီ ဆရာမရယ်” ဘုန်းမင်းခန့်က အငေါ်တူးလိုက်သည်။
ရတုကခွက်ထဲမှ မဲများကိုမွှေနှောက်လိုက်သည်။ ထို့နောက် အားလုံးဝိုင်းထိုင်လိုက်ကြပြီး စပိုင်ပုလင်းလွတ်တစ်လုံးနှင့် မဲထည့်ထားသောခွက်ကို အလယ်မှာ ထားလိုက်သည်။
“ ကဲ၊ ဘယ်သူစလှည့်မလဲ” ကျော်စွာက မေးလိုက်သည်။
အားလုံးက လက်ထောင်ကြသည်။ ဘုန်းမင်းခန့်က
“ သားကိုရွေး၊ သားကိုရွေး” ဟု ထအော်သည်။
“ ဟုတ်ပါပြီ၊ သားပဲ စလှည့်လိုက်”
“ ရေး”
အလယ်မှ ပုလင်းသည် ချာချာလည်သွားပြီး တဖြည်းဖြည်း နှေးလာကာ ထွဋ်မြတ်ဆီတွင် ရပ်သွားသည်။ ထွဋ်မြတ်က ဘုန်းမင်းခန့်ကို နားရင်းအုပ်လိုက်ပြီး
“ အရင်းကြီးက သစ္စာဖောက်တယ် ဟုတ်လား”
“ ဟ၊ ငါဘယ်သိမလဲဟ။ ပုလင်းက သူ့ဘာသာသူရပ်တဲ့ဟာ”
မျက်နှာရှုံမဲ့မဲ့နှင့် မဲခွက်ထဲမှ မဲလိပ်တစ်လိပ်ကို နှိုက်လိုက်သည်။
“ ဟာ၊ ဗလာကြီးဟ”
“ ဟဲ့ လူလည်မကျနဲ့၊ ဘယ်ကဗလာမှမပါဘူး။ မင်းခန့်ဘာရေးထားလဲ ကြည့်လိုက်စမ်း”
ထွဋ်မြတ်လက်ထဲမှ မဲစာရွက်ကို လုယူလိုက်ပြီး ဘုန်းမင်းခန့်က အော်ဖတ်လိုက်သည်။
“ ဆက်စီအက ကပြပါ” တဲ့။
“ က.. က.. က.. က..”
အားလုံးက လက်ခုပ်တီးပြီး ဝိုင်းအော်ကြသည်။ ထွဋ်မြတ်လည်း ရုပ်ကြမ်းကြီးနှင့် ကပြရလေတော့သည်။ ထို့နောက် ပုလင်းကို ထိတယ်ဆိုရုံလေးထိကာ ဘုန်းမင်းခန့်ဆီ ပုလင်းလည်သွားရန်လုပ်လိုက်သည်။
“ ဟေ့ရောင် အဲ့လိုရမလား။ အနည်းဆုံး ပုလင်းတစ်ပတ်လည်ရမယ်၊ ပြန်လှည့်”
အလှည့်တော်တော်များများဆော့ပြီးကြပြီး ဘုန်းမင်းခန့်လှည့်လိုက်သော ပုလင်းက ဝတ်ရည်အလှည့်ကျသွားကာ ကင်းမြီးကောက်ထောင်ခိုင်းသော မဲကျသည်။ ဝတ်ရည်က ဒူးဝဲစကပ်ကားကားလေးနှင့်ဖြစ်ရာ မျက်နှာရှုံ့မဲ့သွားသည်။ ဟိုသကောင့်သားနှစ်ကောင်က ဝမ်းသာအားရ လက်ခုပ်ထတီးကြသည်။
“ အာ့ကြီးက ငါဘယ်လိုလုပ်လုပ်မှာလဲ၊ တခါထဲမှပဲ”
“ ဟဲ့ မလုပ်နိုင်ရင် မေးခွန်းဖြေရမယ်” ဘုန်းမင်းခန့်က ညစ်ကျယ်ကျယ်ပြောလိုက်သည်။
“ ဖြေမယ်ဟာ ဖြေမယ်ကဲ”
ထွဋ်မြတ်နှင့် နှစ်ကောင်သား ခေါင်းချင်းဆိုင်သွားကြပြန်သည်။ ထို့နောက် ပြုံးဖြီးဖြီးနှင့်
“ masturbation ဘယ်အရွယ်က စလုပ်ဖူးလဲ”
“ ဟဲ့၊ သေနာကောင်၊ အယုတ်တမာ။ အဲ့ဒါနင်မေးစရာလား”
“ အေးလေဟယ်၊ မင်းခန့် တခြားပြောင်းမေး” ရတုက ဝင်ပြောသည်။
“ မရဘူးအဲ့ဒါပဲမေးမှာ။ မဲကျတာလဲမလုပ်ထားဘူး။ မေးခွန်းကိုဖြေရမှာပဲ။ စည်းကမ်းကစည်းကမ်းပဲ”
“ စောက်ကောင်ညစ်စုတ်”
တခြားသူများကလည်း မေးခွန်းပြောင်းမေးရန်ပြောကြသော်လည်း ဘုန်းမင်းခန့်က ခေါင်းမာမြဲမာဆဲ။ နောက်ဆုံး ဝတ်ရည်က မျက်နှာရဲရဲလေးနှင့်
“ ဖြေမယ်ဟာ၊ ဘာဖြစ်လဲ။ ဒီခေတ်ကြီး ဒါဘာမှဆန်းတာမှ မဟုတ်တာ”
“ ဒါမှပေါ့၊ အားလုံး ကိုယ့်အချင်းချင်းတွေချည်းပဲဟာ ဟဲ ဟဲ ဟဲ”
“ ရှစ်တန်းတုန်းက” ဝတ်ရည်က အသံတိုးတိုးလေးနှင့် ဖြေလိုက်သည်။ ဟိုအကောင်တွေ ဝိုးတွေ ဝေါင်းတွေဖြစ်ကုန်သည်။ ဆက်ကစားကြတော့ ဝီရအောင်တစ်ယောက် ကင်းမြီးကောက်ထောင် လိုက်ရသည်။ မာယာက ဖားခုန်ခုန်ရင်း စကပ်ကိုပြန်နင်းမိကာ လဲကျသေးသည်။ ကျော်စွာက ဘီယာတစ်ဘူးကို non-stopမော့လိုက်ရသည်။ ရတုမဲကျသောအခါ
“ နို့ညှစ်ပြပါ”
“ ဟဲ့နှာဘူးအကောင်တွေ၊ နင်တို့လက်ချက်ပဲမဟုတ်လား”
ဟိုနှစ်ကောင်က တဟဲဟဲနှင့်။ ရတုက ဉာဏ်ကောင်းသည်။ ကျော်စွာ့ရင်ဘတ်ကို သွားကာညှစ်လိုက်လေသည်။
“ ဟဲ့၊ အဲ့လိုမရဘူးလေ” ထွဋ်မြတ်ကထအော်သည်။
“ ဘာလို့မရရမှာလဲ၊ ဘယ်သူ့ဟာလို့မှ မပြောထားတာ”
“ အော်၊ နင်ကအဲ့လိုကြေးလား။ ရတယ်။ အဲ့မဲငါကျလို့ကတော့ နင်မလွယ်ဘူးမှတ်”
“ ရမလား။ ငါ့ကိုကိုရှိတယ်။ နင့်မျက်ခွက်စုတ်သွားမယ်”
“ အားကိုးရှိတော့လုပ်ပေါ့ဟာ”
ရတုက ကျော်စွာ့ပါးကို အားလုံးရှေ့မှာပဲ ရွှတ်ခနဲ နမ်းလိုက်သည်။ ရတုလှည့်လိုက်သော ပုလင်းက မြတ်နှင်းဆီ ကျလာသည်။ မြတ်နှင်းမဲလိပ်တစ်လိပ်ကိုနှိုက်ကာ ဖွင့်ကြည့်လိုက်သည်။
“ လူတစ်ယောက်ကို နမ်းပါ”
“ ဝေး ဟေး ဟေး၊ သားကိုရွေး၊ သားကိုရွေး” ဘုန်းမင်းခန့်က ထအော်ပြန်သည်။
“ မနမ်းရင် မေးခွန်းဖြေရမှာနော်။ ဟဲ ဟဲ ဟဲ”
.................................................
အပိုင်း ( ၈ ) ဆက်ရန် >>>>>>
No comments:
Post a Comment